မြန်မာနိုင်ငံအတွင်း အနုပညာရှင်အများဆုံးပါဝင်ခဲ့တဲ့ (အကြီးမားဆုံးဂီတဖျော်ဖြေပွဲကြီးဖြစ်တဲ့ ) 'နယ်စပ်ဒေသ က တိုင်းရင်းသားများ ပညာရေးရံပုံ ငွေဂီတပွဲ' အပြီးမှာ၊ အနုပညာရှင်များရဲ့  ပေါင်းစည်းမှု ဒုတိယ ခြေလှမ်းအဖြစ် HIV/ AIDS ဝေဒနာရှင်များကူညီရေးရံပုံငွေ ဂီတဖျော်ဖြေပွဲတစ်ခုကို အောင်မြင်စွာ ထပ်မံကျင်းပနိုင်ခဲ့ကြပါတယ်။
အဆိုပါ ဂီတပွဲကို ဖေဖော်ဝါရီလ ၂ ရက်နေ့ ၊ ရန်ကုန်မြို့ ကန်တော်ကြီးမျှော်စင်ကျွန်းမှာ ကျင်းပခဲ့တာဖြစ်ပြီး၊ တီးဝိုင်းပေါင်း ၁၅ ခု က အနုပညာရှင်တွေ ပါဝင်တီးခတ်ခဲ့ကြပြီး၊ နာမည်ကြီး အဆိုတော် ပေါင်း ၁၀၀ကျော် တို့ က ပါဝင်သီဆိုဖျော်ဖြေခဲ့ပါတယ်။ ဒီပွဲကို အေးမြမေတွာအဖွဲ့ က ကြီးမှူးကျင်းပခဲ့တာဖြစ်ပြီး၊ ရံပုံငွေပေါင်း ၂၀၉သိန်းရရှိခဲ့တယ်လို့  သိရပါတယ်။
ဂီတပွဲကို ကိုမင်းကိုနိုင် အပါအ၀င် ၈၈ကျောင်းသားခေါင်းဆောင်များလည်း တက်ရောက်အားပေးခဲ့ကြတဲ့ မြင်ကွင်းကို ကြည့်ရင်း..ကျွန်မစိတ်ထဲမှာ...
- ပွဲလာကြည့်တဲ့ ၈၈ကျောင်းသားခေါင်းဆောင်တွေအားလုံးဟာ ဂီတကို တကယ်စွဲစွဲမြဲမြဲနှစ်သက်တတ်တဲ့ သူတွေ ဖြစ်ချင်မှဖြစ်လိမ့်မယ်...ပြည်သူ့ အရေးအတွက် ဆောင်ရွက်ရင်း..သူတို့ ရဲ့  နေ့ရက်တွေကို သံတိုင်တွေနောက်မှာ အများဆုံး ကုန်ဆုံးစေခဲ့ကြတာမို့ ဂီတနဲ့  ဝေးနေကြတဲ့ သူတွေ ပါကောင်းပါလိမ့်မယ်..
- သီဆိုနေတဲ့ အဆိုတော်အားလုံးဟာလည်း နိုင်ငံရေး၊ လူမှုရေးဘက်ကို အင်မတန် အားသန်တဲ့ သူတွေ ဖြစ်ချင်မှဖြစ်လိမ့်မယ်..
- ပွဲလာကြည့်တဲ့ ပရိသတ်တွေထဲမှာ..ကိုယ်ကြိုက်တဲ့ ဂီတ၀ိုင်းနဲ့  အဆိုတော်တွေကို အားပေးပြီး..မကြိုက်တဲ့ တီဆိုမှုတွေကို သီးခံအားပေးနေကြရတဲ့ ပရိသတ်တွေလည်းရှိကောင်းရှိလိမ့်မယ်....
တကယ်တော့ လူ့ လောကကြီးမှာ (အထူးသဖြင့် ကိုယ့်ဘာသာ ကိုတောင် မကြာခန စိတ်တိုင်းမကျဖြစ်မိတတ်တဲ့ လူ့ သဘောသဘာဝ အရ) ကျွန်မတို့ အားလုံး တစ်ယောက်နဲ့  တစ်ယောက် အကြိုက်ချင်းတူညီကြဖို့ ၊ အမြဲတမ်း စည်းလုံးညီညွတ်နေဖို့  ဆိုတာ.. ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ မတူကွဲလွဲမှုတွေ ကြားက တစ်ယောက်နဲ့ တစ်ယောက်ညှိနှိုင်းပြီး အများအတွက် အကျိုးရှိစေမယ့် အလုပ်တွေကို အောင်မြင်အောင် ဆက်ပြီးလုပ်သွားနိုင်ဖို့ က အရေးအကြီးဆုံးပဲ မဟုတ်ပါလား.....
No comments:
Post a Comment
ဖတ်ပြီးရင် မှတ်ချက်ပေးသွားဖို့  ဖိတ်ခေါ်ပါတယ်။