Photo: internet |
“ပြောရဦးမယ်အေ့… ” သည်လို နိဒါန်းပျိုးလိုက်ပြီဆိုသည်နှင့် ဆရာမ၏ ထွေရာလေးပါး စကားများထဲမှ ဘ၀အမောပြေစရာ၊ သို့ မဟုတ် ကျွန်မတို့ မသိသေးသည့် သူ၏ အညာဒေသ အကြောင်းအရာများထဲမှ တခုခုကြားရတော့မည်ဟု အာရုံရလိုက်သည်။
"ပြီးခဲ့တဲ့ စာပေဟောပြောပွဲတုန်းကပေါ့အေ။ ရွာက တော်တော်ကို ခေါင်တာပါ။ မြင်းမူ ဟိုးဘက်က ရွာပေါ့။ သူတို့ ရွာ မှာ တယ်လီဖုန်းကျလာတာလဲ နှစ်ရက်ပဲ ရှိသေးတယ်တဲ့တော့။ အဲဒါ ရွာလူကြီးဆီမှာ ဖုန်းကို ထားရော။ အဲဒီမှာ ဖုန်းက လာပါလေရော။ လူကြီးက တော်တော်နဲ့  မကိုင်ဘူးတဲ့အေ။ နောက်တော့ ဖုန်းကလဲ မြည်လွန်းတာနဲ့.. ကိုင်း ကိုင်တယ်ကွာ ဆိုပြီး ဖုန်းကို ကောက်ကိုင်လိုက်တာ၊ ဟိုဘက်က ဖုန်းဆက်တဲ့သူက ဘယ်သူနဲ့  တွေ့ ချင်လို့ပေါ့၊ ခေါ်ပေးစမ်းပါ၊ ဘယ်က ဆက်နေတာပါ အဲလို တောက်လျှောက် ပြောနေတာကို သူက ဒီဘက်ကနေပြီး ဘာအသံမှ ပြန်မပေးပဲ နားပဲ ထောင်နေတာတဲ့။ ဒါနဲ့ ဟိုဘက်က .. ဘယ်သူလဲ အခု ဖုန်းကိုင်တာ… ဟယ်လို .. ဟယ်လို လို့ ပြောတော့မှ သူက.. ကိုင်း… အဲဒီ ဟယ်လို မေ့နေလို့  ဘာမှ ပြန်မပြောဖြစ်တာတဲ့” သူ့  စကားဆုံးတော့ ကျွန်မတို့မှာ ဟန်ပင် မဆောင်နိုင်ဘဲ ၀ါးလုံးကွဲ ရယ်လိုက်မိပါသည်။
“အဲလို ရိုးကြတာမြင်ရတော့ ငါတို့ အမေကြီးတွေ ပြောခဲ့တာတွေလဲ ဟုတ်မှာပဲအေ့။ သူတို့ ခေတ်မှာ ရွာကို ခေါက်ထီး စရောက်လာတော့ ဟိုဘက်ရွာ ဒီဘက်ရွာက လူတွေ လှည်းတွေနဲ့ လာကြည့်ကြတယ်တဲ့။ ခေါက်ထီး မြင်ဖူးချင်လို့ပေါ့အေ။ အဲဒါနဲ့ ခေါက်ထီးပိုင်ရှင်ကလည်း သူ့ ခေါက်ထီးကို ထုတ် ထုတ်ပြရတာပေါ့။ ဟော သည်မယ်နော်.. ဆိုပြီး ခေါက်ထီးကို ထုတ်ပြ.. ကိုင်းကြည့်ကြ ဆိုပြီး တဆစ်ချင်း သွင်းပြတာပေါ့အေ။ မျက်စိတမှိတ်အတွင်း ဒီလောက် ရှည်တဲ့ ထီးကြီးက လက်တထွာစာပဲ ကျန်တော့ လာကြည့်ကြတဲ့သူတွေက.. ဟုတ်ပါ့တော်.. ခေါက်ထီးတဲ့တော်.. တကယ်ခေါက်တာတော့.. အံ့ချက်တော်..ဆိုပြီး ပြောလိုက်ကြတာအေ။ တယောက်စကား တယောက်နဲ့ တခြား ရွာတွေကလဲ အထူးအဆန်းဖြစ်ပြီး လာကြည့်ကြတာပေါ့။ အဲသလို ပြရတာနဲ့ပဲ ထီးပိုင်ရှင် ထီးမဆောင်းလိုက်ရဘဲ ပျက်ပါရောလား။ ” ဆရာမ၏ အပြောကိုရော၊ ပြောဟန်နှင့် ဇာတ်လမ်းကိုပါ သဘောကျ၍ ထပ်ရယ်မိပြန်သည်။
“ရွှေတဆုပ် လုံချည်တုန်းကလဲ ဒီအတိုင်းပဲ။ လုံချည်ကွင်းကြီးကို လက်နဲ့ဆုပ်လိုက်တော့ တကယ့် လက်တဆုပ်ပဲ ကျန်တော့တာကို လူတွေက လာကြည့်ကြတာပေါ့။ အဲဒါ အလှူနေ့လည်း ရောက်ရော။ သူ့လုံချည် ၀တ်မရလောက်အောင် ကြေမွကုန်ရောပေါ့။ အဲဒီခေတ်က ရွာမှာ မီးပူလည်း သုံးတတ်သေးတာ မဟုတ်ဘူး”
