Saturday, November 3, 2012

ဟာရီကိန်းစင်ဒီ အပြီး နယူးယောက်မြို့ က အခြေအနေ

အမေရိကန်ပြည်ထောင်စု အရှေ့ ဘက်ခြမ်းမှာ အောက်တိုဘာလ ၂၈ နဲ့ ၂၉ ရက်တုန်းက ၀င်ရောက် တိုက်ခတ်သွားတဲ့ ဟာရီကိန်း Sandy အပြီး မြင်ရတဲ့ နယူးယောက်မြို့ က မြင်ကွင်းတချို့ ပါ။  ဒီကနေ့ မုန်တိုင်းကျပြီး ၆ ရက်မြောက်နေ့ မှာတော့...အခြေအနေက တဖြည်းဖြည်းပြန် ကောင်းလာပြီ ဆိုပေမယ့် ပုံမှန်မဖြစ်သေးပါဘူး။ လူပေါင်း ၁.၂သန်းလောက် က မီးမရသေးတဲ့ အတွက် အအေးဒဏ် ခံနေရပါတယ်၊ မြို့ ပတ်ရထားတွေ အကုန်မပြေးနိုင်သေးလို့  အလုပ်ကို ခြေကျင်လျှောက်ကြသူ က လျှောက်ရပါတယ်။ အိမ်ခြေပေါင်း ၁၀၀ ကျော်မီးလောင်ပျက်စီးသွားပါတယ်။ ပျက်စီးဆုံးရှူံးမှု စာရင်း အသေးစိတ်မထုတ်ပြန်သေးပါဘူး။ မြန်မာတွေ အိမ်ပါ မပါ မသိရသေးပါဘူး။
National Guard soldiers carry a patient down a stairwell at Bellevue Hospital on Nov. 1, in New York. (Sheri Fink)
Photo:Sheri Fink
ဆေးရုံ ၃ ရုံမှာ မီးစက်တွေ ပျက်သွားလို့  လူနာတွေ အကုန် သယ်ထုတ်ရတယ်။ ကျွန်မ တာဝန်ကျတဲ့   Bellevue ဆေးရုံမှာ လူနာ ၇၀၀ ရှိပါတယ်၊ မီးကမရှိတော့ ဆေးရုံထဲမှာ လက်နှိပ်မီးနဲ့ အလုပ်လုပ်ရပါတယ်။ လူနာတွေကို US Army နဲ့  NYPD က စစ်သား တွေ၊ ရဲတွေ က အခုလို လာကူပြီး ၁၇ ထပ်ကနေ တက်လိုက်၊ ဆင်းလိုက် သယ်ကြပါတယ်။ လေ၀င်လေထွက် စနစ် ကလဲ လျှပ်စစ်မီး နဲ့  ထိန်းချုပ်ထားတဲ့ အတွက် အခုလို မီးမရချိန်မှာ အနံ့အသက်တွေ တော်တော်ဆိုးပါတယ်။ာတ်ဆီဆိုင်တွေမှာ ဆီမရှိလို့ ကားတွေက မလာနိုင်၊ အောက်စီဂျင်လို တဲ့ လူနာတွေဆီ အချိန်မီ မရောက်လာနိုင်နဲ့  ဆေးရုံထဲမှာ တော့   ပြသာနာပေါင်းစုံနဲ့ ပါ။ 
နှင်းမုန်တိုင်းတွေ ကို မကြာခန ကြုံဖူးပေမယ့် အားပြင်းတဲ့ ဟာရီကိန်းကို တော့ ဒီတခါ ပဲ ကြုံဖူးပါသေးတယ်။ တစ်နာရီ မိုင် ၆၅ ကနေ ၇၀ မိုင်အထိ တိုက်ခဲ့တဲ့ ဟာရီကိန်းစင်ဒီ နဲ့  ကြုံလိုက်ရတဲ့ အခါ၊ တစ်နာရီ လေတိုက်နှုန်း ၁၃၀ မိုင်ကျော်နှုန်းနဲ့ တိုက်ခဲ့တဲ့ နာဂစ် မုန်တိုင်း က လူတွေ ကို သွားသတိရမိတယ်။ ယိုင်နဲ့ နဲ့ ဖြစ်နေပြီးသား အိမ်တွေမှာ မုန်တိုင်းကြောင့် အမိုးတွေ လွှင့်ထွက်ချိန်မှာ သူတို့ တွေ ဘယ်လောက်များ ကြောက်ကြမလဲလို့ သွားပြီးတွေးမိပါတယ်။ ကြိုတင်သတိပေးချက်တွေ မရှိ၊ ပြင်ဆင်မှုမရှိနဲ့ ။ အကူအညီ မရလိုက်တဲ့ နာဂစ်တုန်းက လူတွေ ရဲ့  ဘ၀ကို ပိုပြီး စာနာမိပါတယ်။   နှစ်တွေသာ ကြာသွားတယ်၊ နာဂစ်တုန်းက ဘ၀ပျက်သွားတဲ့ တချို့ ဆို အခုထိ ပြန်ပြီး နလန်မထူနိုင်ကြသေးဘူး။ သဘာဝဘေးခံရတာခြင်းတူပေမယ့် အစိုးရကောင်းတော့ ကြိုတင်ပြင်ဆင်မှုကောင်းပြီး၊ ပြန်လည်ထူထောင်ရေးက လဲမြန်တော့ ပြည်သူတွေ သက်သာပါတယ်။ သဘာဝဘေးကြောင့် ပျက်စီးဆုံးရှူံးမှုတွေ နဲ့ ရင်ဆိုင်ခဲ့ရသူများ (အထူးသဖြင့် အကူအညီ မရရှိသောသူများ) အားလုံးအတွက် ကျွန်မ အထူးပဲ စိတ်ထိခိုက်မိပါတယ်။ 
Photo(Jimmy Bramer) မုန်တိုင်းကျစဉ်မြင်နေရတဲ့ Long Island City
 
