Sunday, January 15, 2012

ဒေါ်အောင်ဆန်ုးစုကြည်ရေးသားသော ..အပန်းဖြေနားရက်များ(၄)

photo:Mizzima
ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၂) အမှတ် (၇၅) ထုတ်ဂျာနယ်တွင် ဒေါ်အောင်ဆန်ုးစုကြည်ရေးသားခဲ့သော အပန်းဖြေအားလပ်ရက်များ(၄) ဆောင်းပါးကို  ပြန်လည်ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။
***********************************************************


ဝမ်းနည်းဖွယ်ကောင်းတဲ့ တိုက်ဆိုင်မှု တခုက ကျမ ပုဂံမှာနေခဲ့တဲ့နေ့တွေအကြောင်း ရေးသားနေစဉ်မှာပဲ မြန်မာပြည်အ တွက် လုံးဝ မကြားဖူးတဲ့ အဖြစ်ဆိုးတခုဟာ ဒီရှေးမြို့ဟောင်းနဲ့ မဝေးလှတဲ့ တနေရာမှာ ဖြစ်ခဲ့ပါတယ်။ ဂျပန်ကမ္ဘာလှည့် ခရီးသည် အမျိုးသမီးတယောက်ကို သူ ငှားရမ်းလာတဲ့ မော်တော်ဆိုင်ကယ်သမားက သတ်လိုက်တယ်ဆိုတဲ့ အဖြစ်ဟာ သူစိမ်းတွေအပေါ် ဧည့်ဝတ်ကျေတဲ့ နေရာမှာ ကျော်ကြားလှတဲ့ အရပ်ဒေသက လူတွေကို
အံ့အားသင့် တုန်လှုပ်စေပါ တယ်။ ဒီရာဇဝတ်မှုဟာ နိုင်ငံတဝန်းလုံးကိုရိုက်ခတ်တုန်လှုပ်သွားခဲ့ပြီး ဒီ အဖြစ်အပျက်ဖြစ်တဲ့ နေရာနဲ့ မဝေးလှတဲ့ ညောင်ဦြး မြို့က မြို့သားတယောက်က ကျမတို့အားလုံးကိုယ်စား ပြောလိုက်သလို “ဒီလောက်ဆိုးတဲ့ အဖြစ်မျိုး ဒီမှာ ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးပါဘူး၊ ကျနော်တို့တော့ နားမလည်နိုင်တော့ဘူး၊ ကျနော်တို့ ဒီလိုမျိုးမဟုတ်ပါဘူး၊ ရှက်ဖို့ ကောင်းလိုက်တာ” ဒီအမှုကျူးလွန်တဲ့ သူကိုတော့ ဖမ်းမိထားပြီး တရားဥပဒေအတိုင်း စီရင်မှာပဲ ဖြစ်ပေမယ့် ဒီမိန်းမငယ် ကလေးရဲ့  အသက်ကတော့ အစားပြန်မရနိုင်တော့ပါဘူး။ သူနဲ့  သိကျွမ်းခင်မင်သူ အားလုံးကို ကျမတို့ရဲ ဝမ်း နည်းမှုကို သိရှိစေလိုပါတယ်။

