Wednesday, January 23, 2013
ကိုမင်းကိုနိုင်ရေးတဲ့ "လူစိမ်းကား"
facebook မှာတွေ့ ရတဲ့ ကိုမင်းကိုနိုင်ရဲ့ ကဗျာလေးကို ဖတ်ရတော့ မျက်ရည်ဝဲမိပါတယ်။
မြန်မာပြည်မှာ  နိုင်ငံရေး အခြေအနေတွေ ကြောင့် ကျောင်းသားအရွယ်မှာ စာသင်ခန်းနဲ့ ဝေး၊ ချစ်ခင်သူတွေ နဲ့ ဝေးခဲ့ရတဲ့ သူရဲကောင်းတွေ ရဲ့ ပေးဆပ်မှု က အံ့မခန်းပါ။
ချစ်သူနဲ့ ဖူးစာမဆုံပဲ၊ ချစ်ကံခေခဲ့ရတဲ့  ကိုမင်းကိုနိုင်တစ်ယောက်
             ပြည်သူလူထု ရဲ့  နွေးထွေးတဲ့ မေတာ နဲ့ အသည်းဒဏ်ရာလေး ကုစားနိုင်ပါစေ လို့ ...
                                                                                                    မစုဥာဏ်
ဂျိုင်းထောက်နဲ့ ဂီတာကို ကိုင်ဆွဲ ကာ အိပ်မက်ကို အကောင်ထည်ဖော်ခဲ့တဲ့ မီလာနျမ်း
“ ပြောင်းလဲယူလို့ မရတဲ့ မသန်စွမ်းမှု အတွက် ၀မ်းနည်း ကြေကွဲ နေမယ့် အစား၊ သင့်မှာ ရှိတဲ့ သန်စွမ်းမှုတွေ၊ အရည်အချင်းတွေ ကို သုံးပြီး အိပ်မက်တွေ ကို အကောင်ထည် ဖော်လိုက်ပါ ဆိုတဲ့ စကားကို ကိုယ်တိုင် ကျင့်သုံးပြီး အမေရိကန် ပြည်ထောင်စုရဲ့ ၈ီတလောကထဲ ထိုးဖောက်လာတဲ့ အသက် ၂၂ နှစ်အရွယ်ရှိ ချင်းတိုင်းရင်းသူ မီလာနျမ်း ဟာ စိတ်ဝင်စားစရာ၊အတုယူစရာ တွေနဲ့  ပြည့်နေတဲ့ ကြယ်တစ်ပွင့်ပါ။
 မီလာဟာ ဂျိုင်းထောက်တွေ ကို အမှီပြုပြီး လမ်းလျှောက်ရတဲ့ ဘ၀ အတွက် ငိုကြွေးဝမ်းနည်းမနေပဲ၊ သူဖြစ်ချင်တဲ့ အိပ်မက်တွေ အတွက် ကြိုးစားခဲ့လို့ အခုတော့ အောင်မြင်မှု အသီးပွင့်တွေ ကို စတင်ခံစားရပါပြီ။ ဇန်န၀ါရီလ အစောပိုင်းက အမေရိကန်ပြည်ထောင်စုရှိ Tate Music Group က မီလာကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဆိုထားတဲ့ Country သီချင်း ၈ ပုဒ် ပါတဲ့ “GONE”  စီးရီးခွေ ကို စတင်ဖြန့် ချီလိုက်ပါပြီ။ Itunes, Amazon နဲ့ Tate Publishing စတဲ့ အွန်လိုင်းတွေ မှာ လဲ ၀ယ်ယူလို့ ရနေပါပြီ။