“အဲဒီအကြောင်း အန်တီထူး ၀တ္ထုထဲမှာ သမီး ဖတ်ဖူးတယ်။”
“အေး ဟုတ်တယ်။ ရေးမိသေးတယ်။ နေဦးအေ့.. ညည်းတွေ့လို့ ပြောရဦးမယ်။ မပြန်ခင် ငါ့ကို ကွန်ပြူတာ လာသင်ပေးဦးအေ”
“လာခဲ့မယ်လေ။ သမီးလည်း အန်တီထူးကို သမီးတို့ ၀ဘ်ဆိုဒ်လေးအတွက် အင်တာဗျူး လုပ်ချင်နေလို့။”
“ငါ့မှာ ကွန်ပြူတာ ဘယ်လို တတ်တယ်မှတ်တုန်း။ ဒီလိုပဲ ဟိုလူလာရင် ကိုယ်သိချင်တာလေး မေးလိုက်၊ ဒီလူလာရင် ကိုယ် သိချင်တာလေး မေးလိုက်၊ စာအုပ်ဖတ်လိုက်နဲ့။ အဲလို သင်ရတာပဲ။ အခုအေ.. စာရိုက်တာ “သ”ကြီး ရိုက်မရလို့။ အဲဒါ လာလုပ်ပေးဦး။”
ထိုစဉ် ကျွန်မ ဖေဖေက “နင်ကလဲ ငါ ပြပေးလို့လဲ ရပါတယ်ဟ။ ငါ ၀ယ်ထားတဲ့ စာအုပ်က အတော်ကောင်းတာ။ အကုန်စုံတယ်။ ငါဖြင့် အဲဒီ စာအုပ်နဲ့ လုပ်နေတာ တော်တော်တတ်နေပြီ” ဟု ပြောလေသည်။
အန်တီထူးကလည်း အားကျမခံ “ခင်ဗျား တကယ်တတ်ရင် ကျနော့်ကို သင်ပေးလေ။ လက်တွေ့မပြလို့ကတော့ ခင်ဗျား တတ်တယ်ဆိုတာ ယုံကို မယုံဘူး” ဟု မဆိုင်းမတွ တချက် ပြန်တောလိုက်ရာ ဖေဖေကလည်း “စာအုပ်က ပျောက်နေတာဟ။ စာအုပ်ပျောက်ရင် ပညာလည်း ပျောက်တယ်။ စာအုပ်ရှိရင် ပညာလည်း ထွက်လာရော” ဟု အရွှန်းဖောက်လေသည်။ ဖေဖေက သူ ၀ယ်ထားသည့် ကွန်ပြူတာစာအုပ်တွင် စာဘယ်လို ကူးရသည် (Copy, Paste)၊ ဖိုင်ဘယ်လို ခွဲသိမ်းသည် စသည့် အသေးစိတ်အကြောင်းအရာများ ပါသည်ဆိုတော့ ဆရာမမှာ ၀မ်းသာအားရဖြင့် “အဲလောက်တောင် စုံသလားဗျ။ အေးဗျ.. အဲဒီစာအုပ် ကောင်းမှာပဲ။ ခင်ဗျား တွေ့ရင် ပေးစမ်းပါဦး” နှင့် တောင်းလေတော့သည်။ အနားတွင် ရှိသော ဆရာနေ၀င်းမြင့်ကတော့ သူတို့ စကားဝိုင်းကို စိတ်မ၀င်စား၊ ကွန်ပြူတာတော့.. မထူးနဲ့ မဖွေး (ဆရာနှင့် ဆရာမတို့၏ သမီး) တို့ပဲ အရင်သင်ပါစေဦး၊ တို့တော့ နောက်မှ.. ဟု ဆိုသဖြင့် ရယ်ရပြန်သေးသည်။ ကျွန်မ ဖေဖေက “သမီးရေ.. တောမှာ ကြီးရတဲ့သူတွေကတော့ ဘယ်လောက်ပဲ စာတတ်တတ် ခေတ်ပေါ် ပစ္စည်းတွေ၊ အီလက်ထရောနစ် ပစ္စည်းတွေကျတော့ သုံးရမှာ သိပ်မရဲကြဘူးလေ” ဆိုလေတော့ အရာတော်သား ဦးညိုထွန်းလူ၊ ကုန်းဇောင်းသား ဦးနေ၀င်းမြင့်နှင့် ဥဒယသူ ဒေါ်ခင်ခင်ထူးတို့ကို ကြည့်ကာ ကျွန်မမှာ ကရုဏာစိတ်ဖြင့် ရယ်ရမှာလည်း အားနာ၊ ငိုရလည်း ခက် ဖြစ်နေတော့သည်။