အရာရာတိုင်းဟာ အနိစ္စဖြစ်ပြီး ဘယ်အရာမှ မမြဲပါဘူး။ ဒါဟာ ဗုဒ္ဓဝါဒက ကျမတို့ကို သင်ကြားပေးတာဖြစ်ပြီး ပုဂံက လည်း ဒါကိုပဲ သင်ပြပေးနေပါတယ်။ ဒါ့အပြင် ထိန်းသိမ်းသင့်တာကို ထိန်းသိမ်းဖို့ ကြိုးစားနေရမယ်ဆိုတာလည်း မှား ယွင်းတဲ့ ကိစ္စမဟုတ်တာ သေချာပါတယ်။ ပုဂံကနေ သိပ်မဝေးလှတဲ့ နေရာမှာ မီးတောင်သေ တခုဖြစ်တဲ့ ပုပ္ပားတောင် ရှိပါတယ်။ မြန်မာတပြည်လုံးမှာ နတ်ကိုးကွယ်ကွယ်ရာ ဌာနအဖြစ် အထင်အရှားဆုံး နေရာလည်း ဖြစ်ပါတယ်။ ဒီမှာ နှစ် စဉ်ကျင်းပတဲ့ ပွဲတော်ဟာ နတ်ကိုးကွယ်တဲ့သူတွေတင်သာမက သက်ဦးဆိုင်ပိုင် ပုဂံဘုရင်တွေ လက်ထက်ကတည်းက ရာစုနှစ်ပေါင်းများစွာ လက်ဆင့်ကမ်းလာခဲ့ကြတဲ့ရိုးရာဓလေ့တွေကို စူးစမ်းလိုကြတဲ့ သိန်းနဲ့ချီတဲ့ ဧည့်သည်တွေကို ဆွဲ ဆောင်နေတာပဲ ဖြစ်ပါတယ်။ ရှေးဒဏ္ဍာရီတွေအရတော့ အနော်ရထာ ဘုရင်လက်ထက်က ပုပ္ပားတောင်ပေါ်မှာ ပန်းစား ဘီလူးမ တဦး ရှိပါသတဲ့။ လူသာမန်ထက်ထူးခြားတဲ့ စွမ်းရည်ရှိတဲ့ နန်းတော်က မင်းမှုထမ်းဟာ ပ္ပုားကို အာဂလူသားတို့ ရဲ့  အမြန်နှုန်းနဲ့ နေစဉ်လာပြီး ပန်းခူးကာ ဘုရင်ကို ဆက်သရပါသတဲ့။ ဒီတော့ မှန်းလို့ရနိုင်သလိုပဲ ဒီအမှုထမ်းဟာ မိမိ ကိုယ်ကို လှပတဲ လူသားမိန်းမပျိုတယောက် အသွင်ဖြစ်အောင် ဖန်ဆင်းနိုင်တဲ့ ပန်းစားဘီလူးမနဲ့  တွေ့ဆုံချစ်ကြိုက်ခဲ့ကြ ရာက သူတိုနှစ်ဦး မေတ္တာရဲ့ အသီးအပွင့်အဖြစ် မွေးဖွားခဲ့တဲ့ အမြွှာ သားယောက်ကျားလေး နှစ်ယောက်ဟာ နောက်ကျ တော့ ပ္ပုားတောင်ကို စောင့်တဲ့ နတ်မင်းတွေ ဖြစ်လာကြတာပါပဲ။

ကမ္ဘာလှည့် ခရီးသွားများကတော့ ပွဲတော်ချိန်မဟုတ်ပေမယ့်လည်း မီးသေတောင်ကြီးပေါ် အတက်လမ်းတလျှောက် စိတ် ဝင်စားစရာ နတ်ကွန်းတွေရှိနေလို့ ပ္ပုားဘက်ကို ဦးတည်ခဲ့ကြပေမယ့် တောင်ပေါ်တက်ဖို့ မဟုတ်ဘဲ တောင်ခြေက အမျိုး သားဥယျာဉ်ကို သွားကြည့်ဖို့ ဖြစ်ပါတယ်။ ဥယျာဉ်အရွယ်က အသင့်အတင့်သာ ရှိသလို ရသုံးငွေ သင့်တင့်မျှတရုံနဲ့ လည် ပတ်နေရပုံက ထင်ရှားပါတယ်။ ဒါပေမဲ့ ဝန်ထမ်းတွေရဲ့ ထက်သန်မှု နဲ့ မြှုပ်နှံမှုကတော့ ဆွဲဆောင်မှုရှိပြီး ဒီဌာနကို လည် ပတ်ရတာ စိတ်ဝင်စားစရာလည်းကောင်း၊ ပညာလည်း ရခဲ့ပါတယ်။