အပေါ်ကပုံမှာမြင်ရတဲ့ ရေတွေ လွှမ်းသွားတဲ့ Long Island City က ဒီတံတားလေး ကို မုန်တိုင်းပြီး နောက်တစ်နေ့ မှာ သွားရိုက်ထားတဲ့ပုံပါ။ရေတွေပြန်ကျသွားပါပြီဲ။

မုန်တိုင်းပြီး နောက်တနေ့ အိမ်နားမှာ တွေ့ ရတဲ့  အခြေအနေပါ။ 
I-495 အဝေးပြေးကားလမ်းပေါ်မှာ ကားတွေ ရှင်းနေတာ ဒီတခါပဲ မြင်ဖူးပါသေးတယ်။




နယူးယောက်မြို့ လယ်က ဆောက်လက်စ တိုက်မှာ မုန်တိုင်းအတွင်း ပျက်ကျသွားတဲ့ ကရိန်းပါ။ အခု ၆ ရက်မြောက်နေ့ အထိ ကရိန်းအောက်က လမ်းကို  လူတွေ ဖြတ်သန်းသွားလာလို့ မရအောင်ပိတ်ထားပါတယ်။
Photo: AP(တက်စီကားတွေ ထားတဲ့ နေရာက မြင်ကွင်းပါ)
Photo: Fox News( နယူးယောက်မြို့ လယ်က ကားဂိုဒေါင်တစ်ခုထဲက မြင်ကွင်းပါ)
Photo: Fox News(နယူးဂျာစီက မြေအောက် ရထားဘူတာတစ်ခုထဲ အခုလို ရေတွေဝင်ကုန်ပါတယ်)
photo: White House( ရွေးကောက်ပွဲ အတွက် စည်းရုံးရေး ခရီးရေးကို ဖျက်သိမ်းပြီး၊ ဟာရီကိန်းဘေးသင့် သူများကို လိုက်လံနှုတ်ဆက်နေတဲ့ အမေရိကန် သမွတ အိုဘားမား)


နယူးယောက်မြို့ က စင်ဒီ မုန်တိုင်းကို ကြိုခဲ့တဲ့ ပန်းခရမ်းပြာရဲ့ အိပ်မက်

“ကံဆိုးမသွားရာ မိုးလိုက်လို့ ရွာတယ်” လို့ ပဲ ကံကို ပုံချရမလား၊ “ကောင်းမှုလုပ်ရင် အဖျက်တွေ ရှိတတ်တယ်” ဆို တာကို ပဲ ယုံရတော့မလား မပြောတတ်ဘူး။ အသက်ဘေးအနရယ်တွေ၊ အခက်အခဲတွေ အများကြီးနဲ့  ရင်ဆိုင်နေရတဲ့ ရခိုင်ပြည်နယ်နဲ့  ကချင်ပြည်နယ်ဆီ က တိုင်းရင်းသားမောင်နှမတွေ အတွက် “ပန်းခရမ်းပြာ အိပ်မက်များ” လို့  အမည်ပေးထားတဲ့ နယူးယောက်မြို့ က ရံပုံငွေပွဲလုပ်မယ့် အောက်တိုဘာ ၂၈ ရက်နေ့ မှာမှ ဟာရီကိန်း စင်ဒီ က လာကျရတယ်လို့ … 