အန်တီထူးက ဆိုပြန်သည်။ “ပြီးခဲ့တဲ့ မလေးရှား စာပေဟောပြောပွဲအပြန်မှာအေ။ လေဆိပ်မှာ ငါ့ကို လူဝင်မှုကြီးကြပ်ရေးက ဘာတွေ မေးမှန်းမသိဘူး။ သူပြောတဲ့ အင်္ဂလိပ်စာလည်း တလုံးမှာ နားမလည်ဘူး။ ဒါနဲ့ ငါလဲ.. ခပ်တည်တည်နဲ့ပေါ့အေ။ ငါ့ ပတ်စ်ပို့စာအုပ်ကို လက်ညှိုးထိုးပြပြီး This is my passport ၊ ပြီးတော့ သူတို့ ဗီဇာ တံဆိပ်တုံးကို ပြပြီး This is your embassy seal လို့ပြောပြီး What’s wrong လို့လည်း မေးလိုက်ရော… ဟား ဟား ဟား ဟား.. အဲဒီက အရာရှိက ငါ ပြောတဲ့ အင်္ဂလိပ်စာ အရမ်းပီသွားလို့များ လန့်သွားသလား မသိပါဘူးအေ။ ငါ့ကို သွားတော့ သွားတော့လို့ လက်နဲ့ ဟန်ပြတယ်” သည်တခါတော့ နားထောင်သူ မပြောနှင့် ပြောနေသူ ကိုယ်တိုင်ပင်လျှင် သဘောတကျ ရယ်နေပေရာ ကျွန်မတို့ စကားဝိုင်းမှာ ပတ်တုတ်၍ပင် မရတော့။ ဆရာမသည် စာထဲတွင်သာ ရိုးသားသူမဟုတ်၊ ပြင်ပတွင်လည်း ရိုးရိုးရှင်းရှင်း၊ ခပ်ဘွင်းဘွင်းသမား ဖြစ်သည်။
ဆရာနေနှင့် ဆရာမတို့ မပြန်ခင်တွင် ကျွန်မမှာ ဆရာမကို .. အင်တာဗျူးချင်သည့် အကြောင်း ထပ်လောင်း၍ ဆိုရပြန်သေးသည်။ မည်သို့ပင် ပုဂ္ဂိုလ်ရေးအရ ခင်မင်နေစေကာမူ ကြုံ၍ ခွင့်တောင်းသည်ဟု အထင်မခံလိုသဖြင့် သေသေချာချာ အလေးထားပြီး ခွင့်တောင်းခဲ့ပါသည်။ သည်လိုနှင့် စပယ်နံ့၊ နှင်းဆီနံ့၊ သနပ်ခါးပန်းနံ့၊ စကားနံ့ ထုံသင်းနေသော ဆရာမတို့ အိမ်သို့ ရောက်ခဲ့ရပြန်သည်။
(၂)
ဆရာမတို့ အိမ်ကို ရောက်တော့ ဆရာမလိုချင်သည့် ခေတ်ဟောင်းသီချင်းများ၊ ဇာတ်ထုပ်များအပါအ၀င် အီးဘွတ်ခ်အချို့ကိုပါ သူ့ ကွန်ပြူတာထဲ ထည့်ပေးပြီးနောက် ကျွန်မတို့၏ အင်တာဗျူးကို စခဲ့ပါသည်။ ကျွန်မ ကွန်ပြူတာ ဖိုင်များ ဖွင့်လိုက်၊ ပိတ်လိုက် လုပ်နေသည်ကို အနားကနေ ထိုင်ကြည့်ပြီး “ညည်း လုပ်တာ မြန်လိုက်တာအေ။ ငါတော့.. ဒီနေ့အဖို့ အဟုတ်ကို ပညာတွေ တိုးသွားပြီ” ဟု တဖွဖွ အဟုတ်ကြီး ဆိုနေသဖြင့် ကျွန်မမှာ မနေတတ် မထိုင်တတ်အောင် ဖြစ်ရပြန်သည်။ ဧပြီလ နောက်ဆုံးအပတ်ထဲ၌ ဟောပြောရမည့် စင်ကာပူဟောပြောပွဲအတွက် သူ ပြင်ဆင်နေရသည်များကိုလည်း ပြောပြသည်။ ထို့ကြောင့်ပင် သည်အင်တာဗျူးကို ဆရာမ၏ စာပေဟောပြောပွဲအကြောင်းနှင့် စပ်လျဉ်း၍ အစချီလိုက်ရပါသည်။
ဆရာမ အခုလာမယ့် စင်ကာပူဟောပြောပွဲမှာ ဘယ်လိုအကြောင်းအရာတွေကို အဓိကထားပြီး ပြောသွားမလဲ။
တော်ပါအေ။ ဆရာမတွေ လုပ်မနေပါနဲ့။ အန်တီထူးပဲပေါ့။ နေဦး။ သမီးက Edit ပြန်လုပ်ဦးမှာလား။ ငါက ဒီအတိုင်းကြီး ပြောသွားမှာအေ့။ ရယ်စရာတွေလည်းပါမယ်။ တော်ကြာ မဆိုင်တာတွေ ပါကုန်လို့ လေရှည်တယ် ဖြစ်နေဦးမယ်။ (ကျွန်မက… ရတယ် အန်တီထူး လွတ်လွတ်လပ်လပ်သာပြော၊ သမီးက အန်တီထူးရဲ့ အညာလေသံကို ကြားချင်တာ၊ သူများတွေကိုလည်း ကြားစေချင်တယ်ဟု ဆိုလေမှ အမေးအဖြေကဏ္ဍလေးမှာ ပွင့်ပွင့်လင်းလင်း မြိုင်မြိုင်ဆိုင်ဆိုင်လေး ဖြစ်သွားတော့သည်။)
