Thursday, December 22, 2011

ဒေါ်အောင်ဆန်းစုကြည် နှင့် Virginia Tech တက္ကသိုလ် မှ ကျောင်းသားများအင်တာဗျူး (နောက်ဆုံးပိုင်း)


Burmese Democracy leader Aung San Suu Kyi met with Students from Virginia Tech University via Skype (photo: internet) 

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က အမေရိကန်ပြည်ထောင်စုရဲ့  နာမည်ကြီး တက္ကသိုလ် တစ်ခုဖြစ်တဲ့ Verginia Tech တက္ကသိုလ်  ကျောင်းသား တွေ ကို Skype ကနေတဆင့် (ဒီဇင်ဘာလ (၅)ရက်နေ့ တုန်းက) တွေ့  ဆုံစကားပြောခဲ့တာ ကို ဘာသာပြန်ထားတဲ့ နောက်ဆုံး အပိုင်းပါ။  


အဲဒီ ဆွေးနွေးပွဲ မှာ ကျောင်းသားပေါင်း ၃၀၀၀ ခန့် ပါဝင်ခဲ့ကြပြီး၊ သူတို့ တွေဟာ ဒေါ်စုနဲ့ တွေ့ ဆုံရဖို့ ကို အထူးပဲ စိတ်လှုပ်ရှားနေခဲ့ကြတာကို ဗီဒီယိုကနေ တဆင့် မြင်တွေ့ ခဲ့ရပါတယ်။ ဒေါ်စု က မေးခွန်းတစ်ခုကို ပြန်ဖြေပေးလိုက်တိုင်း ကျောင်းသားတွေက လက်ခုပ်သြဘာတွေ တီးပြီး အားပေးကြပါတယ်။ 


မြန်မာအမျိုးသမီးတစ်ဦး က ကမ္ဘာတစ်ဘက်ခြမ်းမှာ ရှိတဲ့ ကျောင်းသားလူငယ်တွေ အပေါ် လွှမ်းမိုးနိုင်စွမ်းရှိတာကို မြင်တွေ့ ရတော့ မြန်မာလူမျိုး ဖြစ်ရတာ ကျွန်မဂုဏ်ယူမိပါတယ်။ ကမ္ဘာကျော် နိုင်ငံရေးခေါင်းဆောင်တွေ အများကြီးရှိပေမယ့် လူငယ်ထုရဲ့ ချစ်ခင် အားပေးမှုကို ခံရတဲ့ နေရာမှာ ဒေါ်အောင်ဆန်းစုကြည်ကို မမီကြဘူးလို့  ထင်ပါတယ်။    

မေး။ ။ ကျွန်တော့ မိဘတွေ က မြန်မာပြည်ကို သွားလည်ဖို့ ရှိပါတယ်။ အမေက ကျွန်တော့ကို ဖုန်းဆက်ပြီးတော့ မြန်မာပြည်အတွင်းက နိုင်ငံခြားသားခရီးသွားလာရေးအခြေအနေ အကြောင်း ဒေါ်စုကို မေးပေးဖို့ ပြောလာပါတယ်ခင်ဗျာ။  


ဒေါ်စု။ ။ မြန်မာပြည် ကို နိုင်ငံခြားသားတွေ လာရောက်လည်ပတ်တာ ကြိုဆိုပါတယ်။ အထူးသဖြင့် မဖွံ့ ဖြိုးသေးတဲ့ တိုင်းရင်းသားဒေသတွေ မှာ ဒေသခံတွေ (အသေးစား စီးပွားရေးလုပ်ငန်းရှင်တွေ) စီးပွားရေးဖွံ့  ဖြိုးလာစေမယ့် ခရီးသွားလာရေးလုပ်ငန်းမျိုး  ကို ပိုပြီးအားပေးပါတယ်။ ရှင့်မိဘတွေကို မြန်မာပြည် ရောက်ခဲ့ရင် ကျွန်မဆီစာရေးဖို့ ပြောလိုက်ပါဦး။


မေး။ ။ နိုင်ငံရေးလှုပ်ရှားမှုတွေ မှာ အမျိုးသမီးတွေ ပါဝင်ခွင့်ရမယ်ဆိုရင် တိုင်းပြည်အတွက် ပိုပြီး အကျိုးရှိမယ် ထင်ပါသလား။ 


ဒေါ်စု။ ။ ဘယ်ကမှာ မဆို အမျိုးသမီးတွေကို ပိုမိုပါဝင်ခွင့်ပြုမယ်ဆိုရင် ပိုမိုကောင်းမွန်တဲ့ ကမ္ဘာလေး တခု ဖြစ်လာမှာပါ။ (လက်ခုပ်သြဘာသံများ) မြန်မာပြည်တွင်း က နိုင်ငံရေးလှုပ်ရှားမှုတွေမှာ လဲ အမျိုးသမီးတွေ ပိုမိုပါဝင်လာစေဖို့  ကျွန်မကြိုးစားနေပါတယ်။ ရှင်တို့  သိတဲ့ အတိုင်း မကြာသေးမီက ကျွန်မ ဟီလာရီကလင်တန်နဲ့  တွေ့ ဆုံခဲ့ပါတယ်။ နိုင်ငံရေးနယ်ပယ်မှာ သူ့ လို အမျိုးသမီးတစ်ဦးက ပါဝင် တာဝန်ယူနေတာကြည့်ပြီး ကျွန်မ အင်မတန် ၀မ်းသာ ဂ်ုယူမိပါတယ်။ 


