Saturday, February 25, 2012

ကျိုက်ထီးရိုးဘုရားဖူး သွားသူများ ကို ငြိမ်းချမ်းစွာ ဖူးမျှော်စေချင်ပါသည်

ရေးသားပေးပို့ သူ မဆုမွန်
ကျမတို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးများဟာ စေတနာထက်သန်ကြသည့်အလျောက် အလှူရေစက် လက်နဲ့မကွာ ဆိုသလို လှူဒါန်းလိုက်ကြတာများ ကမ္ဘာကတောင် အံသြချီးမွမ်းကြရတာ အားလုံး အသိကြပါပဲ။ တကယ့်ကို ကြည်ညိသပ္ပါယ်ဖို့ကောင်းတဲ့ တန်ခိုးကြီး စေတီတော်ကြီးတွေဖြစ်တဲ့ ရွှေတိဂုံစေတီတော်မြတ်ကြီးတို့ ကျိုက်ထီးရိုး ဆံတော်ရှင်စေတီတော်မြတ်ကြီး တို့ကိုကြည့်လိုက်မယ်ဆိုရင် မြန်မာတို့ရဲ့ သဒ္ဒါအားကို မြင်ကြ ရမှာပါ။ ဒီလို နတ်လူ သာဓုခေါ်တဲ့ မွန်မြတ်တဲ့အလှုဒါနတွေကို အကြောင်းပြုပြီး ကျမမှာ ရေးစရာ အကြောင်း အရာလေးတစ်ခု က ဒီရက်ပိုင်းမှာ ရှိလာပါတယ်။
လူကြီးအမျိုးနဲ့ ကျိုက်ထီးရိုး
လွန်ခဲ့တဲ့ရက်သတ္တပါတ်မှာ အမေရိကမှာနေတဲ့ ကျမရဲ့သူငယ်ချင်းပြန်ရောက်လာတာနဲ့ သူငယ်ချင်း တွေဆုံတုန်း ကျိုက်ထီးရိုးသွားကြမယ်ဆိုပြီး ကျမတို့တွေ ရန်ကုန်ကနေ ထွက်လာ ခဲ့ကြ ပါ တယ်။ နွေဦးလို့သာ ဆိုပေမယ့် ပူလိုက်တဲ့နေဆိုတာလည်း တော်သလင်းနေအလား ထင်မှတ်ရပါတယ်။ ရန်ကုန်ကနေမနက် ၁၀နာရီခွဲလောက်မှာထွက်ခဲ့တဲ့ ကျမတို့ကားကလည်း ကျိုက်ထိုနားရောက်ခါနီးမှ ပျက်သွားတော့ ဦးလေး တစ်ယောက်က ကားစောင့်နေခဲ့ပြီး သိပ်တက်ကြွနေတဲ့ ကျမတို့ကတော့ လမ်းကြုံကားတစ်စီး အကူအညီနဲ့ တောင်တက်ကားအမီရောက်အောင် ခရီးဆက်ခဲ့ကြတယ်။ တောင်ခြေကိုကျမတို့ရောက်ပြီးတာနဲ့ တောင်တက်ကားကလည်း သိပ်စောင့်စရာမလိုလိုက်ရပဲ တောင်တော်ပေါ်ကိုပေါ့ပါးစွာနဲ့ တက်လာနိုင်ခဲ့ပါတယ်။ သည်မှာ တောင်တက်ကားအကြောင်းကို ကျမနည်းနည်းပြောချင်ပါတယ်။ 
တောင်တက်ကားဖြစ်သည့်အလျောက် ကားကြီးကိုသုံးထားပြီး ခရီးသည်တွေကို ရှေ့ခန်းနောက်ခန်းဈေးနှုန်း ခွဲပြီး (ဈေနှုန်းကတော့ ၅၀၀ ပဲကွာပါတယ်)
နောက်ခန်းမှ စီးသူများ၊ ကားပေါ်ကို အခုလို တက်ရပါတယ်။ (ပုံ- မနွယ်)