အန်တီထူးက သမီးရယ် ခေါင်းစဉ်ကိုက “အညာဓလေ့ ရွာဓလေ့” လို့ တပ်ထားတော့ တို့ အညာရွာတွေရဲ့ ဓလေ့၊ ဒေသိယ အသုံးတွေ၊ ယဉ်ကျေးမှုတွေ၊ ဓလေ့ထုံးစမ်းတွေ၊ နောက်ပြီးတော့ အညာသူ၊ အညာသားတွေရဲ့ ရိုးသား ဖြူစင်မှုတွေ၊ နောက် သူတို့ရဲ့ အယူသည်းမှုတွေ စသဖြင့်ပေါ့။ နောက်ပြီးတော့ ကျေးလက်တေးကဗျာတွေနဲ့ ဘယ်လို ပျော်မွေ့ခဲ့ရတယ်။ ဥပမာ.. ၀တ်စားဆင်ယင်မှုနဲ့ ပတ်သက်ပြီးတော့ ဆိုရင်.. ဟိုတုန်းက ကိုယ့်ဝါ ကိုယ်စိုက်၊ ကိုယ့်ဗိုင်း ကိုယ်ငင်၊ ကိုယ့်ချည် ကိုယ်တန်းဆင်ပြီး ရက်ကန်းစင်မှာ ရက်ကန်းရှယ်ပြီး ရက်ကြတာ၊ တနေ့လုံးနေမှ တထွာလောက်ပြီးတာ၊ ထမိန်တကွင်းလောက်ဆိုရင်လေ ဆယ့်ငါးရက်၊ ရက်နှစ်ဆယ်လောက် ရက်ရတယ်။ ဥပမာ.. စောင်ကြီးတွေဆိုရင် နှစ်ပေါက်အောင် ရက်ရတာ။ အရှည်ကြီးပေါ့။ ရက်ပြီးမှ ပြန်ပြီး ဖြတ်ကြ၊ ပြုကြပေါ့။ ဟိုတုန်းက တို့ ဂွမ်းစောင်တွေလည်း မရှိတော့၊ ဒီ ချည်စောင်ကြီးတွေကိုပဲ ဆောင်းတွင်းခြုံရတာကိုး။ စာတွေ၊ ကဗျာတွေထဲလဲ ပါတယ်လေ.. “ခြုံတင်းတိမ် နွားရေခင်းပါလို့” ဆိုတာ၊ အဲဒါပေါ့ သမီးရယ်။ တင်းတိမ်စောင်ကြီးတွေကို ခြုံရတာ။ အဲဒီလို ရက်ကန်းတွေ ရက်ကြတဲ့အခါ ရက်ကန်းရက်သူတွေက ရက်ကန်းတေးတွေ ဆိုကြတယ်။ သူတို့ဆီမှာ အခုခေတ်လိုဆိုရင် ၀ိုင်းစုခိုင်သိန်း သီချင်းဟဲ့၊ ဖြူဖြူကျော်သိန်း သီချင်းဟဲ့လို့ ဆိုစရာမရှိဘူး။ ပြောရရင် လေဘာတီမမြရင် သီချင်း၊ မကြည်အောင် သီချင်း၊ မန္တလာမြင့်သီချင်းရယ်လို့ မရှိကြဘူး။ ဒီတော့ သူတို့ ရင်ထဲက လာတဲ့ ၊ သူတို့ စိတ်ကူး ပေါက်တဲ့ဟာကို ဆိုတာ။ လက်တန်းဆိုတာပဲ။ အဲဒါ ဘာလဲဆိုရင် ဒါဟာ သူတို့ ရင်ထဲကနေ တကယ် ထွက်ပေါ်လာတဲ့ ရင်တွင်းခံစားချက် အစစ်အမှန်။ ဒီ ရက်ကန်းတေးတွေထဲမှာ သူတို့ရဲ့ ဘ၀တွေလည်း ပါတယ်။ ခံစားမှုတွေလည်း ပါတယ်။ ဥပမာလေ.. ရက်ကန်းတေးလေး တပုဒ်ရှိတယ်မို့လား သမီးရဲ့။ ရွှေခြည်ငွေခြည် တန်းပါလို့ ရက်ကန်း ခုံစင်၊ ပန်းခုံစင် ဆိုတာ။ အဲဒီမှာ သီချင်းလေးပါတယ်လေ။ “ဘုရားငုတ်တို ရောင်တော်လွှတ်မှ ပုံတော်ဆင် ၀တ်ကြပါစို့ မောင်ကြီးရေ..တော့။ အောက်ပြေ (ပြည်) ဆို လှေလှော်ထိုး .. ပိုးမှာလိုက်မယ်လေး .. လေ့..” သူရက်နေရတဲ့ ချည်က ၀ါက လာတဲ့ ချည်ကို ရက်နေရတာပဲ။ ဒါပေမယ့် ဒါလေး ရက်ရင်း သူ့စိတ်ထဲမှာ ပေါ်လာတာက .. သြော်.. တို့များ.. ဘယ်အချိန်ကျမှ ပိုးထည်လေးတွေ ၀တ်နိုင်ပါ့မတုန်း။ ဒီပိုးထည်လေးတွေကို ပုံတော်ဆင်လေးတွေ ရက်ကြပြီးပေါ့လေ။ ပုံတော်ဆင်ဆိုတာ မန္တလေးလို၊ ရန်ကုန်လို မြို့ကြီးတွေက ၀တ်ကြတာပေါ့ သမီးရယ်။ ဒီ ပုံတော်ဆင် ပိုးထည် တို့ ဘယ်အချိန်ကျမှ ၀တ်ရပါ့မလဲလို့ ဆိုရှာတာ။ ချည်ထည်လေး ရက်ရင်းနဲ့ သူတို့ ရင်ထဲကနေ ပေါက်ကွဲ ထွက်လာတာပေါ့။ ဘုရားငုတ်တို ရောင်တော်လွှတ်မှဆိုတော့ သမီး စဉ်းစားကြည့်လေ.. စာဆိုရှိသေးတယ်။ “မန်းကျည်းငုတ်တို ရွက်နုပေါက်မှ ချဉ်ရည်သောက်ကြပါစို့” တဲ့။ ဖြတ်ထားလို့ မဲခြောက်ပြီး သေနေတဲ့ ဒီမန်းကျည်းပင်က ဘယ်လိုမှ ရွက်နုမပေါက်နိုင်ဘူးလေ။ မဖြစ်နိုင်တာကို တမ်းတတာ။ မန်းကျည်းငုတ်တို ရွက်နုပေါက်မှ ချဉ်ရည်သောက်ကြပါစို့ မလေးရယ်လို့ ပြောသလို တောထဲက ဘုရားပြို၊ ဘုရားပျက်က ဘယ်လိုလုပ် ရောင်တော် လွှတ်မှာတုန်း။ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး မောင်ရယ်။ ကျွန်မတို့ကတော့ အဲဒီတော့မှ ပိုးထည်လေးတွေ ၀တ်ကြပါစို့တဲ့။ သူတို့ဘ၀လေးတွေကနေ အန်ထွက်လာတဲ့ ရက်ကန်းတေးလေးတွေပေါ့။ အဲဒီ သီချင်းရဲ့ အဆက်ကလေးက “အနား တဘက်တချက်ကယ်နဲ့ စိမ်းနုခြယ်.. စိမ်းနုခြယ်.. အလယ်ကောင် သံရောင်ကွက်ကယ်.. ချစ်တဲ့သူ ရက်ခဲ့တယ်.. လက်ခတ်သံ.. လက်ခတ်သံ.. မလေး လက်ခတ်သံ.. လက်ခတ်သံ.. လက်ခတ်သံ.. ပျိုလေး လက်ခတ်သံ.. လက်ခတ်သံ ကျွန်းဖိုသား သောင်းတိုင်က ကြားသလေ့တော့်”။ အဲဒီ မောင်ကြီး အောက်ပြေ အောက်ရွာ သွားတဲ့အခါကျရင်.. ပိုးထည်တွေ ၀ယ်ခဲ့စမ်းပါတော်။ ပုံတော်ဆင်လေး ၀တ်ချင်လို့ပါ။ ပုံတော်ဆင် ရက်တဲ့အခါကျရင် သူက သေချာစဉ်းစားတာ။ အနားတဘက်တချက်က အစိမ်းနုလေးတွေ ခြယ်ပြီး အလယ်က ဖောက်ချည်နဲ့ သံရောင် ရက်မှာ။ အဲဒီ သံရောင်ရအောင်ဆိုတာ မြစ်ဆိပ်ကမ်းနားက ရွှံ့ပုပ်တွေကို ရေနဲ့ ဖျော်ရတာ။ နောက်ပြစ်နေအောင် ဖျော်ပြီးမှ သံချောင်းကို မီးဖုတ်ပြီး ထည့်လိုက်တော့မှ.. ရှဲ ဆိုပြီး ဖြစ်သွားတာ။ အဲဒီ သံချောင်းကို မီးဖုတ်ပြီးတော့မှ ရလာတဲ့ အရည်ကို စိမ်ပြီး သံရောင်ဖြစ်လာတာပေါ့။ အမှန်တော့ အနက်တော့ အနက်ပဲ။ ဒါပေမယ့် သံရောင်လေး ပြေးနေတာပေါ့အေ။ ပြောကြစို့ဆိုရင် မီးခိုရောင် ဖြစ်မယ်ထင်ပါရဲ့။ အစိမ်းနုလေးနဲ့ သံရောင်လေးတဲ့။ သူ့ စိတ်ကူးလေး ဘယ်လောက်လှလဲ။ သူ့ ခံစားမှုလေး နုတယ် သိလား။ အဲဒီမှာ ကျွန်းဖိုသားနဲ့ သူ လက်ခတ်တယ်တဲ့။ ကျွန်းဖိုသားက ပေါ့တယ်။ လက်ခတ်သံက တနေကုန် မြည်နေမှာပေါ့။ စဉ်းစားကြည့် သမီး။ အချက်ပေါင်း သောင်းချီနေအောင် မြည်နေလိမ့်မယ်။ အဲဒီအခါကျရင်လေတဲ့.. မလေး လက်ခတ်သံဟာ ဟိုး.. တိုင်ပေါင်း တသောင်းကနေ ကြားရစေ့မယ်တော်တဲ့။ ၀မ်းသာအားရနဲ့ကို ဂျောင်း.. ဂျောင်းနဲ့ကို ရက်ပြလိုက်တာပေါ့။ တိုင်ပေါင်း တသောင်းဆိုရင် မိုင်ပေါင်း နှစ်သောင်းပဲသမီး။ တတိုင်ကို နှစ်မိုင်ဆိုတော့လေ။ အဲဒီ သူ့စိတ်ကူးလေးနဲ့ ချည်ထည်ကနေ ပိုးထည်ဖြစ်လာပြီး ရက်လိုက်တာ သူ့လက်ခတ်သံ တိုင်ပေါင်း တသောင်းကနေတောင် ကြားနေပြီဆိုတဲ့အကြောင်းလေး ချစ်စရာကောင်းလိုက်တာ။ အဲဒါကြောင့် သမီးတို့ တေးကဗျာတွေကို ခံစားတဲ့အခါ သူတို့ဘ၀လေးကိုပါ ခံစားပေး။ အဲလို ခံစားကြည့်လိုက်တော့ ကျေးတောနေသူတို့ရဲ့ ဘ၀တွေ၊ ပုံရိပ်တွေ၊ ခံစားမှုတွေ ပေါ်လာတာပေါ့။ ခုနက စကားပြန်ကောက်ရရင် သူတို့မှာ အ၀တ်ကလေးတထည်အတွက်တောင် ဒီလောက် ရက်နေရတယ်။ ခေတ်ကြီးနဲ့ ယှဉ်ရင်တော့ သိပ်ခေတ်နောက်ကျနေပြီပေါ့ သမီးရယ်။ နှေးလဲ နှေးကွေးနေတယ်။ အခုခေတ်ကြီးက ဟော.. အင်တာနက်ထဲကနေ သမီး ဆွဲချနေရင် အကုန် ရနေတယ်။ ဂျပန်ငလျင်လှုပ်တယ်ဆိုရင်လဲ ချက်ချင်း သိရတယ်။ ဒါပေမယ့် သမီးရယ်..။ တို့တတွေက ရက်ကန်းကို တနေ့ တထွာ၊ တတောင်ကျရတဲ့ ခေတ်ကို လွမ်းနေတာ မဟုတ်ဘူး။ ခုနက အန်တီထူး ရှင်းပြလိုက်တဲ့ ဒီမိန်းကလေးရဲ့ စိတ်နှလုံးကို၊ နောက်တခုက တို့ မြန်မာမိန်းကလေးတွေရဲ့ အနုပညာနဲ့ သူတို့ရဲ့ သိမ်မွေ့တဲ့သဘောအမြင်လေးတွေကို လွမ်းကြတာ။ စဉ်းစားကြည့်လေ။ စောစောက မလေးလက်ခတ်သံ ဆိုတဲ့ သီချင်းဆိုရင် ရက်ကန်းသမလေးရဲ့ စိတ်သဘော နူးညံ့မှုတွေ အများကြီးပါတယ်။ တို့ဗမာမတွေက အင်တာနက်.. အင်တာနက်ဆိုပြီး လိုက်နေကြတဲ့ ခေတ်ကြီးမှာ အဲဒီ စိတ်နှလုံးတွေ ပျောက်ကုန်တယ်။ အဲဒါကြောင့် အန်တီထူးက စာထဲမှာ အညာဓလေ့၊ အညာစရိုက်တွေ ရေးတဲ့အခါမှာ အဲဒီ စိတ်နှလုံး ပေါ်အောင်ရေးတယ်။ ကျေးတောနေ တောသူ၊ တောင်သားတွေရဲ့ ၀ိညာဉ်ကိုပါ ထည့်ပေးတယ်။ ဘာလို့လဲဆိုတော့ အန်တီထူးကိုယ်တိုင်က ကျေးလက်တောရွာမှာ ကြီးပြင်းခဲ့ရတဲ့ တောသူပဲ။ အဲဒီ ခံစားမှုတွေ၊ ပုံရိပ်တွေ မပျောက်ဘူး။ တသက်လုံးလဲ ပျောက်မှာ မဟုတ်ဘူး။ တို့ ဒီလို စာနဲ့ ရေးပြီး လက်ဆင့်ကမ်းတဲ့အခါမှာ လိုလိုလားလား လက်ခံတယ်ဆိုရင် ကျေနပ်ပြီ။ လူငယ်တွေ လက်ခံနေသမျှ တို့ဗမာရဲ့ ယဉ်ကျေးမှု၊ တို့ဗမာရဲ့ ဓလေ့ထုံးစံ၊ တို့ဗမာရဲ့ စိတ်နှလုံးတွေ မပျောက်ဘူး။ အဲဒါကို အန်တီထူးက ၀မ်းသာတယ်။ တို့ဝတ္ထုကို အားပေးတယ်၊ အန်တီထူးကို အားပေးတယ်ဆိုတာထက် ဒီယဉ်ကျေးမှု ဓလေ့ကို လက်ခံတယ်ဆိုတာကို ပိုပြီး ၀မ်းသာတယ်။
ဟုတ်ကဲ့ အန်တီထူး။ အခု အန်တီထူးက အညာအကြောင်းတွေ၊ အညာဓလေ့စရိုက်သဘာဝတွေ ရေးတယ်၊ နောက်တခုက အန်တီထူးကိုယ်တိုင်ကလဲ အညာသူဖြစ်နေတယ်။ ဒါပေမယ့် အညာမှာလဲ သူတို့ဘ၀ ရုန်းကန် ပင်ပန်းဆင်းရဲနေရတာတွေ ရှိနေပါတယ်။ ဒါပေမယ့် အန်တီထူးက ရေးတဲ့အခါကျတော့ ဒီလို ရုန်းကန်ပင်ပန်းဆင်းရဲ ရတာတွေ ရှိနေပေမယ့် သူတို့ ဘ၀အမောလေးတွေကိုတောင် ချစ်စဖွယ်ဖြစ်အောင် စာနာတတ်တဲ့ စိတ်လေးနဲ့ ရေးတာကို သမီး တွေ့မိပါတယ်။ အဲဒါက တချက်ပေါ့လေ။ နောက်တချက်က အန်တီထူး ရေးတဲ့အထဲမှာ ရက်ကန်းခတ်တဲ့ အကြောင်းအရာတွေပါတယ်။ ဖက်စိမ်းကွမ်းတောင် အကြောင်းတို့၊ ဆံရစ်ဝိုင်းတို့တွေ ပါတယ်။ အဲတော့ သူတို့ရဲ့ ချစ်စရာ ဓလေ့တွေထဲကနေ တခြားဘာတွေများ ရေးဖို့ ကျန်ဦးမလဲ အန်တီထူး။