မုန်တိုင်းမကျခင် တစ်ပတ်လောက် က စပြီး မုန်တိုင်းကျမယ့် အကြောင်း၊ ဆိုးဝါးပြင်းထန်မယ့် မုန်တိုင်း တစ်ခုဖြစ်ကြောင်း သတိပေးကြေငြာချက်တွေ၊  ကြိုတင်ပြင်ဆင်မှုတွေ နဲ့  အမေရိကန် အရှေ့  ဘက်ခြမ်းမှာ လှုပ်လှုပ်ရှားရှားဖြစ်လို့ နေခဲ့ပါတယ်။ နှင်းမုန်တိုင်းတွေ နဲ့  ယဉ်ပါးနေတဲ့ ကျွန်မတို့  နယူးယောက်က လူတွေ အတွက်တော့ ဟာရီကိန်း ဟာ အထူးအဆန်းတစ်ခု ဖြစ်လို့ နေခဲ့ပါတယ်။ စားစရာတွေ ပဲ ပြေးဝယ်ရတော့မလိုလို၊ မီးပျက်ရင် ရေခဲသေတွာက သုံးမရဖြစ်မှာမို့  မ၀ယ်ပဲ နေဖို့  ပြောသူကပြော၊ ရေကြီးမယ်လို့ ကြေငြာနေတော့ သုံးရေမပျက်အောင် ရေတွေ ကြိုခံထားရမလားနဲ့  ဖြစ်ကုန်ကြတယ်။ 

(ကြိုတင်ခန့် မှန်းထားတဲ့ အတိုင်း ဟာရီကိန်း စင်ဒီဟာ သမိုင်းဝင်ပျက်စီး ဆုံးရှူံးမှုတွေ ကို ထားခဲ့ပါတယ်။ နယူးယောက်မြို့ လယ်အထိ ရေတွေ တက်လာပြီး၊၂၄ နာရီပြေးဆွဲပေးတဲ့ ရထား၊ဘတ်(စ်)ကားတွေ အားလုံးရပ်ဆိုင်းခဲ့ရသလို၊ နယူးယောက် တမြို့ ထဲမှာ တင် အိမ်ခြေပေါင်း၂.၅ သန်း ကျော် လျှပ်စစ်မီးပျက်တောက်ခဲ့ပါတယ်၊ မီးမလာရင် heater သုံးလို့  မရတဲ့ အတွက် အအေးဒ် ကို အလူးအလိမ့် ခံနေကြရပါတယ်၊ အိမ်ပေါင်း ၁၀၀ကျော်မီးလောင်ပျက်စီးခဲ့ ပြီး၊ အိမ်တွေတော်တော်များများပျက်စီးခဲ့ပါတယ်။ အခုဒီစာရေးချိန်မှာ မုန်တိုင်းပြီးလို့ ၆ ရက်မြောက်နေ  အထိ မီးပြန်မရသေးတဲ့ အိမ်ခြေပေါင်း ၁.၂ သန်းကျော်ကျန်နေဆဲပါ။ဆေးရုံ ၃ခု မှာ မီးမရတဲ့ အတွက် လူနာတွေ ကို အရေးပေါ် ရွှေ့  ပြောင်းနေရဆဲဖြစ်ပြီး၊ မြို့ ပတ်ရထားများ  အနည်းငယ်သာပြန်လည် ပြေးဆွဲနိုင်ပါသေးတယ်။) 

အဲဒီနေ့ မနက်မှာ မြို့ ပတ် ရထားတွေ နဲ့  ဘတ်(စ)ကားတွေ ကို နေ့ တပိုင်းပဲပြေးဆွဲမယ့်အကြောင်း၊ အရေးပေါ်အခြေအနေမို့  အိမ်ထဲမှာပဲနေကြဖို့  တီဗီသတင်းတွေ ကနေ အဆက်မပြတ် ကြေငြာချက်တွေ ထုတ်ပြန်နေခဲ့တာမို့ နယူးယောက်မြို့ ရဲ့ လမ်းတွေ ပေါ်မှာ လူမရှိ သလောက်ဖြစ်ခဲ့ပါတယ်။အများစုက ၃-၄ရက်စာ ထားဖို့ အစားအစာတွေ ပြေးဝယ်ကြလို့  စတိုးဆိုင်တွေမှာ ရောင်းစရာ မရှိသလောက်ဖြစ်ကုန်ပါတယ်။ ရံပုံငွေပွဲ လုပ်တဲ့ Queen အရပ် နဲ့  ဝေးတဲ့ နေရာက မြန်မာတွေ၊ နယူးဂျာစီ နဲ  အနီးအနား မြို့ က မြန်မာတွေ လဲ မလာနိုင်ခဲ့ကြပါဘူး။ ပွဲလုံခြုံရေးတာဝန်ယူပေးသူတွေ ကလဲ သတ်မှတ်ထားချိန်အတိုင်း လုပ်ခွင့်မပေးတော့ပဲ အခမ်းအနားကို စောစောသိမ်း ခိုင်းတာမို့  ရံပုံငွေပွဲ ကို မုန်တိုင်းမကျခင် နာရီပိုင်းအလို အတွင်းမှာ ကသိုက်ကရိုက် ကျင်းပခဲ့ကြပါတယ်။ 