ဒီပုံလေးပို့ ပေးတဲ့ မီလာနျမ်း ကို ကျေးဇူးတင်ပါတယ်။ 
 မီလာ့ ကို ကျွန်မ စတင်သတိထားမိပုံက ဒီလိုပါ။
၂၀၁၂ ဒီဇင်ဘာလ အတွင်း အမေရိကန်ပြည်ထောင်စု ရဲ့  မူလတန်းကျောင်း တစ်ခုဖြစ်တဲ့ Sandy Hook ကျောင်းမှာ သေနတ်သမား တစ်ဦး က ၀င်ရောက် ပစ်ခတ်သွားတဲ့ အတွက် အပြစ်မဲ့ ကလေးတွေနဲ့  ၀န်ထမ်းတွေ သေဆုံးခဲ့ရတာ ကို ကြားမိ၊ ဖတ်မိကြမှာပါ။ အဲဒီ အဖြစ်ဆိုးကြီးအပြီး အမေရိကန်ပြည်ထောင်စု ရဲ့  ရေဒီယို၊ ရုပ်မြင်သံကြားနဲ့  သတင်းစာတွေ မှာ  Sandy Hook ကျောင်းလေးရဲ့ အကြောင်း၊ သေဆုံးသူတွေ ရဲ့ အကြောင်း၊ မိသားစုဝင်တွေရဲ့  ၀မ်းနည်းပူဆွေးဖြစ်ရမှုတွေ အကြောင်း ကို မပြတ်ဖော်ပြနေတဲ့ အချိန်၊ 88.1 FM ရေဒီယို အစီအစဉ် ကနေ ပြီး “Heaven” (နိဗ္ဗာန်ပုံ) ဆိုပြီး သီချင်းတစ်ပုဒ် လွှင့်ပေးပါတယ်။ သီချင်းသံက ဆွေးဆွေးမြေ့မြေ့၊ ခံစားမှု အပြည့်နဲ့ အတော်လေး ကို ဆွဲဆောင်မှုရှိပါတယ်။ သူ့ အသံအေးအေးလေးနဲ့  လိုက်ဖက်တဲ့ စာသားတွေ ကြောင့် သဆုံးသွားတဲ့  ကလေးတွေ ပုံ ကို မြင်ယောင်ပြီး တော်တော် စိတ်မကောင်းဖြစ်ရပါတယ်။ အဲဒီ သီချင်းကို ကိုယ်တိုင် ရေးဆိုထားတဲ့ အမျိုးသမီးဟာ မြန်မာပြည်ဖွား ချင်းတိုင်းရင်းသူလေး ဖြစ်တယ် ဆိုတာကို ကြေငြာသူက ပြောလိုက်တဲ့အခါ ကျွန်မ တအံ့တသြဖြစ်သွားပါတယ်။ (ဗမာပြည်ကနေ  အမေရိကန်ပြည်ထောင်စု ကိုပြောင်းရွှေ့  လာတဲ့ သူတွေ၊ ဒုက္ခသည်တွေ အကြောင်း မကြာခန ဆိုသလို သတင်းဆိုးတွေ သာ ကြားရလေ့  ရှိတာကြောင့်) အခုလို အမေရိကန်ပြည်ထောင်စုတခွင် ၀မ်းနည်းပူဆွေးနေချိန်မှာ ကိုယ့်နိုင်ငံ က တိုင်းရင်းသူတစ်ဦး ကလည်း တတ်စွမ်းသမျှ ပါဝင်ဆောင်ရွက်နေတာ ကြားရတော့ ၀မ်းသာဂုဏ်ယူမိပါတယ်။ မီလာရဲ    Heaven သီချင်းကို နားထောင်ကြည့်ကြပါဦး။
