Saturday, March 10, 2012

နိုင်ငံတကာ အမျိုးသမီး ရဲစွမ်းသတ္တိရှင်ဆု မြန်မာနိုင်ငံက မဇင်မာအောင် ရရှိ

၂၀၁၂ နိုင်ငံ တကာ အမျိုးသမီး ရဲစွမ်းသတ္တိရှင် အတွက် ဆုချီးမြှင့်ခံရတဲ့ အမျိုးသမီး၁၀ဦးမှာ  မြန်မာနိုင်ငံက ၈၈မျိုးဆက်ကျောင်းသူ/နိုင်ငံရေးအကျဉ်းသူဟောင်း မဇင်မာအောင် လဲ ပါဝင်ခဲ့ပါတယ်။ အမျိုးသမီးများနေ့ ဖြစ်တဲ့ မတ်လ(၈)ရက်နေ့ မှာ အဆိုပါ ဆုပေးပွဲ အခမ်းအနားကို အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီ မှာ ကျင်းပခဲ့ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton နဲ့  အမေရိကန် သမ္မတကတော် Michelle Obama တို့  တက်ရောက်ခဲ့ ကြပါတယ်။

ဆုပေးပွဲစင်မြင့်မှာ ဆော်ဒီအာရေဗျ၊ လစ်ဗျား၊ အာဖဂန်နစ္စတန်၊ ဘရာဇီးလ်၊ကိုလံဘီယာ၊ မဲလ်ဒါးဗစ်၊ ပါကစ္စတန်နဲ့ တူရကီနိုင်ငံ စတဲ့ နိုင်ငံတွေ က အမျိုးသမီးတွေနဲ့  အတူ မြန်မာအမျိုးသမီးတစ်ဦး ကို ယှဉ်တွဲ မြင်တွေ့ ရတာ အင်မတန်မှ ဂုဏ်ယူစရာကောင်းလှပါတယ်။


အဆိုပါဆု ကို ၂၀၀၇ ခုနှစ် မှာ စတင်ချီးမြှင့်ခဲ့ပြီး၊ အခုအချိန်အထိ နိုင်ငံပေါင်း ၃၄ နိုင်ငံက အမျိုးသမီးပေါင်း ၄၆ ဦးကို ဆုချီးမြှင့်ခဲ့ပြီးဖြစ်ပါတယ်။ ဆုရရှိသူ အမျိုးသမီးများဟာ အမေရိကန် နိုင်ငံအတွင်းရှိ မြို့ ကြီး ၁၀ မြို့  ကို သွားရောက် လည်ပတ်လေ့လာခွင့် ရမှာဖြစ်ပြီး၊ နိုင်ငံတကာ ခေါင်းဆောင်မှု အစီအစဉ်၊ အမေရိကန်မှ တက်ကြွလှုပ်ရှားသူများနှင့် တွေ့ ဆုံမှု အစီအစဉ်များမှာ ပါဝင်သွားကြမယ်လို့ သိရပါတယ်။


မဇင်မာအောင် ဟာ ၁၉၉၀ ပြည့်နှစ်ရွှေးကောက်ပွဲမှာ အနိုင်ရတဲ့ ပါတီ ကို အာဏာလွဲပြောင်းပေးဖို့  စာရေးသားတောင်းဆိုမှုကြောင့် အသက် ၂၂ နှစ် အရွယ်မှာ ထောင်ဒဏ် ၁၁ နှစ်
ချမှတ်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။ အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာပြီးနောက်ပိုင်း နိုင်ငံရေးအကျဉ်းသူဟောင်းများနှင့် အတူ လက်တွဲ လုပ်ကိုင်ခဲ့ပြီး၊ လူ့ အခွင့်အရေးလှူပ်ရှားသူများအား ပညာပေးခြင်း၊ အမျိုးသမီးလူ့ အခွင့်အရေးအဖွဲ့ တစ်ဖွဲ့ ကို ပူးတွဲတည်ထောင် ကာ၊ တိုင်းရင်းသားအရေးတွင်လည်း ပါဝင်ဆောင်ရွက်နေကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့   ကြေငြာချက်မှာ ဖော်ပြထားပါတယ်။ 
    
ဖိနှိပ်မှုတွေ၊ သတင်း အမှောင်ချမှုတွေ ကြောင့် နိုင်ငံတကာမှာ နာမည်ဆိုးနဲ့   ကျော်ကြားခဲ့တဲ့ မြန်မာအစိုးရ ခေတ်အဆက်ဆက်မှာ စနစ်ဆိုး တစ်ခု ကို တွန်းလှန်ရင်း လူမသိ၊ သူမသိ ကျဆုံးသွားရတဲ့ အမျိုးသမီးတွေ အမြောက်အများရှိခဲ့တာ အားလုံးအသိပါ။ ဆုရရှိတဲ့ မဇင်မာအောင်ရဲ့  နံဘေးမှာ မစုစုနွေးတို့ ၊မနီလာသိန်းတို့ ၊ နန်းချန်တောင်းတို့  စတဲ့ မြန်မာ့အရေးအတွက် ကိုယ်ကျိုးစွန့် ပြီး လှုပ်ရှားနေတဲ့ မြန်မာအမျိုးသမီးတွေ ကို စိတ်ကူးနဲ့  ထည့်သွင်းမြင်ယောင်မိတဲ့ အခါ၊ ဆုပေးပွဲ စင်မြင့်ကြီးဟာ မြန်မာ အမျိုးသမီးတွေနဲ့  ပြည့်လို့ သွားခဲ့ပါတယ်။
  
မဇင်မာအောင်လိုပဲ မတရားဖိနှိပ်ချုပ်ချယ်မှုတွေ ကို တွန်းလှန်ပြီး၊ အများအကျိုးအတွက် ရဲစွမ်းသတ္တိရှိရှိနဲ့  တိုက်ပွဲဝင်နေ တဲ့   ကျောင်းသူတွေ..
                      နိုင်ငံရေးအကျဉ်းသူတွေ..
                           တိုင်းရင်းသူတွေ...
                                လူမသိ၊ သူမသိ ကျဆုံးသွားရတဲ့ အမျိုးသမီးတွေ...
                                                            အားလုံး.. ကို လေးစားစွာ ဦးညွတ်လျှက်...... 
                                                                                                                 မစုဥာဏ်

မဇင်မာအောင် ကို ဆုချီးမြင့်စဉ် (ဗီဒီယို)  

RFA နှင့် အင်တာဗျူး(ဗီဒီယို) 

No comments:

Post a Comment

ဖတ်ပြီးရင် မှတ်ချက်ပေးသွားဖို့  ဖိတ်ခေါ်ပါတယ်။