Friday, February 10, 2012
ဒေါ်အောင်ဆန်းစုကြည် နဲ့  ဗားကလက်ဟာဗဲလ် (သို့ မဟုတ်) မိတ်ဆွေကောင်း နှစ်ဦး
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့  ချက်သမ္မတဟောင်း မစ္စတာ ဗားကလပ်ဟာဗဲလ် တို့  .. တစ်ဦးကို တစ်ဦး ရည်စူးပြီး ရေးသားခဲ့တဲ့ ဆောင်းပါးတွေ ကို ဖတ်ပြီး၊ (လူချင်းဆုံတွေ့ ဖူးခြင်းမရှိပဲနဲ့ ) မိတ်ဆွေကောင်းတွေ အဖြစ် ရပ်တည်ခဲ့ကြတဲ့ သူတို့ နှစ်ဦး အကြားက  အပြန်အလှန် လေးစားချစ်ခင်မှု တွေ ကို ကျွန်မ စိတ်ဝင်စားခဲ့မိပါတယ်။ 
၂၀၁၂ နှစ်ဦးပိုင်းထုတ် Mainichi သတင်းစာအတွက် “မြန်မာပြည်ကရေးတဲ့စာ” ကဏ္ဍ မှာ  ဒေါ်အောင်ဆန်းစုကြည် က ဗားကလက်ဟာဗဲလ် အတွက် ဂ်ုပြု ဆောင်းပါး ရေးသားခဲ့သလို၊ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံနေရစဉ် က Washington Post သတင်းစာမှာ (ဒေါ်အောင်ဆန်းစုကြည်ရဲ့  အသက် ၆၀ ပြည့်မွေးနေ့  အထိမ်းအမှတ်အဖြစ်) မလွတ်လပ်ခြင်းရဲ့ နှင်းဆီ” (A Rose for the Unfree) အမည်ရှိ ဆောင်းပါး ကို ဟာဗဲလ် က ရေးသားပေးပို့  ခဲ့ပါတယ်။ 
အဲဒီ ဆောင်းပါးမှာ ဟာဗဲလ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ လှုပ်ရှားမှုတွေ အကြောင်းချီးကျူးပြောဆိုထားပြီး၊ အဆုံးသတ်မတော့.. သူ့မှာ ရယ်စရာ အတွေးတခုရှိခဲ့ကြောင်း၊ အဲဒါကတော့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်လာတဲ့အခါမှာ သူကိုယ်တိုင် နှင်းဆီပန်းလေးတပွင့် ပေးချင်တဲ့ အကြောင်း ..ရေးသားထားပါတယ်။ အလားတူပါပဲ..ဒေါ်အောင်ဆန်းစုကြည်ရဲ့  ဆောင်းပါး အဆုံးသတ်မှာ…ရှေ့ ဆက်ရမယ့် လမ်းကို ဆက်လျှောက်ရင်း ကျွန်မ တို့ နဲ့  အတူ မရှိနိုင်တဲ့ မိတ်ဆွေ ကြီး ကို ကျွန်မ သတိရနေမှာပါ..လို့  ရေးသား ထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့  ဆောင်းပါးကို တမလွန်ဘ၀ ရောက်နေတဲ့ ဗားကလက်ဟာဗဲလ် ဖတ်သွားခွင့်မရခဲ့ပါဘူး။
Photo: internet (Vaclav Havel with the mask of Aung San Suu Kyi)
 ဗားကလက်ဟာဗဲလ် ဆိုတဲ့ ငြိမ်းချမ်းရေးခေါင်းဆောင်တစ်ဦးရဲ့ အကြောင်း ကို နေအိမ် အကျယ်ချုပ် ချခံထားရတဲ့  ဒေါ်အောင်ဆန်းစုကြည်က ရေဒီယိုသတင်းတွေကနေ တဆင့် ၁၉၈၉ ခုနှစ်လောက်မှာ  စတင် သိကျွမ်းရင်းနှီးခဲ့တာပါ။ “မိုင်ပေါင်းများစွာဝေးနေပေမယ့် ဟာဗဲလ် ဦးဆောင်တဲ့ ကတ္တီပါတော်လှန်ရေး အကြောင်းကို ရေဒီယို သေးသေးလေး ကနေ တဆင့် ကျွန်မ ကြားသိနေခဲ့ရတယ်။ အဲဒီအချိန်တုန်းက သူနဲ့  ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေတစ်ဦး ဖြစ်ခွင့်ရလိမ့်မယ်လို့  ကျွန်မ မမျှော်လင့်ခဲ့မိဘူး” လို့ ဒေါ်အောင်ဆန်းစုကြည် က ရေးပါတယ်။   