တကယ်တော့ မီလာဟာ ဂျိုင်းထောက် နဲ့  ဂီတာ ကိုင်ဆွဲပြီး အခက်အခဲတွေ အများကြီး၊ စိန်ခေါ်မှုတွေ အများကြီး ကို အလှဲထိုးခဲ့သူပါ။ ချင်းပြည်နယ်၊ ဟားခါးဇာတိဖြစ်ပြီး၊ ပိုလီယို ရောဂါကြောင့် အသက် ၅ နှစ်အရွယ်ထိ လမ်းမလျှောက်နိုင်ပဲ တွားသွားနေခဲ့ရသူပါ။ တခြား ကလေးတွေ လို ကျောင်းနေခွင့်မရပဲ၊ သူ့ ရဲ့ ကလေးဘ၀ ကို ဆေးရုံတွေ နဲ့  သူ့ အိပ်ခန်းလေးမှာ အများဆုံး ကုန်ဆုံးစေခဲ့ရတယ်။ အိမ်ပြတင်းပေါက်ကနေ သူများတွေ ကစား တာကို ငေးမောအားကျနေခဲ့တတ်ပါသေးတယ်။ အိမ်မှာ တီဗီ မရှိတဲ့ အတွက် အိမ်နီးနားချင်းတွေ ဆီမှာ တီဗီကြည့်ချင်တဲ့ မီလာဟာ အသက် ၄ နှစ်အရွယ်လောက်မှာ အိမ်နီးချင်းတွေ ကို သီချင်းဆိုပြပြီး တီဗီကြည့်ဖို့ တောင်းခဲ့ရသတဲ့။ အဲဒီလို လူတွေ ရှေ့ သီချင်းဆိုပြရတာကို အတော်နှစ်သက်သွားပြီး၊ "တနေ့ မှာ ငါ နာမည်ကြီး အဆိုတော် ဖြစ်လာရမယ်" လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဆုံးဖြတ်ထားတဲ့ အတိုင်း ဖြစ်အောင်လုပ်နိင်ခဲ့ပါတယ်။ 
၂၀၀၀ ခုနှစ်လောက်မှာ အမေရိကန်ပြည်ထောင်စု ကို မိသားစုနဲ့ ပြောင်းရွှေ့ လာပြီးတဲ့ နောက်ပိုင်းမှာ၊ မီလာ ကျောင်းနေခွင့်ရခဲ့သလို၊ သူဝါသနာပါတဲ့ တေးရေး၊တေးဆို အလုပ်တွေ ကို ပိုပြီးလုပ်နိုင်ပါတော့တယ်။ မီလာရဲ့ သီဆိုမှုတွေ ကို youtube မှာမြင်တွေ့ သွားပြီး Tate Music Group က စီးရီးထုတ်ဖို့ ကမ်းလှမ်းလိုက်တာဖြစ်ပါတယ်။ ဒီသီချင်းကတော့ မီလာ အခုထုတ်ထားတဲ့ GONE စီးရီးမှာပါတဲ့ You Are The Reason ပါ။ နားထောင်ကြည့်ပါဦး။ 
ဒီသီချင်းကတော့ မီလာ့ရဲ့ ကိုယ်ပိုင်မဟုတ်ပါဘူး။ You are still the one ကို မီလာ ပြန်ဆိုထားတာပါ။
အဲဒီလို စိတ်ဝင်စားစရာ၊ အတုယူစရာ ကောင်းလှတဲ့ ကြယ်ပွင့်လေး က ကျွန်မရဲ့ မေးခွန်းတွေ ကို ဒီလိုဖြေပေးခဲ့ပါတယ်။
မီလာ့ အိမ်မက်တွေ ကို ယုံကြည်မှု အပြည့်နဲ့ ထောက်ခံတဲ့ သူရှိလား။