တင်ပါတယ်။ နောက်ခန်းမှာတော့ ကိုင် စရာ တန်းမရှိပဲ တောင်တက်လည်းကြမ်းသည့် အတွက် ရှေ့ ခန်း ကို ထိုင် ချင်ကြသူတွေ များကြပါတယ်။  ရှေ့ခန်းကတော့ ဦးရာ လူစနစ်နဲ့တင်ပါတယ်။ ဒီမှာတင် ကျမသတိထားမိတာက ဦးစားပေးပုံစံ (ဥပမာ သက်ကြီးရွယ်အို၊ သံဃာစသဖြင့်) မရှိတာကို တွေ့ရပါတယ်။ သန်သန်မာမာယောင်္ကျားကြီးများတန်မဲ့ ဦး
စွာ စာရင်းပေးထားသည့် အတွက် ရှေ့ ခန်းမှာ ဇိမ်နဲ့  အိပ်လိုက်လာပြီး လသားလေး ပိုက်ထားတဲ့ သွေးနုသားနု သားသည် မိခင်လေးခမျာ   နောက်ကျတာကတစ်ကြောင်း အနောက်မှာထိုင်ဖို့အဆင်မပြေတာကတစ်ကြောင်းကြောင့် ကျန်နေခဲ့ရှာတယ်။ သို့ပေမယ့် နောက်ကားတစ်သုတ်လည်း ရှိသေးတာမို့နောက်ကားနဲ့လည်း အဆင်ပြေရှာမှာပါလေလို့ တွဲပြီး ကိုင်စရာရှေ့လက်တန်းမပါတဲ့ နောက်ခန်းမှာပဲ ကျမတို့ သူငယ်ချင်းတစ်တွေ လိုက်လာခဲ့ကြပါတယ်။
စိမ်းစိမ်းစိုစို နဲ့  သာယာတဲ့ တောတန်း(ပုံ-မနွယ်)
၄၅မိနစ်တာလောက် တက်လိုက်ရတဲ့ခရီးက ရင်ပြင်တော်အခြေနားရောက်ခါနီးလောက်မှာပဲ စိတ်ညစ်ညူးစရာ အကြောင်းတစ်ခု ဖြစ်လာပါတယ်။ ကျမတို့ကားက ရင်ပြင်တော်အခြေထိဆိုပေမယ့် တကယ့်တကယ်မှာတော့ ရင်ပြင်တော်အခြေထိ မရောက်လိုက်ရပါဘူး။ စစ်ယူနီဖောင်းနဲ့ အမျိုးသားတစ်ယောက်က ကားဆရာကို လှမ်းမေးလိုက်ပြီး ကားဆရာက နောက်ကားမှာ ဆိုတာ ပြောသံကြားလိုက်ပြီး သိပ်မကြာပါဘူး ကျမတို့ကားကရပ်လိုက်ရပြီး အိပ်တွေချပြီး ခြေလျင်တက်ကြပါတယ်။ ကျမထင်တာက ကားရပ်လိုက်တဲ့နေရာမှာတင် ဂိတ်ဆုံးတယ်ပေါ့။ သိပ်မကြာပါဘူး ကျမတို့နောက်ကားက ကျမတို့ခြေလျင်အုပ်စုကို ကျော်ပြီး တောင်ခြေအထိ မောင်းသွားတော့မှ ကျမအထင် တက်တက်စင်အောင် မှားတယ်ဆိုတာ သိလိုက်ရပါတယ်။ ခုနက စစ်ယူနီဖောင်းနဲ့လူကိုလည်း အဲဒီ ကားပေါ်မှာပဲ တက်လိုက်သွားတာ တွေ့လိုက်ရပါတယ်။ ဒါနဲ့ အရင်ကတည်းကမှ သိပ်စပ်စုတဲ့ကျမက ကျမတို့အိတ်တွေကို ထမ်းသယ်လာပေးတဲ့ အထမ်းသမားဦးလေးကြီးကို မေးကြည့်လိုက်တော့မှ အကြောင်းကတော့ ကျမတို့အနောက်ကားမှာ လူကြီးမိသားစုပါလာလို့ပါတဲ့။ သည်လိုပဲ လူကြီးမိသားစု လူကြီးအမျိုး စသဖြင့် ဆိုင်ရာဆိုင်ရာ ကြိုပြောထားလျှင်ဖြင့် ကျိုက်ထီးရိုးတောင်တက်တာချင်းတူလျှင်တောင် ကားရှေ့ခန်းက နေရာရ၏၊ ရသည့်ကား ရင်ပြင်တော် အခြေအထိ ရောက်၏ ဟူသတည်း။ သြော် သို့အတွက်ကြောင့် အမေရိကားမှာ မင်းသား၊ အင်္ဂလန်မှာ ဘောလုံးသမား၊ မြန်မာပြည်မှာတော့ လူကြီးသားဖြစ်ရပါလို၏ဆိုတဲ့ ကာတွန်းလေးကို ချက်ချင်း သွားသတိရလိုက်မိပါတယ်။  ကဲပါလေ..