ချစ်စရာဓလေ့တွေကတော့ အများကြီး ကျန်တာပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ အန်တီထူး ပဲသင်းကောက်ဆိုတဲ့ အညာဓလေ့၊ ရွာဓလေ့ စာအုပ်ထဲမှာတာ ပါတယ်။ အန်တီထူးက ဒီလို ဘ၀ တကယ်ဖြတ်သန်းခဲ့ရတယ်။ ကိုယ်တိုင်လဲ ပဲနှုတ်ခဲ့ရတယ်။ ၀ါကောက်ရတယ်။ လက်ပံပွင့် ကောက်ရတယ်။ မိဘဘိုးဘွားတွေကလည်း တောသူတောင်သားဆိုတော့ တို့ ကိုယ်တိုင်ကလည်း တောဓလေ့နဲ့ ကြီးပြင်းရတာ။ တို့ လုပ်စရာဆိုလို့လည်း ဒါပဲရှိတာကိုး။ နွားကျောင်းခဲ့ရတယ်။ နွားကျောင်းတာတောင်မှ .. ဟိုနေ့ကတောင်အေ.. ပြောတောင် ပြောဖြစ်သေးတယ်။ အိမ်က နွားကျောင်းလွှတ်လိုက်တော့ ကိုယ့်ရွာတင်မဟုတ်ဘဲ တခြား သူများ ရွာတွေလည်း ရောက်ပေါ့။ ပြန်ခါနီးကျမှ ကိုယ့်နွား ကိုယ်လိုက်ကောက်လိုက်တာ။ ဘယ်သူမှလဲ နွားခိုးတာ မရှိဘူး။ ပျောက်လဲ မပျောက်ဘူး။ ကလေးဆိုတော့ ကိုယ်မက်ရာ မက်ရာ တောင်ရွာမြောက်ရွာ ရောက်တာပေါ့အေ။ အဲလို ရိုးသားမှုတွေ ရှိတယ်။ သူတို့ဘ၀က ပဲသင်းကောက်တယ်ဆိုတာ ပဲခင်းထဲမှာ အခင်းရှင်က ရိတ်ပြီးသွားလို့ လက်လွှတ်လိုက်လို့ အဲဒီမှာ ကျန်ခဲ့တဲ့ ပဲလေးတွေကို တစေ့ချင်း ကောက်ရတာ။ ဟိုအခင်းမှာ လေးငါး စေ့၊ ဒီအခင်းမှာ လေးငါးစေ့။ အဲဒီ ပဲစေ့လေးတွေကို တနေကုန် ကောက်မှ တပြည်၊ နှစ်ပြည်ရတာ။ အဲဒီ တပြည်၊ နှစ်ပြည် ရောင်းလို့ ငါ့ သမီးနှယ် .. အင်္ကျီတထည်ဖိုး မရဘူးအေ့။ အင်္ကျီတထည် အနည်းဆုံး ငါးထောင်၊ ရယ်ဒီမိတ်ဆိုရင် သောင်းချီရှိတာ။ သူတို့ တနွေလုံး ပဲကောက်လို့တောင် အင်္ကျီတထည်ဖိုး မရရှာပါဘူး။ အဲဒီဘ၀တွေကို ကိုယ်က သိတယ်။ ကိုယ်တိုင်လဲ ဖြတ်သန်းခဲ့ရတော့ သူတို့ ဘ၀တွေကို စာနာမိတယ်။ လူတွေက ရိုးသားကြတယ်။ ဖြူစင်ကြတယ်။ ဘ၀ကို ရိုးသား ပင်ပန်းစွာ ဖြတ်သန်းကြရတယ်။ ဒါပေမယ့် သူတို့မှာ ယုတ်မာတဲ့ စိတ်မရှိဘူး။ သူတို့မှာ စေတနာရှိတယ်။ ချစ်ခြင်းမေတ္တာရှိတယ်။ လူသားတွေ သဘာဝအရ ကောက်ကြတာ၊ ချိတ်ကြတာ၊ ရန်ဖြစ်ကြတာ၊ မနာလိုကြတာ ရှိကောင်း ရှိမယ်။ ဒါပေမယ့် မယုတ်ဘူး။ အဲဒီအတွက် သူတို့ကို ရေးတဲ့အခါမှာလည်း ချစ်စရာကောင်းအောင် ရေးဖြစ်ခဲ့တာပဲ။ တကယ်လည်း လူသားတွေ အနေနဲ့ ချစ်စရာကောင်းတဲ့ ရိုးသားဖြူစင်မှုတွေကို တောသူတောင်သားတွေဆီမှာ အများကြီး ရှာတွေ့နိုင်ပါတယ်။