Yes and No ။ မီလာ့ မိသားစုဝင်တွေ ပေါ့ ။ No လို့ ပြောရတာက သူတို့ တွေ က မီလာ့ အပေါ် ယုံကြည်ပေမယ့်၊ တေးဂီတလောက ထဲ ကို ခြေစုံပစ် ၀င်ဖို့ ဆွေးနွေးတဲ့အခါ၊ အသာတကြည်နဲ့ ခွင့်မပြုခဲ့လို့  ပါ။  ပညာရေးသာလျှင် ဘ၀မှာ အရေးကြီးဆုံး ဆိုပြီး ကန့် ကွက်ကြတယ်။ပညာရေး က အရေးကြီးတာ ကို မီလာကိုယ်တိုင်လဲ ရာနှုန်းပြည့်လက်ခံပါတယ်။ တဘက်မှာလည်း ကိုယ်ဝါသနာပါတာကို ပဲ လုပ်ချင်တဲ့ စိတ်က ပြင်းပြနေခဲ့တယ်လေ။ နောက်တော့လည်း တေးဂီတ အပေါ် မီလာ့ရူးသွပ်မှု တွေ ကို သူတို့ မဟန့်  တားနိုင်ခဲ့ကြဘူး။ မီလာ့ ကို ချစ်တဲ့ စိတ်နဲ့ လိုက်လျောကြရတယ်။ အဲဒီအတွက် မိသားစု ကို မီလာချစ်တယ်၊ ကျေးဇူးလဲတင်တယ်။
ပထမစီးရီးထွက်ထားတာ မကြာသေးပါဘူး။  မီလာ့ သီချင်းတွေ ကို ပရိသတ်တွေ လက်ခံနိုင်လိမ့်မယ် လို့  မျှော်လင့်ထားပါတယ်။ ဆက်လုပ်ချင်တဲ့ အစီအစဉ်တွေ ကတော့ အများသား။ ဒီနှစ်ထဲမှာ အမေရိကတခွင်  သွားပြီး ဖျော်ဖြေဖို့ ဂီတ Tour အစီအစဉ် တစ်ခုရှိတယ်။ ဒုတိယ စီးရီး အတွက် သီချင်းတွေ ကို လဲ မီလာ စပြီး ရေးနေပါပြီ။ အမေရိကမှာ သာမက မြန်မာပြည် က ပရိသတ်တွေ အတွက်လဲ တေးအယ်ဘမ်တစ်ခု ထုတ်ချင်ပါသေးတယ်။
တေးရေးသူတစ်ဦး အနေနဲ့ ဘယ်လိုအချိန်၊ ဘယ်လို အခြေအနေ တွေ မှာ သီချင်းတွေ ကို ရေးသလဲ။
သီချင်းတော်တော်များများ က မီလာ့ ဘ၀ အတွေ့ အကြုံ၊ ဖြတ်သန်းမှုတွေပေါ် အခြေခံထားတာပါ။  စိတ်ထဲဖြစ်ပေါ်လာတဲ့ ခံစားချက် အတိုင်း ချရေးဖြစ်တာများပါတယ်။ တခါတလေ သူများတွေနဲ့  စကားပြောနေရင်း၊ ခေါင်းထဲ ကို ပေါ်လာတဲ့ အတွေးတစ်ခု၊ ခံစားမှုတစ်ခု ကို ချရေးချင်လာမိတယ်။ အဲဒီအချိန်မှာ ဖုန်းကို ယူ၊ လူတွေနဲ့  ဝေးတဲ့နေရာ ခနထွက်သွားပြီး၊ တေးသွားတွေ ကို ညည်းဆိုကြည့်၊ ဖုန်းနဲ့  အကြမ်း အသံသွင်းထားပြီး နောက်မှ ပြန်ရေး၊ တခါတလေ လဲ လူရှုပ်တဲ့ စားသောက်ဆိုင် တစ်ခုခုမှာ အတွေးတွေ ပေါ်လာတဲ့ အခါ၊ တစ်ရှူး ပေါ်ရေးချပြီး အိမ်ပြန်ရောက်တော့ မှ သီချင်းတစ်ပုဒ်လုံး အဖြစ် ပြန်ရေးရတာမျိုးလဲရှိဖူးတယ်။
ပိုလီယို ရောဂါကြောင့် မီလာ ဂျိုင်းထောက်နဲ့ လမ်းသွားနေရတာ သိရတယ်။ ခန္ဓာကိုယ် မသန်စွမ်း မှု က မီလာ့ အပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိစေခဲ့သလဲ။