ဘယ်တတ်နိုင်မလဲ ကိုယ်တွေက လူကြီးသားသမီးတွေမှ မဟုတ်ပဲလို့ ဖြေလိုက်ပြီး ခြေလျင်ပဲတက်လာလိုက်ပါတယ်။ ရွေးချယ်စရာမှ မရှိဘဲလေ။

ဟိုတယ်၏ ၀န်ဆောင်မှု 
သိပ်မကြာခင်မှာပဲ ကျိုက်ထိုဟိုတယ်ကို ရောက်ရှိလာခဲ့ပါတယ်။ ၀င်လိုက်တာနဲ့ နိုင်ငံခြားသားတော်တော်များများကိုလည်း တွေ့လိုက်ပါတယ်။ လှလိုက်တဲ့ ကျိုက်ထိုဟိုတယ်ပေါ်က မြင်လိုက်ရတဲ့ ရှုခင်း..
မောမောပန်းပန်းနဲ့ အခန်းမှရပါ့မလားဆိုပြီး ဟိုတယ်ထဲဝင်ပြီး အခန်းကျန်သေးလားဆိုတာကို ဧည့်ကြိုကိုမေးလိုက်ပါတယ်။ ပျုငှာလှတဲ့ ဧည့်ကြိုက ကျမတို့ကိုတစ်ချက်ကြည့်ပြီး ဘယ်နှယောက်လဲ..အခန်းဘွတ်လုပ်ထားလားဆိုတာလောက်သာမေးပြီး ကျမတို့ကိုဘာမှဆက်မပြောပဲ အခြားဝန်ထမ်းတစ်ယောက်နဲ့ ပြောလက်စ ကိုယ်ရေးကိုယ်တာအကြောင်းအရာများကို ဆက်လက်ပြောဆိုနေပါတယ်။ ငါးမိနစ်လောက်ထိဘာစကားပြန်မှမရတော့ ကျမတို့လည်း ပင်ပန်းတာရော စိတ်တိုတာရော ရောပြီးသကာလ အခြားတည်းခိုခန်းတွေလည်းရှိမှာပဲဆိုပြီး ဆက်ထွက်လာခဲ့ကြတယ်။ သြော်..နိုင်ငံခြားသားမှ လူထင်တဲ့ဟိုတယ်များပါပေတကားရယ်လို့ပဲ မှတ်ယူလိုက်ပါတယ်။
သိုနှင့်ပဲ ရိုးရိုးလေးဆိုတဲ့ တည်းခိုခန်းရှေ့ကိုရောက်လာပါတယ်။ အထမ်းသမားဦးလေးကြီးကလည်း လမ်းညွှန်တာရော တည်းခိုခန်းရှေ့က၀န်ထမ်းတွေရဲ့ ရေပူရေအေး၊ မီး အပြည့်အစုံဆိုတဲ့ ဆွဲဆောင်မှုတွေကြောင့်ရော သည်တည်းခိုခန်းမှာပဲ တည်းဖို့ဆုံးဖြတ်လိုက်ကြပြီး တည်းခိုခကိုလည်း ချက်ချင်းပဲ ရှင်းထားလိုက်ပါတယ်။ ကျမတို့သူငယ်ချင်းသုံးယောက်မှာ သိပ်တက်ကြွတဲ့ကျမကပဲ ခဏသာနားလိုက်ပြီး ချက်ချင်းရေချိုးပစ်လိုက်ပါတယ်။ နောက်တစ်ယောက်လည်းချိုးရော