မေး။ ။ တရုတ်နိုင်ငံ ရဲ့ ဝင်ရောက် စွက်ဖက်မှုတွေ ကြောင့် မြန်မာ့ဒီမိုကရေစီအရေး  နှောင့်နှေးကြန့်  ကြာနေတယ်လို့  တချို့ ကဆိုပါတယ်။ တရုတ်နဲ့ မြန်မာ ဆက်ဆံရေး ကို ဘယ်လိုမြင်ပါသလဲ။ 


ဒေါ်စု။ ။ တရုတ်နဲ့  မြန်မာဟာ အိမ်နီးချင်းနိုင်ငံတွေ ဖြစ်တဲ့အတွက်  ရင်းနှီးချစ်ကြည်မှုရှိခဲ့တဲ့ အစဉ်အလာတွေရှိပါတယ်။ တရုတ်နိုင်ငံရဲ့ အရေးကို မြန်မာဘက်က ထောက်ခံခဲ့တာတွေလဲ ရှိပါတယ်။ ၁၉၅၀ ခုနှစ်ပိုင်းမှာ တရုတ်နိုင်ငံက ကွန်မြူနစ်အုပ်ချုပ်ရေးစနစ်ကနေပြီး  ဒီမိုကရေစီ စနစ်ကို ကူးပြောင်းတဲ့ ကာလမှာ တရုတ်ကို ပထမဆုံးထောက်ခံခဲ့တဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံ ပါဝင်ခဲ့ပါတယ်။ ဒါကြောင့် မတူညီကွဲပြားမှုတွေ ရှိပေမယ့် တရုတ် နဲ့ မြန်မာက အိမ်နီးချင်းကောင်းတွေ အဖြစ်ဆက်လက်ရပ်တည်သွားကြရဦးမှာ ဖြစ်ပြီး၊ တစ်ဦးကို တစ်ဦး ဥပေကာပြုလို့  မရပါဘူး။


မေး။ ။ အမျိုးသမီးတစ်ဦးအနေနဲ့  ဒေါ်စုရဲ့  ဘ၀ဖြတ်သန်းမှု အတွေ့ အကြုံတွေထဲမှာ ဘယ်ဟာက အရေးအကြီးဆုံးဖြစ်တယ်ဆိုတာသိပါရစေ။ နောက်ပြီး၊ အမျိုးသမီးတွေကို ဘယ်လို အကြံများ ပေးချင်ပါသလဲ။ 


ဒေါ်စု။ ။ အောက်စဖို့ ဒ် တကသိုလ်မှာ ပညာသင်ရတဲ့အတွေ့  အကြုံက ကျွန်မဘ၀အတွက် အရေးကြီးဆုံး အတွေ့ အကြုံတစ်ခုပါပဲ။ ကျောင်းသားဘ၀ရဲ့ ပျော်ရွင်မှုတွေ၊ အသိပညာ တွေဆည်းပူးခွင့်ရမှုတွေနဲ့ ကျွန်မ အပြည့်အ၀ရခဲ့ပါတယ်။ နေအိမ်အကျယ်ချုပ်ဘ၀မှာ တစ်ယောက်တည်း နေခဲ့ရစဉ်မှာ ကျောင်းတုန်းက အဖြစ်အပျက်တွေကို ပြန်တွေးမိလိုက်ရင်တောင် ကျွန်မကို စိတ်ခွန်အားတက်ကြွစေခဲ့ပါတယ်။ ဒါကြောင့် ကျောင်းသားဘ၀ကို အကျိုးရှိရှိအသုံးချဖို့ ၊ မဖြုန်းတီးကြဖို့  အကြံပေးချင်ပါတယ်။


မေး။ ။ နေအိမ်အကျယ်ချုပ်ဘ၀နဲ့  နှစ်တွေ အကြာကြီးနေခဲ့ရတဲ့ ကာလတွေ ကို ဘယ်လိုနည်းနဲ့  ရင်ဆိုင်ဖြတ်သန်းခဲ့ရပြီး၊ မြန်မာ့အနာဂတ်အတွက် ယုံကြည်ချက်တွေကို ဘယ်လို ဆက်ပြီး ခိုင်မာနေစေခဲ့သလဲ ဆိုတာ သိပါစေ။ 