ခန္ဓာကိုယ် မသန်စွမ်း မှု ကြောင့် ရင်ဆိုင်ဖြတ်သန်း ခဲ့ ရတဲ့ အခက်အခဲ တွေ က မီလာ့ ဘ၀ အတွက် အရေးပါတဲ့ သင်ခန်းစာတွေ ပေးခဲ့တယ်၊ မီလာ့ကို ပိုပြီး ရင့်ကျက်တဲ့ နှလုံးသား နဲ့ အတွေးခေါ်တွေ ပေးခဲ့ပါတယ်။ ဥပမာတစ်ခု ပြောပြရရင် မီလာ ဆယ်ကျော်သက် အရွယ်တုန်းကပေါ့။ အမျိုးသမီးတစ်စု က ၀ိုင်းပြီး ရုန့်  ရင်းကြမ်းတမ်းတဲ့ စကားလုံးတွေနဲ့  မီလာ့ မသန်စွမ်းမှု ကို လှောင်ပြောင်ခဲ့ကြတယ်။ အဲဒီအချိန်တုန်းက မီလာ့ စိတ်ထဲမှာ ရှက်လွန်း၊သိမ်ငယ်လွန်းပြီး၊ နာကျင်ခဲ့ရတယ်။ အခန်းထဲကနေ ငိုပြီး ထွက်ပြေးချင်ခဲ့ပေမယ့် တကယ်တမ်း မီလာ ခပ်ပြုံးပြုံးလေးနဲ့ လုပ်စရာရှိတာတွေ ကို ဟန်မပြတ် ဆက်လုပ်နိုင်ခဲ့တယ်။ အဲဒီလို အလားတူ အဖြစ်အပျက်တွေ အများကြီး က မီလာ့ ကို သီးခံတတ်အောင် နဲ့  ဘာကိုမဆို အကောင်းဘက်က မြင်တတ်အောင်လေ့ကျင့်ပေးခဲ့တယ်။ ဒါတွေက ပိုလီယိုရောဂါကြောင့်၊ ခန္ဓာကိုယ် မသန်စွမ်း မှုတွေ ကြောင့်ရတဲ့ ကောင်းကျိုးတွေပါပဲ။
ခန္ဓာကိုယ် မသန်စွမ်းမှု ကြောင့် သူများ လှောင်ပြောင်တာ ခံရတဲ့ တခြား ဆယ်ကျော်သက်အရွယ်တွေ ကို မီလာ ဘာများပြောချင်ပါသလဲ။
အဲဒီ ဆယ်ကျော်သက် ရဲ့ ဘ၀မှာ အခက်ခဲဆုံး အချိန်ကို ဖြတ်ကျော်နေရပြီ ဆိုတာကို စာနာပြီး သူ၊သူမ နဲ့ အတူ ကျွန်မရောပြီး(ဘယ်လောက်ပဲ ကြာပစေ) လိုက်ငိုမိမှာပါ။ အဲဒီအချိန်မှာ ရှိနေတဲ့ Negative Thoughts တွေ ကို ဖြေလျော့ဖို့ အကောင်းဆုံးနည်းက ငိုခြင်းပဲဖြစ်ပါလိမ့်မယ်။ငိုပြီးလို့ ကျွန်မပြောတာကို သူနားထောင်နိုင်တဲ့ အချိန်မှာ “မင်းရဲ့ မသန်စွမ်းမှု အတွက် ၀မ်းနည်းနေမယ့် အစား၊ လုပ်နိုင်တာတွေ ကို အာရုံစိုက်ပြီးလုပ်ပါ လို့  စပြီးသူ့ ကို ရှင်းပြမယ်။ ကိုယ်ပြုပြင်ပြောင်းလဲ ယူလို့ မရတဲ့ အခြေအနေတစ်ခု ကို လက်ခံတတ် ဖို့  ဖြောင်းဖျမယ်။ ကိုယ့်ကို မနှစ်သက်တဲ့သူတွေ ဆိုတာ အမြဲရှိနေမှာမို့ ၊ အဲဒီလူတွေ အတွက် မရှင်သန်ဖို့  ၊ အဖိုးတန်လှတဲ့ မင်းရဲ့ ဘ၀ ကို “ပုံမှန် လို့ လူတွေ သတ်မှတ်ထားတဲ့ ခပ်တုန်းတုန်း စံချိန်စံနှုန်း တွေ နဲ့ ကိုက်ညီ အောင် ပြင်ဖို့ ကြိုးစားနေမယ့် အစား၊ မင်းဖြစ်ချင်တဲ့ အိပ်မက်တွေ ကို အကောင်ထည်ဖော်လိုက်ပါ..လို့  ပြောချင်တယ်။   
မီလာ့ အတွေ့ အကြုံအရ မြန်မာပြည်တွင်း က မသန်စွမ်းသူတွေ ရင်ဆိုင်ကြုံတွေ့ ရတဲ့ အကြီးမားဆုံး စိန်ခေါ်မှု က ဘာတွေလို့ မြင်သလဲ။
မြန်မာပြည်မှာ မသန်စွမ်းသူတွေရဲ့ အခွင့်ရေးတွေ၊ ရပိုင်ခွင့်တွေ ကျယ်ကျယ်ပြန့် ပြန့် မရှိသေးတဲ့ အတွက် မသန်စွမ်းသူတွေ ဟာ သူတို့ ရဲ့ အိပ်မက်တွေ၊ အရည်အချင်းတွေ ကို ဖော်ထုတ်ခွင့်မရကြပါဘူး။ အမေရိကမှာတော့ မသန်စွမ်းသူတွေ ဟာ တခြားသူတွေနဲ့ တန်းတူအခွင့် အရေးရကြပါတယ်။
ပွင့်ပွင့်လင်းလင်းပြောရရင်၊ မြန်မာပြည်မှာ မသန်စွမ်းသူတွေ ကို “လူသား တွေ လို့ တောင် မမြင်ဘူးလို့  ခံစားရပါတယ်။ လူတစ်ယောက်မှာ မသန်စွမ်းမှုတစ်ခု ရှိတာနဲ့ ၊ လူရာမ၀င်တော့ဘူးလို့ သတ်မှတ်လို့ မရပါဘူး။ ဥပမာ..အလင်းအာရုံမရှိတဲ့ လူတစ်ယောက်ဟာ တခြားသူတွေ လို သွားလာလှုပ်ရှားဖို့ အတွက် အကူအညီလိုတာမှန်ပေမယ့်၊ သူများတွေ မှာမရှိတဲ့ အရည်အချင်း တစ်ခုခု သူ့ မှာရှိလိမ့်မယ်။ ခန္ဓာကို အစိတ်အပိုင်းတစ်ခုခု ချို့ တဲ့တာနဲ့ ပဲ သူ့ ဘ၀တစ်ခုလုံး သုံးမရတော့ တာ မဟုတ်ပါဘူး။ လူသားတစ်ဦး ရသင့်တဲ့ အခွင့်အရေးတွေ အကုန်ပေးဖို့ ၊ တန်းတူဆက်ဆံဖို့ လိုနေသေးတယ်လို့ မြင်ပါတယ်။  
မီလာ့ မိသားစုဝင်တွေ ထဲမှာ ဂီတ ကို စိတ်ဝင်စားသူတွေ ရှိလား။
အမေရိကမှာ ကြီးပြင်းတဲ့ လူငယ်တစ်ဦး အနေနဲ့ ဘယ်လို ပြဿနာမျိုးတွေ လုပ်ခဲ့ ဖူးသလဲ။