ဝန်းကျင်ဒေသထက် မြင့်နေတဲ့ ကုန်းမြင့်အနေအ ထားကြောင့် ရာသီဥတုဟာ သိပ်ကိုသာတောင့်သာယာ ရှိနေပြီး မီးတောင်ချော်မြေဟာ ရှားပါးတဲ့ သစ်ပင်တွေ၊ အပင် ငယ်မျိုးစိတ်တွေအတွက် ထိန်းသိမ်းဖိုနဲ့  စိုက်ပျိုးဖို့ အကောင်းဆုံးမြေမျိုး ဖြစ်ပါတယ်။ လှပဆန်းပြားတဲ့ သစ်ခွတွေနဲ့ လိပ် ပြာတွေ ပေါများပြီး ဥယျာဉ်ကိုယ်နှိုက်ကတော့ ဆေးဖက်ဝင်တဲ့ ဟင်ရွက်ဟင်းသီးနဲ့ ပရဆေးပင်တွေကို အထူးစိုက်ပျိုးတဲ့ ဥယျာဉ် ဖြစ်ပါတယ်။ အပင်ထိန်းသိမ်းရေးနဲ့ သုတေသနလုပ်ငန်းတွေအတွက် အကောင်းဆုံး ဝန်းကျင်လို့ ပြောရမှာပါပဲ။ လေက အေးနေပြီး ကျယ်ဝန်းတဲ့ သစ်သားကပြင်ရှိနေလို့ အဲဒီပေါ်ကနေ ကျမတို့အားလုံး သဘာဝ မီးတောင်ကြီးရဲ့ မြင် ကွင်းနဲ့ရုက္ခဗေဒသမားတွေ နှလုံးပျော်မြူးစေမယ့် စိမ်းလန်းတဲ့ ရှုမျှော်ခင်တခုလုံးကို အပြည့်အဝ ခံစားနိုင်ပါတယ်။

ပုဂံမှာ လေးရက်နေတယ်ဆိုတာဟာ နောင် ဘယ်နှခေါက်ပဲ ပြန်လာပြန်လာ အသစ်အသစ်သော တွေ့ရှိမှုတွေ၊ စေတီပု ထိုးတို့ ရဲ့ မြို့တော်က ပေးတဲ့ အသစ်အသစ်သော ဖမ်းစားမှု တွေ ရှိနေဦးမှာပါလား ဆိုတာကို သဘောပေါက်ဖို့ လောက်ရုံပါပဲ၊ ရိုးရာ လက်မှုအနုပညာ၊ တောင်းရက်တဲ့ လုပ်ငန်း၊ အိုးလုပ်ငန်း၊ ယွန်းလုပ်ငန်းတွေဟာ ဆွဲဆောင်ရုံသာမက အသုံး လည်း ဝင်လှပါတယ်။ ပုဂံဆိုတာ တကယ်ကတော့ မြန်မာ့ယွန်းလုပ်ငန်းရဲ့ အချက်အချာ နယ်မြေပဲ ဖြပ်ပါတယ်။ ရှေးကျ လှတဲ့ နည်းပညာနဲ့ ဒီဇိုင်းတွေကိုပဲ ထိန်းသိမ်းလုပ်ဆောင် နေကြတာ ဖြစ်ပေမယ့် အသစ်အဆန်းဘက်သို့လည်း ဦးတည် ဖို့ လိုတယ်ဆိုတာကို သိရှိနေကြပါတယ်။ တခြားနိုင်ငံက လုပ်ကိုင်ပုံတွေကို လေ့လာသင်ယူဖို့လည်း ထက်သန်နေကြပြီး ယွန်းဆိုင်ကြီးတခုက ဆိုင်ရှင်အမျိုးသမီးတယောက်ကဆို မြန်မာယွန်းရဲ့ အရည်အသွေးပိုကောင်းအောင် နည်းလမ်းရှာဖို့ ဂျပန်မှာ အချိန်အတော်ကြာ နေခဲ့ဖူးပါတယ်။
သမိုင်း၊ ပိသုကာ၊ အနုပညာ၊ သဘာဝတရားရဲ့ အလှအပတွေနဲ့ ပတ်သက်လိုပုဂံက အများကြီး သင်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ဒီဒေသကြီးရဲ့ အကြီးမားဆုံးပိုင်ဆိုင်မှုကတော့ သူ့ ဒေသက လူတွေပါပဲ။ ဂုဏ်ယူဖွယ်ရာ မြို့တော်ဟောင်းသား တွေပီပီ သိမ်မွေ့ ယဉ်ကျေးကြပါတယ်။ သူတို့ ရဲ့  ပတ်ဝန်းကျင်က ထူးခြားသလို၊ သူတို့ ရဲ့  နှစ်လိုဖော်ရွေမှုကို အမြဲ အမှတ်ရစရာပါ။ တနေ့လယ်ခင်းမှာ ကျမတို့ နေ့  လယ်စာ ကို သရပါ ၃ ဆိုတဲ့ ဆိုင်မှာ စားဖြစ်ခဲ့ပါတယ်။ စာပွဲရှည်တချို့နဲ့ ခုံတန်းလျားတချို့ကို သစ်ပင်ရိပ်တွေအောက်မှာ ချခင်းထားတဲ့ ဆိုင်မျှသာဖြစ်ပေမယ့်လို့ ပုဂံမှာတော့ ကျော်ကြားတဲ့ ဆိုင်တဆိုင်ပဲ ဖြစ်ပါတယ်။ သရပါ ၁ ကလည်း ဒီလိုဆိုင်မျိုးပဲ ဖြစ်ခဲ့ပြီး မူလနေရာကနေ ရွှေ့သွားခဲ့ရပါတယ်။ စွဲမြဲတဲ့ စား သုံးသူတွေရဲ့ အလိုအရ သရပါ ၂ ကို အခြား အပင်အောက်မှာ ဖွင့်ခဲ့ပါတယ်။ သရပါ ၂ ရွှေ့သွားရပြီးတဲ့ နောက်မှာ ပရိတ် သတ်တွေကလည် ဒါဆိုဒါမှဆိုတော့ သရပါ ၃ ဆိုတာ ပေါ်လာတော့တာပါပဲ။