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်လာပြီး နောက်ပိုင်းမှာ သူတို့  နှစ်ဦး တယ်လီဖုန်း ကနေတဆင့် မြန်မာ့အရေး အတွက် ပြောဆိုဆွေးနွေးဖြစ်ခဲ့ကြပါတယ်။ သူတို့ နှစ်ဦးရဲ့  ခင်မင်မှုဟာ တကယ်တော့ မြန်မာပြည်သူလူထု လွတ်မြောက်ရေး(သို့ မဟုတ်) မြန်မာပြည်အတွင်း စစ်မှန်တဲ့ ဒီမိုကရေစီ စနစ်ပေါ်ထွန်းရေး အတွက် ထားရှိတဲ့ ခံယူချက် နဲ့ စိတ်စေတနာတွေ အပေါ် အခြေခံပြီး ဖြစ်တည်လာတဲ့ ခင်မင်မှုတွေ လို့  ကျွန်မ မြင်ပါတယ်။
ချက်နိုင်ငံ အတွင်းက ကွန်မြူနစ်ဝါဒ ကို အောင်မြင်စွာ တွန်းလှန်နိုင်ခဲ့တဲ့ သမ္မတကြီး ဗားကလက်ဟာဗဲလ် ဟာ ၁၉၉၀ ၀န်းကျင်လောက်က စပြီး၊ သူ သေဆုံးခါနီး အထိ မြန်မာ့အရေး ကို တက်တက်ကြွကြွ ဆောင်ရွက်ခဲ့သူ တစ်ဦး ဖြစ်ပါတယ်။ ၁၉၉၁ ခုနှစ်က နိုဗဲလ်ငြိမ်းချမ်းရေးဆု အတွက် နောက်ဆုံး ဆန်ခါတင် စာရင်းထဲမှာ သမ္မတကြီး နဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမည်စာရင်း ယှဉ်တွဲ ပါခဲ့စဉ်က သမ္မတကြီး က သူ့ ကို ရွေးချယ်တာထက်၊ နေအိမ်အကျယ်ချုပ်ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပဲ ရွေးချယ်သင့်ကြောင်း အဆိုပြုခဲ့ပါတယ်။ “တကယ်တော့ ဟာဗဲလ် ဟာ နိုဗယ်ဆု ကို တန်ဖိုးထားပေမယ့်၊ သူ့  ကိုယ်ကျိုးထက် ဒီမိုကရေစီ အရေးကို ကို ပိုမို ရှေးရှုပြီး အဲဒီဆု ကို ငြင်းပယ်ခဲ့ခြင်းသာ ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ လိုအပ်မှုတွေ ဟာ သူ့ ရဲ့  လိုအပ်မှုထက် ပိုကြီးမားနေတယ် လို့  ဟာဗဲလ် က လက်ခံယုံကြည်ပါတယ်” လို့  ဒေါ်အောင်ဆန်းစုကြည်ရဲ့  စာထဲမှာ သူ့ မိတ်ဆွေ ရဲ့  အနစ်နာခံမှုကို ပေါ်လွင်အောင် ရေးသားဖော်ပြထားပါတယ်။
တကယ်လည်း ဟာဗဲလ်ရဲ့  အနစ်နာခံမှုဟာ မြန်မာ့အရေးအတွက် များစွာ အထောက်အကူ ပြုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၉၁ နှစ်အတွက် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗဲလ်ဆု ကို ချီးမြှင့် အပြီးမှာ  မြန်မာ့ဒီမိုကရေစီအရေး ကို ပိုပြီး လူသိများ စေခဲ့ပါတယ်။ အဲဒီလို လူသိများလာတာနဲ့ တပြိုင်နက် ဟာဗဲလ်က မြန်မာ့အရေးကို သူ့ ရဲ့ ထိပ်တန်းဦးစားပေးအရေး အဖြစ် သဘောထားခဲ့ပြီး၊ အပြည်ပြည်ဆိုင်ရာ ဆွေးနွေးပွဲတွေ မှာ ထည့်သွင်းဆွေးနွေးပြောဆိုခြင်း၊ ကုလသမဂ္ဂရဲ့ လုံခြုံရေးကောင်စီမှာ ဆွေးနွေးရမယ့်လုပ်ငန်းစဉ်ထဲမှာ မြန်မာ့အရေးကို ထည့်သွင်းစေနိုင်ဖို့  ကြိုးပမ်းခဲ့ခြင်း၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်အောင် ကြေငြာစာတမ်းထုတ်ပြီး ရေးသားတောင်းဆိုခြင်း၊၂၀၀၇ ရွေဝါရောင်တော်လှန်ရေးမှာ စစ်တပ်က အကြမ်းဖက်ဖြိုခွင်းမှု နဲ့   ၂၀၀၈ နာဂစ်မုန်တိုင်း အပြီးမှာ ပြည်သူလူထုကို ကူညီဖို့  တာဝန်ပျက်ကွက်ခဲ့မှုတွေ ကို ဆန့် ကျင်ကြောင်း ဝေဖန်ခဲ့ခြင်း... စသဖြင့် မြန်မာ့အရေးအတွက် နည်းပေါင်းစုံကနေ ပါဝင်ကူညီဆောင်ရွက်ခဲ့ပါတယ်။ အမေရိကန် သမ္မတ အိုဘားမား နဲ့ 