ဒေါ်စု။ ။ နေအိမ်အကျယ်ချုပ်ဘ၀ က ထင်သလောက် မဆိုးလှပါဘူး၊ (ရယ်မောလျှက်) ကိုယ့်နေအိမ်အတွင်းမှာ မဟုတ်ပဲ ထောင်ထဲမှာ အကျဉ်းကျနေရတဲ့ နိုင်ငံရေးသမားတွေထက် စာရင် ကျွန်မက မှ သက်တောင့် သက်သာနေရပါသေးတယ်။ 
ကောင်းတဲ့ဘက်က ကြည့်ရင် နေအိမ်အကျယ်ချုပ်ဘ၀မှာ ကျွန်မ အနားရပြီး ဖတ်ချင်တဲ့ စာအုပ်တွေကို ဖတ်ဖို့ အချိန်ရခဲ့ပါတယ်၊ အခုလို ပြန်လည်လွတ်မြောက်လာတဲ့ အချိန်မှာတော့ လုပ်စရာတွေ များလွန်းလို့  အေးအေးဆေးဆေး စာဖတ်ချိန် မရှိတော့ပါဘူး။ နောက်ပြီး ၁၅ နှစ်လောက် တစ်ယောက်တည်း နေခဲ့ရတဲ့ အတွက် ကိုယ့်ကိုကိုယ် ပိုပြီးနားလည်လာစေခဲ့ပါတယ်၊ ကိုယ့်ကိုကိုယ် နားလည်ဖို့ က ဘ၀မှာ အရေးကြီးဆုံး အချက်လို့  ကျွန်မယုံတယ်။ အဲဒီလို သဘောပေါက်လာခဲ့တဲ့ အတွက်လဲ ဒီကနေ့  ကျွန်မ လုပ်စရာရှိတာတွေကို လုပ်ကိုင်နေနိုင်တာဖြစ်တယ်၊ ဒါကြောင့် အကောင်းဘက်က ပြောပြရင်....ကျွန်မကို နေအိမ်အကျယ်ချုပ်သာ မထားခဲ့ရင် ဒီလို လုပ်ကိုင်နိုင်ဖို့  အရည်အချင်းတွေ ရှိလာမှာ မဟုတ်ဘူးလို့ ပဲ ထင်ပါတယ်။    


မေး။ ။ ကမ္ဘာတ၀န်းက လူတွေ အနေနဲ့  မြန်မာ့အရေးကို ဘယ်လိုပါဝင်ကူညီနိုင်ပါသလဲ။ 

ဒေါ်စု။ ။ ကမ္ဘာအရပ်ရပ်က လူသားတွေ အနေနဲ့  ဘယ်လောက်ပဲ ဝေးတဲ့ နေရာမှာ ရောက်နေပါစေ၊  ကိုယ့်ရဲ့  အကူအညီကို လိုအပ်လာတဲ့ သူတွေကို အမြဲတမ်း တတ်နိုင်သလောက် ကူညီသွားဖို့ အရေးကြီးတဲ့ အကြောင်း ပြောချင်ပါတယ်။ ကျွန်မစိတ်ထဲမှာ မြန်မာ့အရေးကို ကမ္ဘာက မေ့ ပျောက်သွားပြီလားလို့  တွေးလိုက်မိတဲ့ အခါတိုင်း ကမ္ဘာ့ နေရာလေးတစ်ခုခု ကနေ ကျွန်မတို့ နဲ့  သက်ဆိုင်တဲ့ လှုပ်ရှားမှုတွေ လုပ်ပေးတာကို ပြန် ကြားသိရတဲ့ အခါမှာ   စိတ်ာတ် ပြန်လည် တက်ကြွခဲ့ရဖူးပါတယ်။ ဒါကြောင့် မြန်မာ့ အရေးနဲ့  ကျွန်မတို့ ရဲ့  လှုပ်ရှားမှုတွေကို မျက်ခြေမပြတ် သိရှိနေခြင်းနဲ့ လည်း ကျွန်မတို့ ကို ကူညီရာရောက်စေပါတယ်။

၄၅ မိနစ်လောက်ကြာတဲ့ တွေ့ ဆုံပွဲမှာ၊ ဒေါ်အောင်ဆန်းစုကြည် ကို မေးခွန်းတွေကို မေးမြန်းပြီးတဲ့ အခါမှာတော့ ကျောင်းသားပေါင်း ၃၀၀၀ တို့ က “အောင်ဆန်းစုကြည်” “ဒီမိုကရေစီ” စတဲ့ ကြွေးကြော်သံတွေနဲ့  တခဲနက် ကြွေးကြော်ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြပါတယ်။

(စက်ပိုင်းဆိုင်ရာ အခက်အခဲကြောင့် အချို့ နေရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့  အဖြေတွေ ပြတ်တောင်း ပြတ်တောင်း ဖြစ်သွားတဲ့ အတွက် မေးခွန်းအချို့ ကို ချန်လပ်ထားခဲ့ရပါကြောင်း) 
                                                                                                                  မစုဥာ်

No comments:

Post a Comment

ဖတ်ပြီးရင် မှတ်ချက်ပေးသွားဖို့  ဖိတ်ခေါ်ပါတယ်။