   ရေပူကခဏသာရလိုက်ပြီး မရတော့ပါဘူး။ ဒါနဲ့တည်းခိုခန်းကိုသွားပြောတော့ သူတို့ မိန်းပြောင်းထားလို့ပါလို့ပြောပါတယ်။ သို့နဲ့ပဲ ကျမသူငယ်ချင်းလည်း ရေအေးနဲ့ပဲဆက်ချိုးလိုက်ရပါတယ်။ နောက်ဆုံးတစ်ယောက်ကတော့ ရေနွေးရအောင်စောင့်မယ်ဆိုပြီး ရေချိုးခန်းထဲကပဲ စောင့်နေလိုက်ပါတယ်။ တော်တော်နဲ့မရတော့ ကျမတို့က တည်းခိုခန်းက တာဝန်ရှိသူကိုသွားပြောပါတယ်။ သူက နောက်ဆယ်မိနစ်ဆိုရပါပြီဆိုတာနဲ့ ကျမသူငယ်ချင်းလည်း စောင့်လက်စနဲ့ စောင့်လိုက်ပါမယ်ဆိုပြီး စောင့်နေရှာပါတယ်။ ဆယ်မိနစ်နေတော့လည်းမရသေးတာနဲ့ ကျမတို့သွားပြန်ပြောပါတယ်။ တာဝန်ရှိသူကပဲ စောင့်နေပါ ရပါပြီဆိုတော့ ကျမတို့လည်း ရရင်တော့ ကျမတို့ကို ပြောပေးပါဆိုတော့ ပြောလို့မရပါဘူးတဲ့ စောင့်ပဲစောင့်နေလိုက်ပါတဲ့.. နောက်ဆုံးအအေးပါတ်တော့မှာစိုးတဲ့ ကျမ သူငယ်ချင်းလည်း မစောင့်တော့ပဲ ရေအေးနဲ့ပဲချိုးလိုက်ပါတယ်။ ရေချိုးပြီးကုတင်ပေါ်မှာ ခဏတော့ နားမယ်ဆိုပြီးလုပ်လိုက်တော့ ဆံပင်ချည်တွေပွနေတာကို တွေ့လိုက်ရပြီး တော်တော်ကိုမှ စိတ်ညစ်ညူးသွားမိပါတယ်။ တကယ်ဆိုဝန်ဆောင်ခနဲ့ညီတဲ့ ၀န်ဆောင်မှုမျိုးတော့ ပေးသင့်တယ်လို့ မှတ်ယူပါတယ်။ ငါတို့မြန်မာလူမျိုးများ မတည်းခင်ကတစ်မျိုး တည်းလိုက်တော့တစ်မျိုးနဲ့ သည်လိုများ ရေရှည်ဖြစ်နေတော့မှာလားဆိုပြီး တော်တော်ပဲစိတ်ပျက်သွားမိပါတယ်။ သြော်..သို့ပေမယ့်လည်း တည်းဖို့နေရာမရှိတာထက် ရှိတာလေးကပဲ ကျေးဇူးတင်ဖို့ကောင်းပါတယ်လို့ပဲ သဘောပိုက်လိုက်ပြီး ရင်ပြင်တော်ပေါ်ပဲ တက်ခဲ့လိုက်ပါတော့တယ်။

ကျိုက်ထီးရိုးစေတီပေါ်မှ အလှူခံကန်ထရိုက်များ 
          ဆံတောင်ရှင်ကျိုက်ထီးရိုးဟု ဆိုသည့်အတိုင်း တန်ခိုးတော်အင်မတန် ကြီးမားလှတဲ့ ရှင်တော်မြတ်စွာဘုရားရဲ့ ဆံတောင်ကိုဌာပနာပြီး တည်ထားတဲ့ ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးကို ရွှေသင်္ကန်းအပြည့်နဲ့ သပ္ပါယ်စွာဖူးတွေ့လိုက်ရတာနဲ့ ကျမတို့ရဲ့အလိုမကျမှုတွေဟာ ပိန်းကြာရွက်ပေါ်မှာ ရေမတင်သကဲ့သို့   ချက်ချင်းပဲပြေကျသွားပါတယ်။ ဘုရားကန်တော့၊ ညစာစားပြီးတဲ့နောက်မှာတော့ မဆုံဖြစ်တာ ကြာနေကြပြီဖြစ်တဲ့ ကျမတို့သူငယ်ချင်းတွေလည်း စကားတွေအမျှင်မပြတ်နိုင်ပဲ မိုးလင်းသွားခဲ့ပါတယ်။