ဘုန်းတော်ကြီးဒလိုင်လားမားနှင့် အတူ တွေ့ ရသည့် ဗားကလက်ဟာဗဲလ်
အဆုတ်ကင်ဆာရောဂါကြောင့် ကွယ်လွန်ခါနီး၊ ရောဂါဝေဒနာတွေ ခံစားနေရချိန်မှာတောင် ဟာဗဲလ်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဖုန်းဆက် စကားပြောပြီး မြန်မာ့အရေးအတွက် ဆွေးနွေးအကြံပေးခဲ့သေးသလို၊ စာတစောင် လဲ ရေးသားပေးပို့ ခဲ့ပါသေးတယ်။ အဲဒီစာကို သူ ကွယ်လွန်ပြီး ရက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် က လက်ခံရရှိခဲ့တာ ဖြစ်ပါတယ်။  
ကျွန်တော် ကြီးမှူးကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ဆွေးနွေးပွဲတွေ၊ ညီလာခံတွေကို တက်ရောက်ဖို့  မိတ်ဆွေကြီးဆီကို ဖိတ်စာပေါင်းများစွာ ပေးပို ဖိတ်ကြားခဲ့ပါတယ်။ အဲဒီပွဲတွေကို ခင်ဗျား တက်ရောက်နိုင်မှာ မဟုတ်ဘူးဆိုတာ ကောင်းကောင်း သဘောပေါက်ပေမယ့်၊ ခင်ဗျားကို ကျွန်တော်တို့  အမြဲထောက်ခံနေတယ်၊ သတိတရ ရှိနေတယ်ဆိုတာ မြန်မာပြည်က အာဏာရှင် စစ်အစိုးရ သိအောင် သတိပေးတဲ့ အနေနဲ့  ကျွန်တော် မပျက်မကွက်ပို့ ခဲ့တာပါ။” လို့  ရေးသားထားတဲ့ အကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့  ဆောင်းပါးမှာ ဖော်ပြထားပါတယ်။ သူ့ နိုင်ငံမှာ ငြိမ်းချမ်းရေးရပြီးဖြစ်ပေမယ့် ကမ္ဘာတလွှား က ငြိမ်းချမ်းရေး မရရှိသေးတဲ့ နိုင်ငံတွေ အတွက် နားလည် ခံစားပေးပြီး တိုက်ပွဲဝင်ပေးခဲ့တဲ့ ဟာဗဲလ် ရဲ့ စိတ်စေတနာ ကို မြင်တွေ့ နိုင်ပါတယ်။  
ဒေါ်အောင်ဆန်းစုကြည်နဲ့  ဗားကလက်ဟာဗဲလ် တို့ နှစ်ဦးစလုံးဟာ ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးမှု၊ မတရားတာကို ခေါင်းငုံ့ မခံတတ်မှု၊ မိမိတိုင်းပြည်နဲ့  လူမျိုးရဲ့  အကျိုးကို လိုလားမှု စတဲ့ နေရာတွေမှာ တင်မက စာအရေးအသားကျွမ်းကျင်မှု၊ မာန်မာနကင်းစင်ပြီး သူတပါးကို တန်းတူဆက်ဆံတတ်မှု၊ မေတ္တာထားနိုင်မှု စတဲ့ နေရာတွေ မှာလဲ တူညီနေတာ ကို တွေ့ ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရေးသားတဲ့ “Freedom from fear” ဟာ ကမ္ဘာကျော် စာအုပ်ဖြစ်ခဲ့သလို၊ ဟာဗဲလ်ရေးတဲ့ “Power of Powerless” ဟာလည်း လူကြိုက်များတဲ့ စာအုပ်ဖြစ်ပါတယ်။ အဲဒီစာအုပ်ကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အပြန်ပြန် အလှန်လှန်ဖတ်ခဲ့တဲ့ အထိ ကြိုက်နှစ်သက်ခဲ့ပါသတဲ့။ ဒေါ်အောင်ဆန်းစုကြည် လိုင်းသားပြီး မှတ်သားရတဲ့ စာအုပ်ထဲ က စာကြောင်းတွေထဲမှာ ” ပိုမိုကောင်းမွန်တဲ့ စနစ်တစ်ခုဟာ ပိုမိုကောင်းမွန်တဲ့ ဘ၀တွေကို အလိုအလျောက်ဖန်တီးပေးလိမ့်မှာမဟုတ်ဘူး။ အဲဒါနဲ့  ဆန့် ကျင်ဘက်ဖြစ်တဲ့ ..