အဆိုပါ ရံပုံငွေပွဲ ကို ပရိသတ် ၁၂၀ ခန့် တက်ရောက်ခဲ့ကြပြီး၊ မြန်မာ့အစားအစာ ဈေးရောင်းပွဲ၊ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ ဂီတပညာရှင် ကိုရဲလွင် နဲ့  ဆောင်းဦးလှိုင်တို့ ရဲ့  လူမှုရေးလုပ်ငန်းများဆိုင်ရာ ဟောပြောပွဲ၊ နယူးယောက် က မြန်မာလူငယ်တွေ ရဲ့  Exit တေးဂီတအဖွဲ့ ဖျော်ဖြေပွဲ စတဲ့ အစီအစဉ်တွေ ပါဝင်ခဲ့ပါတယ်။

သတ်မှတ်ထားချိန် ပြည့်အောင် ပွဲကျင်းပခွင့် မရ ခဲ့ပေမယ့်..

ကောင်းကင်တခုလုံး မဲမှောင်နေ ပြီး မုန်တိုင်းကျဖို့ နာရီပိုင်း အလို ဖြစ်ခဲ့ ပေမယ့်…

အမေရိကန်ပြည်ထောင်စုရဲ့ သမိုင်းဝင် စင်ဒီ မုန်တိုင်းအတွက် သတိပေးချက်တွေ အဆက်မပျက် ထုတ်လွှင့်နေတဲ့ မုန်တိုင်းကြို ကာလ မှာ …

ကိုရဲလွင်၊ ကိုဆောင်းဦးလှိုင်တို့ နဲ့ အတူ ပွဲလာ ပရိသတ်တွေ ရဲ့ “အရှူံးမပေးနဲ့  မီးငယ်ရေ” သီချင်းသံက ကျယ်ကျယ်လောင်လောင် ပျံ့ လွှင့်လို့ နေခဲ့တယ်။ 

အမေရိကန် အရှေ့ ဘက်ခြမ်း နယူးယောက်မြို့  ကနေ ဟိုး…ရခိုင်ပြည်နယ် နဲ့  ကချင်ပြည်နယ် ဒေသတွေ အထိ...ရည်မှန်း..ပျံ့လွှင့်လို…။ 
ပန်းခရမ်းပြာရဲ့ အိပ်မက်တွေထဲမှာ ဒီအိပ်မက် က အချိုဆုံး အိပ်မက်များဖြစ်နေမလား....

မစုဥာ


ပြည်သူ့ ဂ်ုရည်အသင်းက ကြီးမှူးကျင်းပတဲ့ ပန်းခရမ်းပြာ ၏ အိပ်မက်များ(ပုံ-မနန်း)
ချောအိသိမ်း၊ကိုရဲလွင် နဲ့  ဆောင်းဦးလှိုင် တို့ ရဲ့ အဆို (ပုံ-မနန်း)
အခုချိန်ထိ ပန်းခရမ်းပြာအဖွဲ့ က လူမှုရေးရံပုံငွေ အတွက် သိန်းပေါင်း တစ်ထောင် ကျော် လှူဒါန်းခဲ့ပြီးဖြစ်ကြောင်းသိရပါတယ်။ (ပုံ-မနန်း)
ပန်းခရမ်းပြာရဲ့ အိပ်မက်တွေ ကို ခံစားနေတဲ့ ပရိသတ်များ (ပုံ-ကိုဇော်မင်းသိန်း)
ပုံ-ကိုဇော်မင်းသိန်း
ရှမ်းခေါက်ဆွဲ နဲ့  ရှမ်းငါးထမင်းချဉ်ရောင်းနေတဲ့ နယူးယောက်က ရှမ်းတိုင်းရင်းသားများ (ပုံ-ကိုဇော်မင်းသိန်း)
မုန်တိုင်းကို နောက်မှ စိတ်ပူမယ်၊ ခုတော့ ပန်းခရမ်းပြာရဲ့ အိမ်မက်ကို အားပေးဦးမယ် ဆိုတဲ့ ပရိတ်သတ်များ(ပုံ- မနန်း)

မချောအိသိမ်း၊ကိုရဲလွင်၊ကိုဆောင်းဦးလှိုင် နဲ့  ဆရာမသန်းမြင့်အောင် (ပုံ-မနန်း)