Thursday, January 26, 2012

သန်းကြွယ်သူဌေးကဲ့သို့  မြန်မာပြည်တွင်းသို့ လှည့်လည် ခရီးသွားနိုင်မည့်အစီအစဉ် စပြီ


ဒီကနေ့ မနက် စီအဲန်အဲန်အင်တာနက် သတင်းကို ဖတ်ပြီးတော့ ကျွန်မပျော်ရမှာလား၊ ၀မ်းနည်းရမလားတောင် မဝေခွဲနိုင်ဘူးဖြစ်သွားပါတယ်။ ယဉ်ကျေးမှုထွန်းကားတဲ့ ကိုယ့်တိုင်းပြည်ကို နိုင်ငံခြားခရီးသွားည့်သည်တွေ စိတ်ဝင်တစား လာရောက်လည်ပတ်ကြမှာကို ၀မ်းသာမိပေမယ့်၊ အဲဒီလောက်တန်ဖိုးရှိတဲ့ ငွေတွေကို နယ်စပ်ဒေသမှာ နေစရာ၊ စားသောက်စရာမရှိဖြစ်နေတဲ့ စစ်ပြေး ဒုကွသည်တွေ ကိုဖြစ်ဖြစ်၊ ငွေကြေးမတတ်နိုင်လို့  အသက်ဆုံးရှုံးလုလု ဖြစ်နေတဲ့ ဆေးရုံတွေ ပေါ်က ခလေးတွေကို ဖြစ်ဖြစ် လှူကြရင်ကောင်းမှာပဲလို့  တွေးမိလို့ ပါ။ 
စီအဲန်အဲန်မှာ ရေးထားတဲ့ သတင်းက ဒီလိုပါ......
 
 မြန်မာနိုင်ငံအတွင်းက နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကြောင့်၊ နိုင်ငံခြားခရီးသွားည့်သည်တွေ ဟာ မြန်မာပြည်ကို သွားရောက်လည်ပတ်ဖို့  မျက်စိကျလို့ လာကြပါသတဲ့။  မကြာခင်မှာ နိုင်ငံခြားသားခရီးသွားည့်သည် တွေ အမြောက်အများဝင်ရောက်လာနိုင်တယ် ဆိုတဲ့ မျှော်လင့်ချက်တွေ ကြောင့် ပြင်ပက ဟိုတယ်နဲ့  ခရီးသွားလာရေးဆိုင်ရာ စီးပွားရေးသမားများ ကလဲ မြန်မာပြည်ဘက်ကို ခြေဦးလှည့်လို့ လာနေကြပါသတဲ့။

Photo: CNN (မြန်မာပြည်အတွင်း ခရီးသွားလာဖို့  ထိုင်ခုံ ခြောက်လုံးသာပါတဲ့ သီးသန့် ဂျက်လေယာဉ်)
ခရီးသွားလာရေးလုပ်ငန်းတွေထဲမှာ  Khiri Travel ခရီးသွားလုပ်ငန်းက မြန်မာနိုင်ငံကို သွားရောက်လည်ပတ်ဖို့ စိတ်ဝင်စားသူတွေအတွက် ‘သန်းကြွယ်သူဌေး၏ ခရီးသွားလှည့်လည်ခြင်း’ လို့ အမည်ရတဲ့  "Millionaire's Tour" ခရီး တစ်ခုကို စတင်လိုက်ပြီလို့ ရေးသားထားပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ က နေ မြန်မာနိုင်ငံကို လေးရက်နဲ့  သုံးည ကြာမြင့်မဲ့  အဆိုပါ ခရီးစဉ် မှာ ခရီးသွားသူများကို သန်းကြွယ်သူဌေးတွေလို ထိုင်ခုံ ၆ခုသာပါတဲ့ သီးသန့် လေယာဉ်နဲ့  မြန်မာပြည်တွင်း က ပုဂံ၊ အင်းလေး အစရှိတဲ့ ဒေသတွေကို လိုက်ပါပို့  ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ခရီးစဉ်မှာ တကယ်လို့  ခရီးသွားခြောက်ဦးပြည့်မယ်ဆိုရင် တစ်ဦးစီကို အမေရိကန် ဒေါ်လာ ၈၅၀၀၊ လေးဦးပဲရှိရင် တစ်ဦးကို အမေရိကန်ဒေါ်လာ ၁၁၃၅၀ နဲ့  နှစ်ဦးပဲ ရှိရင် တစ်ဦးကို အမေရိကန်ဒေါ်လာ ၂၂၀၀၀ စီကုန်ကျမှာ ဖြစ်ပြီး၊ ကုန်ကျမှုစားရိတ်တွေက လေယာဉ်ခ၊ဟိုတယ်ခ၊ အသေးစားသုံး (ဥပမာ..ပုဂံဒေသတွင် စက်ဘီးစီးခြင်း စတဲ့ အသုံးစားရိတ်များ) နဲ့   အစားအသောက် တွေ အတွက် ပါဝင်တွက်ချက်ထားပြီးဖြစ်တယ်လို့ Khiri Travel ကြော်ငြာထားကြောင်းသိရပါတယ်။ Khiri Travel က အဆိုပါ ခရီးစဉ်ကို စတင်လိုက်ပြီလို့ ကြေငြာကြောင်း စီအဲန်အဲန်ကရေးထားပေမယ့်..တခြားအင်တာနက်သတင်းတွေမှာတော့ က ခရီးစဉ် တွေကို ယခုမှစ ဘွတ်ကင်လက်ခံနေပြီး၂၀၁၂ မေလ ကနေ စက်တင်ဘာလ အတွင်း စတင်ပြေးဆွဲမယ်လို့  ရေးသားထားပါတယ်။