ပိုမိုကောင်းမွန်တဲ့ ဘ၀တွေ ကို ဖန်တီးပေးမှ သာ ပိုမို ကောင်းမွန်တဲ့ စနစ်ကို တည်ဆောက်နိုင်လိမ့်မယ်”  ဆိုတဲ့ စာကြောင်းတွေ လဲပါ ပါတယ်။ အဲဒီ စာအုပ်ထဲ က ရိုးရှင်းတဲ့ အတွေးအခေါ် တွေ ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့  ဆုံးဖြတ်ချက်၊ လက်တွေ့  လုပ်ဆောင်ချက် တွေ အပေါ် တနည်းတဖုံ သက်ရောက်မှု တွေ ရှိနေလိမ့်မယ်လို့  ကျွန်မမြင်ပါတယ်။ရေဒီယို အင်တာဗျူးတွေ မှာ ဒေါ်အောင်ဆန်းစုကြည် က ဟာဗဲလ်ရဲ့  စကားတွေကို ကိုးကားပြီး မကြာခန ထည့်ပြောလေ့ရှိတာ သတိထားမိပါတယ်။
သူတို့ နှစ်ဦးဟာ နိုင်ငံရေးခေါင်းဆောင် တွေ ဖြစ်ကြသလို၊ တဘက်မှာလဲ အနုပညာသမား တွေ ဖြစ်လို့  နေကြပြန်ပါတယ်။ ဒေါ်အောင်ဆန်းကြည် က ပန်းချီကားတွေကို ရေးဆွဲ ပြီး  စနွယားတီးရတာ ကို ကြိုက်နှစ်သက်သလို၊ ဟာဗဲလ် ကလဲ ပြဇာတ်ရေးဆရာ နဲ့ ရုပ်ရှင်ဒါရိုက်တာ အလုပ်တွေ ကို လုပ်ခဲ့ဖူးသူတစ်ဦးပါ။ တကယ်တော့ သူတပါးကို ငြိမ်းချမ်းစေချင်တဲ့ စိတ်စေတနာရှိသူများဟာ..ကိုယ်တိုင်လည်း ငြိမ်းချမ်းစွာနေတတ်တဲ့ သူတွေ ပဲ ဖြစ်ကြပါတယ်။  
အခြားသူများရဲ့ လွတ်လပ်မှုအတွက် ကိုယ်က ရပ်တည်မပေးဘူးဆိုရင် ကိုယ့်ရဲ့ လွတ်လပ်မှုပါ ဆိတ်သှဉ်းနေတာနဲ့  အတူတူပဲ” လို့  လက်ခံယုံကြည်ထားသူ နှစ်ဦး မျက်နှာချင်းဆိုင် ဆုံတွေ့ ခွင့် မရလိုက် ကြပေမယ့်၊ မြန်မာပြည်သူလူထု အကျိုး အတွက် မိုင် ထောင်ပေါင်းများစွာ ဝေးကွာတဲ့ နေရာ တစ်နေရာစီ ကနေ လှုပ်ရှားဆောင်ရွက်နိုင်ခဲ့ကြပါတယ်။ သူတို့ ရဲ့  စွန့် လွတ်အနစ်နာခံမှု၊ ရိုးရှင်းတဲ့ အတွေးအခေါ်၊ စာပေရေးသားမှု တွေနဲ့  ခေါင်းဆောင်ကောင်း ပီသမှုတွေ ဟာ သန်းပေါင်း များစွာသော လူသားတွေ အတွက် ငြိမ်းချမ်းရေးကို ဖော်ကျူးနေကြတာပဲ မဟုတ်ပါလား။  
                                                                                                           မစုဥာဏ်
ကျမ်းကိုး
1. 1.   A Rose for the unfree: by Vaclav Havel
2.2.    Letter to Burma: Vaclav Havel By Aung San Suu Kyi
http://mdn.mainichi.jp/perspectives/news/20120130p2a00m0na001000c.html
No comments:
Post a Comment
ဖတ်ပြီးရင် မှတ်ချက်ပေးသွားဖို့  ဖိတ်ခေါ်ပါတယ်။