Wednesday, January 4, 2012

လွတ်လပ်ခြင်း အနုပညာရုပ်ရှင်ပွဲတော် တွင် အကောင်းဆုံးဇာတ်ကားများ အဖြစ် ရွေးချယ်ခံရသည့် ဇာတ်ကားများ

 လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ပွဲတော် ဆုပေးပွဲ အခမ်းအနားကို ဇန်န၀ါရီလ (၄) ရက်နေ့  ညနေပိုင်း၊ ရန်ကုန်မြို့ ရှိ တော်ဝင်စင်တာတွင် ကျင်းပခဲ့ရာ၊ ပြိုင်ပွဲဝင် ဇာတ်ကားပေါင်း ၁၈၈ ကား အနက် မှ   အကောင်းဆုံးမှတ်တမ်းရုပ်ရှင် (Documentary) ဆု အဖြစ် ဒါရိုက်တာ စိုင်းကျော်ခန့် ရိုက်ကူးသည့် Click in Fear ၊ ပရိသတ်အကြိုက်ဆုံးဇာတ်ကားဆု အဖြစ် ဒါရိုက်တာ ၀ိုင်း ရိုက်ကူးသည့် "အဲဒီအခန်းဖြတ်" ဇာတ်ကား၊ အကောင်းဆုံးမျက်နှာသစ် ဒါရိုက်တာဆု အဖြစ် ဒါရိုက်တာ အောင်ဇော်မိုးရိုက်ကူးသည့် Still in Dark ဇာတ်ကား၊ အကောင်းဆုံး Animation ဆု အဖြစ် ဒါရိုက်တာ ဇော်ဘိုဘိုဟိန်း Unity & Freedom ဇာတ်ကား၊ အကောင်းဆုံးရုပ်ရှင်ဇာတ်လမ်းတို ကို ဒါရိုက်တာမင်းသိုက်ရိုက်ကူးသည့် ကြိုး ဇာတ်ကား တို့ က ဆွတ်ခူးရရှိသွားကြောင်း သိရှိရပါသည်။
Click in Fear (ဒါရိုက်တာ စိုင်းကျော်ခန့်) ဇာတ်ကားကို ကြည့်ရှုလိုပါက အောက်တွင် ပေးထားသော လင့်ခ် ကို နှိပ်ပါ။ Click in Fear မှတ်တမ်းရုပ်ရှင် သည် ကရင်အမျိုးသား သတင်းထောက် လော်အဲဆိုး ရိုက်ကူးထားသည့် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး အပါအ၀င် မြန်မာ့ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်လှုပ်ရှားခဲ့သူများ ၏ ပုံရိပ်များ ကို စုစည်းတင်ပြထားသည့် မှတ်တမ်းရုပ်ရှင်ဖြစ်သည်။



ဆုရရှိသူများ သည် ကိုဇာဂနာနှင့် အဖွဲ့ မှ ချီးမြှင့်သည့် ငွေသားဆုများ အပြင်၊ အထူးဆု အဖြစ် ပထမဆုရရှိသူသုံးဦးအား ဂျာမနီနိုင်ငံ နော်မဲန်ဖောင်ဒေးရှင်း ရုပ်ရှင်လုပ်ငန်း မှ ပညာရှင် သုံးဦးက လာရောက် ပညာသင်ကြားပေးမည်ဖြစ်ပြီး၊ သင်တန်းပြီးသွားပါက တစ်ဦးလျှင် အနဲဆုံး ဒေါ်လာ ၅၀၀၀ တန် Documentary ရိုက်ကူးရန် ငွေအရင်းအနှီး ထုတ်ပေးမည်ဖြစ်ကြောင်း၊ ၄င်းတို့ ရိုက်ကူးသည့်  Documentary များကို ကမောဒြီးယားနိုင်ငံ ရုပ်ရှင်ပြိုင်ပွဲသို့  ပေးပို့ ကာ၊ သတင်းစာရှင်းလင်းပွဲ ကျင်းပပေးမည်ဖြစ်ကြောင်း၊  နောက်ထပ် အထူးဆုတစ်ခု အဖြစ် ပြိုင်ပွဲဝင်သူများအနက် လက်ရွေးစင် ၂၀ ဦးကို လာမည့် ဇန်န၀ါရီလ ၁၅ ရက်နေ့ တွင် အမေရိကန်နိုင်ငံ မှ လာရောက်မည့် ရုပ်ရှင်ဒါရိုက်တာ သုံးဦးက ရုပ်ရှင်ပညာဆိုင်ရာ အလုပ်ပေး ဟောပြောပွဲတစ်ခု ကျင်းပပေးမည်ဖြစ်ကြောင်း လွတ်လပ်ရေးအနုပညာရုပ်ရှင်ပွဲတော် ဖွင့်ပွဲ အခမ်းအနားတွင် ကိုဇာဂနာက ပြောကြားသွားခဲ့ပါသည်။


No comments:

Post a Comment

ဖတ်ပြီးရင် မှတ်ချက်ပေးသွားဖို့  ဖိတ်ခေါ်ပါတယ်။