အဲဒါဆို ဓလေ့တွေထဲက ဘာတွေများ ကျန်ဦးမလဲ။
အဲဒါ ပဲသင်းကောက်စာအုပ် အမှာစာမှာ ရေးခဲ့သလိုပဲ။ ရသလောက် လိုက်ထားတာပါပဲ။ ခုနက ပြောသလို ပဲစေ့လေးတွေ ကောက်ရသလိုပဲ။ အခု အညာကျေးလက် ယဉ်ကျေးမှုကို ပဲစေ့လေးတွေ ကောက်ရသလို လိုက်ကောက်နေရတာ။ ဘာဖြစ်လို့လဲဆိုတော့ အခု ခေတ်ကြီးမှာ တောနဲ့ မြို့ဟာ ကူးလူးဆက်စံမှုများလာတဲ့အခါ တောသူတောင်သားတွေသည်ပင်လျှင် မြို့ကို ရောက်လာကြပြီ။ တောမှာ ကျန်ရစ်ခဲ့သူများကလည်း မြို့ဆန်လာတယ်။
ဟုတ်တယ် သမီးလည်း အဲဒါကို မေးမလို့ပဲ။
အေးပေါ့။ ဒါပေမယ့် တို့စိတ်နှလုံးတွေဟာ မထွေပြားကြသေးဘူး။ ဥပမာပေါ့ သမီးရယ်.. မြို့က ပါတိတ်ဝမ်းဆက်ဝတ်လို့ တောက လိုက်ဝတ်ချင် ၀တ်မယ်။ ဒါပေမယ့်လို့ သူတို့ ၀တ်တာ အဲလို မဟုတ်ဘူး။ ဥပမာ.. တို့မြို့ဆိုရင် ပါတိတ်ကို လည်ဟိုက်ချုပ်ဝတ်မယ်ပေါ့။ တောမှာတော့ အဲလို မ၀တ်ဘူး။ ဟီရိသြတပ္ပ တရားရှိတယ်။ အထူးသဖြင့် ရွာက ကဲ့ရိ (ကဲ့ရဲ့)မှာ။ ဆိုကြ ပြောကြလိုက်ကြမှာကို အခုအထိ ရှက်ကြ၊ ကြောက်ကြဆဲပဲ။ တရွာလုံးက ဆွေမျိုးတွေပဲဆိုတော့ ငါ ဒီလို ၀တ်လို့၊ ဒီလို စားလို့ ငါ အပြောခံရချည်ရဲ့ ဆိုတဲ့ စိတ်ရှိကြသေးတယ်။ အေးအေ.. ပြောရင်းမှပဲ ရေးဖို့ ပေါ်လာပြန်ပြီ။
ဒါဆို အန်တီထူးဆိုလိုတာက ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲလာမှုတွေဟာ သူတို့ဆီကို ရိုက်ခတ်လာပေမယ့် သူတို့ရဲ့ ခံစားမှုပိုင်းဆိုင်ရာတွေ မပြောင်းလဲသေးဘူး။ သူတို့ ထိန်းသိမ်းရမယ့်ဟာကိုတော့ သူတို့ ထိန်းသိမ်းဆဲပေါ့။
ပကတိကိုက အဲဒီအတိုင်းပဲ။ မြို့ပြမှာ ဘယ်လောက်ပဲ တိုးတက်နေပါစေ သူတို့ဆီမှာ ဟော့ဟော့ရမ်းရမ်းမရှိဘူး။ ရိုးသားမှုတွေ ရှိသေးတယ်။ အလွယ်ကူဆုံး ပြောရရင် သမီးရယ်။ မြို့က မိန်းကလေး တော်တော်များများ သနပ်ခါး မလိမ်းကြတော့ဘူး။ တို့က သနပ်ခါးတုံး လက်ဆောင်ကို အမြတ်တနိုးပေးတဲ့အခါ တချို့တွေက သနပ်ခါး မလိမ်းတော့ဘူးလို့ ဆိုကြတယ်။ ဒါပေမယ့် တောမှာတော့ သနပ်ခါးမလိမ်းတဲ့ မိန်းကလေး မရှိဘူး။ အဲဒါတော့ သေချာတယ်။ နောက်တချက်က တို့ တောက မိန်းကလေး တော်တော်များများ ပန်းပန်တယ်။
သမီး ပေါက်ကို ရောက်တုန်းကလည်း တော်တော်များများ တွေ့ခဲ့ရပါတယ်။ သူတို့က ဘာပန်းရယ်မသိဘူး။ ပန်းဆိုရင် ချိုးပြီး ခေါင်းမှာ စိုက်ထားလိုက်ကြတာချည်းပဲ။
အေးလေ။ တို့က သစ်ခင်း ယာခင်းကို တောလို့ ခေါ်ကြတယ်။ တောထဲမှာ တွေ့ထဲ ပန်းကို ဆတ် ဆို ချိုးပြီး စိုက်လိုက်ကြ၊ ပန်လိုက်ကြတာပဲ။ အဲဒါလေးတွေတော့ မပျောက်သေးဘူး။ ကျန်သေးတယ်။
(ဆက်ရန်)
မျက်ရှု
ကျေးဇူးတင်ပါသည်။
ReplyDelete