၂၀၁၁ ခုနှစ်အတွင်း အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံကို လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသားခရီးသည်ပေါင်း ၁၆ သန်းကျော်ရှိခဲ့ပေမယ့် ၊ မြန်မာပြည်တွင်းမှာတော့ နိုင်ငံရေးအခြေအနေ မငြိမ်သက်မှုတွေကြောင့် နိုင်ငံခြားသားခရီးသည်ပေါင်း ၄သိန်းသာရှိခဲ့တယ်လို့  သိရပါတယ်။ ဒီနှစ်ထဲမှာတော့ မြန်မာနိုင်ငံကို လာမယ့်သူတွေများတယ်လို့ ထင်ကြေးပေးနေကြပါတယ်။

ကျွန်မသူငယ်ချင်းတွေကတော့ ဒါအင်မတန်ကောင်းတဲ့သတင်းတဲ့၊ သူတို့ ပိုက်ဆံကို မြန်မာပြည်ကို လာဖြုန်းကြတာ ကောင်းတာပေါ့ လို့  ပြောကြတယ်။ သာမာန်ခရီးသွားသူတွေကြောင့် ဒေသခံပြည်သူလူထု က စီးပွားရေးလုပ်ငန်းတွေ ကို အကျိုးရှိနိုင်တယ်လို့  ကျွန်မ ယုံကြည်ပေမယ့် ဒီလို ဇိမ်ခံခရီးသွားလာမှုတွေက ဒေသခံလူထုတွေကို ပိုပြီး အကျိုးရှိစေမှာလား (ဒါမှမဟုတ်) ခရီးသွားလုပ်ငန်းလုပ်နေတဲ့ စီးပွားရေးသမားတွေကို ပိုပြီးအကျိုးရှိစေမှာလား ဆိုတာ ကတော့ စဉ်းစားစရာပါ။ 

ဘာပဲဖြစ်ဖြစ်..ကျွန်မကတော့ ...ကျွန်မတို့ ရွာမှာ ဆင်းရဲလွန်းလို့  အချို့ လယ်သမားတွေရဲ့ အိမ်မှာ အိမ်တံခါးတောင် မရှိတဲ့ ဘ၀၊ ကလေးတွေ နေမကောင်းရင်တောင် မြို့ က ဆေးရုံကို မပို့ နိုင်လို့  သေဆုံးသွားရတဲ့ သူတွေရဲ့  ဘ၀တွေနဲ့ ရင်းနှီးကြီးပြင်းလာခဲ့ရသူမို့ ၊ အင်မတန်ချမ်းသာတဲ့ သူဌေးကြီးတွေ လျှောက်ပြီး သုံးဖြန်းနေကြတာမြင်တိုင်း.( လောကကြီးမှာ မမျှတမှုတွေ ရှိနေတာ သဘာဝပဲလို့ နားလည်ပေမယ့်) .သုံးဖြန်းပစ်မယ့်အစား.မရှိဆင်းရဲသားတွေကို မျှပေးကြရင်ကောင်းမှာပဲ..ဆိုပြီး .နှမျောတတ်တုန်းပါပဲ။ သူတို့ ပိုင်သမျှကို အကုန်မလှူခိုင်းပါဘူး၊ သူဌေးတစ်ယောက်စီက နည်းနည်းလောက်စီမျှပြီး လှူလိုက်ရင်၊ ဆင်းရဲသူတွေနဲ့  ချမ်းသာသူတွေ ကြားမှာ ကွာဟမှုတွေ အခုလောက်ထိ သိပ်ကြီးမှာ မဟုတ်တော့ဘူး။ ရှိရှိသမျှ သူဌေးတွေအားလုံး  မြန်မာနိုင်ငံအတွက်  နှစ်စဉ် ဒေါ်လာနှစ်သန်းလှူဒါန်းနေတဲ့ အမေရိကန်က သူဌေးကြီး ဂျော့ဆိုးရော့စ်(စ) လို ဖြစ်ရင် သိပ်ကောင်းမှာပဲ လို့ လဲ တောင့်တမိပါရဲ့ ။ 
                                                                                           မစုဥာဏ်      

မှီငြမ်း၊ http://www.cnngo.com/bangkok/visit/millionaires-tour-myanmar-510333

No comments:

Post a Comment

ဖတ်ပြီးရင် မှတ်ချက်ပေးသွားဖို့  ဖိတ်ခေါ်ပါတယ်။