နောက်တစ်နေ့မနက်မှာတော့ ကျီးပါးစပ်နဲ့မုဆိုးတောင်ဘက်ကဘုရားများကိုဖူးမျှော်ရန်အတွက် တက်ကြွစွာနဲ့ ချီတက်ခဲ့ကြပါတယ်။ သည်မှာတင် နောက်ထပ်စိတ်ညစ်ညူးစရာထပ်ကြုံရပါတော့တယ်။ အခြားတော့မဟုတ်ပါဘူး။ အလှူခံ ကန်ထရိုက်များကြောင့်ပါပဲ။ ကန်ထရိုက်ဟုတ်မဟုတ်သေချာမသိပေမယ့် သူတို့ပြောဆိုအတင်းအလှူခံနေတဲ့ပုံစံများကိုကြည့်ပြီး အလှူခံကန်ထရိုက်ဟုသာ သုံးနှုန်းချင်ပါတယ်။ ရှိသမျှဘုရားစေတီ၊ဂူ၊နတ်နန်း စတဲ့နေရာတွေတိုင်းမှာ အလှူခံအပြည့်ပါပဲ။ ဘုရားတစ်ဆူရှေ့ရောက်တိုင်း အတင်းကန်တော့ခိုင်းပါတယ်။ ကန်တော့ပြီးလို့ထတာနဲ့ အလှူခံတော့တာပါပဲ။ တစ်ခုလှူပြီးမပြီးနိုင်ပဲ နောက်ထပ်တစ်မျိုးထပ်ဖြည့်လှူခိုင်းပါတယ်။ အစပိုင်းတော့ ကျမတို့လည်း တတ်နိုင်သလောက်လှူပါတယ်။ ထပ်ဖြည့်လှူခိုင်းတော့လည်း ကျမတို့လည်း ရောက်တုန်းရောက်ခိုက်ဆိုတော့ ထပ်လှူလိုက်ပါတယ်။ သို့ပေမယ့် တောက်လျှောက်ဖြစ်လာတော့ ကျမတို့လည်း စိတ်ညစ်လာပါတော့တယ်။ လှူလိုက်ရင်သာဓုခေါ်ပေမယ့်  မလှူရင်တော့ မကြားတကြားနဲ့မကောင်းပြောပါတယ်။ နောက်ပိုင်း ရောက်လာတော့ ကျမတို့လည်း ဘုရားကိုဝင်ပြီး ရှိခိုး ဦးချချင်တာတောင် အလှူခံတွေကိုကြောက်တာနဲ့ ကျော်ခဲ့ရပါတယ်။
သည်လိုအလှူခံတွေရှိနေခြင်းဟာ စေတီတော်မြတ်ကြီးကို ညှိုးနွမ်းစေရုံမျှမက ဗုဒ္ဓသာသနာတော်ကိုလည်း အခြားဘာသာခြားများ ကဲ့ရဲ့စရာဖြစ်ရပါတယ်။ နိုင်ငံခြားသားများသားများလည်း ကြုံတွေ့ကြလိမ့်မယ်လို့ ထင်မိပါတယ်။ သို့ဆိုလျှင် တိုင်းပြည်ကိုလည်း မျက်နှာငယ်စေပါတယ်။ ဒါတွေကို တာဝန်ရှိသူများအနေနဲ့ပြုပြင်ပေးကြမယ်ဆိုရင် ဘုရားဖူးများများမှာ စိတ်ချမ်းသာကိုယ်ချမ်းသာနဲ့ ဘုရားဖူးကြရရုံမျှမက တစ်ဘက်မှလည်း နိုင်ငံခြားခရီးသွားများ စိတ်ဝင်စားကြတဲ့ ဆံတော်ရှင် ကျိုက်ထီးရိုးကို အမှီပြုပြီး ခရီးသွားလုပ်ငန်းများလည်း ပိုမို တိုးတက်လာနိုင်မည့်အကြောင်း နိုးဆော်ရင်း ကျမရဲ့ ကုသိုလ်တစ်ပဲငရဲတစ်ပိသာ ဆောင်းပါးလေးကို နိဂုန်းချုပ် လိုက်ပါရစေ။

No comments:

Post a Comment

ဖတ်ပြီးရင် မှတ်ချက်ပေးသွားဖို့  ဖိတ်ခေါ်ပါတယ်။