Thursday, January 5, 2012

အရပ်သားအစိုးရ ရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဆောင်ရွက်ချက်တွေ ကို တပ်မတော် က တားဆီးနိုင်ကြောင်း ဒေါ်စုပြော


မြန်မာပြည်တွင်း တိုးတက်ပြောင်းလဲမှု များကို အကောင်းမြင်စွာဖြင့် ကြိုဆိုသော်လည်း၊ အရပ်သားအစိုးရ၏ ဆောင်ရွက်ချက်များကို တပ်မတော်က တားဆီးပါက ရပ်တန့် သွားနိုင်သည့် အနေအထားရှိနိုင်ကြောင်း ကို သတိမူကြရန်၊ အနောက်နိုင်ငံမှ အင်အားစုများ ကို ဦးတည်ပြီး ဒေါ်အောင်ဆန်းစုကြည်က အေပီသတင်းဌာနနှင့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။ 
 
ပုံ-အေပီသတင်း

“ပြုပြင်ပြောင်းလဲမှုတွေကို တပ်မတော်အတွင်း မှာ ထောက်ခံကြပါ့မလား၊ နောက်ဆုံး .. ပြောင်းလဲမှုတွေကို   ဘယ်လောက် အတိုင်းအတာ အထိ ပူးပေါင်းဆောင်ရွက်သွားဖို့  ပြင်ဆင်ထားသလဲ ဆိုတာ နဲ့ ပတ်သက်ပြီး စဉ်းစားစရာပါ” ဟု ဒေါ်အောင်ဆန်းစုကြည် က အေပီ သတင်းဌာနအား ပြောဆိုခဲ့သည်။   
လက်ရှိအခြေအနေကို အနွရယ်နှင့် ကြုံတွေ့ နေရသည့် အခြေအနေဟု မဆိုလိုသော်လည်း အစိုးရအဖွဲ့  အတွင်း အသွင်ကူးပြောင်းရေးနှင့် ပတ်သက်ပြီး ကွဲလွဲသော အမြင်များရှိနေနိုင်ကြောင်း၊ အတားအဆီးအချို့ ကို ကြုံတွေ့ နိုင်ရဖွယ် ရှိကြောင်း  ဒေါ်စုက ပြောကြားခဲ့သည်။ 

“ မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းကို ဦးတည် သွားဖို့ ဘယ်လောက်တိုးတက်မှုရှိမလဲ ဆိုတာ ဒီနှစ်ထဲမှာ သိနိုင်မယ်လို့ ကျွန်မထင်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်ဖို့ ၊ မကြာခင်ပြုလုပ်မယ့် ရွေးကောက်ပွဲရဲ့  တရားမျှတမှု ရှိ မရှိ အခြေအနေ၊ သတင်းထုတ်ပြန်မှု လွတ်လပ်ခွင့် အခြေအနေ နဲ့  မျှတတဲ့ တရားစီရင်ရေးရှိဖို့  ဘယ်လောက် ကြိုးစားအားထုတ်နိုင်မလဲ အစရှိတဲ့ အချက်တွေ ပေါ်မူတည်ပြီး ပြောရမှာဖြစ်ပါတယ်” ဟု ဒေါ်ဆောင်ဆန်းစုကြည်က ပြောသွားကြောင်း အေပီသတင်းဌာနကို ကိုးကားပြီး Fox သတင်းဌာန ကလည်း ပြန်လည်ရေးသားထားပါသည်။

ရွေးကောက်ပွဲဝင်မည့် ဆုံးဖြတ်ချက်နှင့် စပ်လျဉ်းပြီး ဒေါ်အောင်ဆန်းစုကြည်က “လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ကျော် ကာလ ၊ လွှတ်တော် ဆိုတာ မပေါ်ပေါက်ခင် ကတည်းက၊ ကျွန်မတို့  အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ပြည်သူ့ အရေးအတွက် လုပ်စရာရှိတာတွေကို လုပ်ခဲ့ကြပါတယ်။ ဆက်လက်ပြီး လုပ်စရာရှိတာတွေကို လွှတ်တော်ပြင်ပ ကနေ ကျွန်မတို့ လှုပ်ရှားသွားဦးမှာဖြစ်သလို၊  လွှတ်တော်အတွင်း လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေ ကို ထပ်ဆင့်တိုးလာတဲ့ လုပ်ငန်းစဉ်တွေ အဖြစ် ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပါတယ် “  ဟု ဖြေကြားခဲ့ကြောင်းသိရသည်။ 

ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်က မကြာသေးမီက ပြန်လွတ်လိုက်သော နိုင်ငံရေးအကျဉ်းသားများ အရေအတွက်သည်  စိတ်ပျက်စရာဖြစ်ကြောင်း၊ ဒီမိုကရေစီနိုင်ငံကို တည်ဆောက်ရာတွင် တိုင်းရင်းသားများဘက်မှ ဟန်ချက်ညီညီပူးပေါင်းပါဝင်ခြင်း မရှိပဲ မဖြစ်နိုင်ကြောင်း၊ နှင့် တိုင်းရင်းသားဒေသမှ စစ်ပွဲများ ရပ်တန့် စေ ရန် အရေးကြီးကြောင်းများကို ပြောကြားခဲ့ကြောင်းသိရသည်။
ကိုးကား၊


No comments:

Post a Comment

ဖတ်ပြီးရင် မှတ်ချက်ပေးသွားဖို့  ဖိတ်ခေါ်ပါတယ်။