ရွယ်တူတွေ နဲ့ နှိုင်းယှဉ်ရင် မီလာ့ ဘ၀ က ငြီးငွေ့ စရာကောင်းတယ် ဆိုရမလားပဲ။ သူငယ်ချင်းတွေ နဲ့  ပါတီသွားတာတို့ ၊ အရက်သောက်တာတို့ သွားလေ့မရှိဘူး။ များသောအားဖြင့် အိမ်မှာ မိသားစုဝင်တွေနဲ့  ညစာ အတူတူစား၊ ဗီဒီယိုဇာတ်ကားတွေ အတူတူကြည့် နဲ့ ပဲ အချိန်ကုန်ပါတယ်။ ဘာလုပ်လုပ် မိဘအုပ်ထိန်းမှုနဲ  လုပ်တော့ ပြဿနာ ရယ်လို့ မရှိခဲ့ပါဘူး။ အဲဒီလို ပြောလို့ မိဘ က တင်းတင်းကြပ်ကြပ် ချုပ်ချယ်တတ်တာ မျိုး မဟုတ်ပါဘူး။ ငယ်ငယ်ကတည်း က ဘာပဲဖြစ်ဖြစ် သူတို့ ကို ပွင့်ပွင့်လင်းလင်း ပြောပြတိုင်ပင်လေ့ရှိတော့ သူတို က အကုန်သိနေတာမျိုးပါ။
သီချင်းရေးတာ၊ ဆိုတာ က လွဲရင် တခြား ဘာတွေ ၀ါသနာပါသေးလဲ။
ပုံဆွဲတာ နဲ့ စာရေးတာကို အင်မတန် ကြိုက်ပါတယ်။ မီလာ သီချင်းစဆိုတဲ့ အသက် ၉ နှစ် လောက် အရွယ်ကတည်းက ပုံတွေ စ ဆွဲဖြစ်တယ်။ မူလတန်းကျောင်း၊ အလယ်တန်းကျောင်းတွေ မှာ လဲ တောက်လျှောက် ဆွဲဖြစ်ပါတယ်။ အ၀တ်အစား ဒီဇိုင်းတွေ နဲ့  ရှူးဖိနပ်ဒီဇိုင်းတွေ ဆွဲရတာကို ပျော်တယ်။  နောက်ပြီး The Twilight Saga, The Hunger Games Saga, Dear John စတဲ့ ၀တ္ထုတွေ ကို ဖတ်ရတာ ကြိုက်တယ်။
မီလာ့ ပရိသတ်တွေ (ဒါမှမဟုတ်) အောင်မြင်ဖို့ ကြိုးစားနေသူတွေ ကို ဘာများပြောချင်လဲ။
မီလာ့ပရိတ်သတ်တွေ (အထူးသဖြင့်) မသန်စွမ်းသူတွေ ကို ပြောချင်ပါတယ်။ ဘ၀မှာ အောင်မြင်မှု ကို ရဖို့ ၊ ရှုံးနိမ့်ခြင်း ကို အရင် ဖြတ်ကျော်ရတတ်ပါတယ်။နာကျင်မှုတွေ ကို ခံနိုင်ဖို့ ကြံ့ ခိုင်တဲ့ နှလုံးသားလိုပါတယ်။ မီလာ့လို လူတောင် အခက်အခဲတွေ ကို ကျော်ဖြတ်ပြီး အိပ်မက်ကို အကောင်ထည်ဖော်နိုင်ရင်၊ လူတိုင်း လုပ်နိုင်တယ်ဆိုတာ လက်ခံပါ။ ဘုရားသခင်ကို ယုံကြည်၊ မိမိကိုယ်ကို လဲ ယုံကြည်ပါ။ ပန်းတိုင်ရောက်ဖို့  ဘယ်လောက်ပဲကြာပါစေ..negative thoughts တွေနဲ့  မျြပ်မနေပဲ ယုံကြည်မှု အပြည့်နဲ့  ဆက်ပြီး ကြိုးစားကြပါလို့ တိုက်တွန်းချင်ပါတယ်။
အလုပ်တွေများနေတဲ့ ကြားက မေးခွန်းတွေ ကို အချိန်ပေးဖြေပေးတဲ့ မီလာ့ ကို အထူးပဲကျေးဇူးတင်ပါတယ်။
မြန်မာတိုင်းရင်းသူလေး မီလာနျမ်း တစ်ယောက် ဆက်လက်ပြီး အောင်မြင်မှုတွေ ကို ဆွတ်ခူးနိုင်ပါစေလို့ ...
မစုဥာဏ်