သစ်ပင်ရိပ်အောက်က စာပွဲတခုမှာ တနပ်လောက် စားကြည့်ရင်ပဲ သရပါက စာဖွယ်ရာနဲ့ ပျူငှာမှုကို နှစ်သက်ကြတဲ လူ တွေ ဘာကြောင့် ဒီကို ပြန်ပြန်လာကြသလဲဆိုတာ နားလည်သွားမှာပါပဲ။ (အမေရိကန်ငွေ ဆင့် ၅၀ ထက် နည်းတဲ့) ကျပ် ၃၀၀ လောက်ဆို တော်တော်များတဲ့ ထမင်းနဲ့ လိုသလောက် လိုက်ပေးတဲ့ (သနပ်၊ ခရမ်းချဉ်သီးနှပ်၊ နှမ်းဖတ်ချဉ်သုပ်၊ ငါးပိနဲ့ အရွက်ကြော် စတဲ့) ဟင်းရန် လေးငါးမျိုး ရပါတယ်။ ပုံမှန် စားနိုင်သူ တယောက်အတွက် ဒီအရန်ဟင်းကတင် လုံ လောက်နေပါပြီ၊ အသားဟင်းနဲ ငါးဟင်း တချို့လည်း စားပွဲပေါ်မှာ ချထားပါသေးတယ်။ ကိုယ့် ပန်းကန်ထဲ ထည့်စားတဲ့ အတုံးတွေအတွက်ပဲ ကိုယ် ပေးရပါတယ်။

ပုဂံကို ရက်အနည်းငယ်သွားခဲ့တဲ့ အကြောင်းကို ရေးမယ်ဆိုရင် စာအုပ်တအုပ်စာလောက်တောင် ရေးနိုင်မှာပါ။ ဒါပေမဲ့ ဒီမှာတင် ရပ်တော့မယ်ဆိုတော့ အစားအသောက် နဲ့  အဆုံးသတ်တာထက် ကောင်းတာ မရှိနိုင်ပါဘူး။ ဒါ့ကြောင့် ကိုယ်ကိုယ်တိုင်ပဲ ပုဂံကို အားလပ်ရက်လာရင်း သရပါက ရိုးရိုးလေး စားမြိန်စရာတွေကို မြည်းလှည့်ကြပါလို့ပဲ တိုးတိုးလေး ပြောလိုက်ပါရစေ။
အောင်ဆန်းစုကြည်
(၂၃၊ အောက်တိုဘာ၊ ၂၀၁၁ နေ့ ထုတ် Mainichi သတင်းစာတွင် ဂျပန်ဘာသာ အင်္ဂလိပ်ဘာသာတို့  ဖြင့်ဖော်ပြခဲ့သည့် ဆောင်းပါးဖြစ်ပါသည်။ )

No comments:

Post a Comment

ဖတ်ပြီးရင် မှတ်ချက်ပေးသွားဖို့  ဖိတ်ခေါ်ပါတယ်။