Tuesday, January 3, 2012

မလွတ်မြောက်ကြသေးသည့် နိုင်ငံရေးအကျဉ်းသားများ အတွက် မြန်မာအစိုးကို အမေရိကန် အစိုးရက စိတ်ပျက်ကြောင်းပြောဆို


မြန်မာနိုင်ငံအား ခေတ်မီတိုးတက်သော ဒီမိုကရေစီနိုင်ငံသစ် အဖြစ်သို့  ကူးပြောင်းရာတွင် အရေးကြီးသည့် ခြေလှမ်းတစ်ရပ်ဖြစ်သည့် နိုင်ငံရေးအကျဉ်းသားများ အားလုံးကို ပြန်လွတ်ပေးရန် မြန်မာအစိုးရဘက်မှ နှောင့်နှေးနေဆဲဖြစ်သည်။

၆၄ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အဖြစ် ထုတ်ပြန်ကြေငြာသည့် လွတ်ငြိမ်းချမ်းသာခွင့် အရ လွတ်မြောက်လာသူ နိုင်ငံရေးအကျဉ်းသား ၃၀ ခန့် သာ ပါဝင်သဖြင့် နိုင်ငံရေး အကျဉ်းသားမိသားစုဝင်များ၊ မြန်မာ့အရေးစိတ်ဝင်စားသူများ နှင့် ကမ္မာ့နိုင်ငံများက စိတ်ပျက်ခဲ့ကြရသည်။ 
ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးသူကိုမင်းကိုနိုင်၊ ထောင်ဒဏ် ၆၅ချခံထားရပြီး၊ လွတ်ငြိမ်းချမ်းသာခွင့်အရ အနှစ် ၃၀ ကျခံရမည်ဖြစ်သဖြင့် နောက်ထပ် ၂၆နှစ်ကျရန်ကျန်ရှိနေ(ပုံ-အင်တာနက်)
 အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Victoria Nuland က မြန်မာအစိုးရ၏ အပြုအမူအပေါ် စိတ်ပျက်မိကြောင်း၊ ယခုလွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသား အရေအတွက် သည် အမေရိကန်အစိုးရ မျှော်လင့်ထားသည့် အတိုင်းအတာနှင့် မည်သို့ မျှ နှိုင်းယှဉ် မရအောင်နည်းပါးကြောင်း၊ ယနေ့ ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ထောင်ဒဏ် ၉၃နှစ်ချခံထားရပြီး၊ ကျန်းမာရေးအခြေအနေညံ့ဖျင်းနေသည်ဟု ကြားသိရသည့် ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦး ခွန်ထွန်းဦး
 “ကျွန်မတို့ ဘက်က ရက်အတိအကျ သတ်မှတ်ပေးတာမျိုး မရှိပေမယ့်၊ နိုင်ငံရေးအကျဉ်းသားများ အားလုံးကို လွတ်ပေးခြင်း ဟာ အင်မတန်မှ အရေးကြီးတဲ့ ခြေလှမ်း ဖြစ်ကြောင်း၊ မြန်မာအစိုးရကို ရှင်းရှင်းလင်းလင်း အသိပေးခဲ့ပြီးဖြစ်ပါတယ်၊ မဟုတ်ရင်တော့ ကျွန်မတို့ ဘက်ကလဲ မြန်မာအစိုးရအပေါ်ထားတဲ့ သဘောထားတွေ ကို ပြောင်းလဲဖို့ ရာမလွယ်ကူပါဘူး “ ဟု Victoria Nuland  က ပြောဆိုပြီး ကျန်ရှိနေသေးသော နိုင်ငံရေး အကျဉ်းသား များအားလုံးကို အမြန်ဆုံးပြန်လွတ်ပေးရန် မြန်မာအစိုးရအား တိုက်တွန်း ပြောဆိုသွားခဲ့သည်။  

အမေရိကန်အပါအ၀င် အနောက်နိုင်ငံများက မြန်မာပြည် အပေါ်ထားရှိသည့်  စီးပွားရေးပိတ်ဆို့  အရေးယူမှုများကို ဖယ်ရှားပေးစေလိုပါက နိုင်ငံရေးအကျဉ်းသားများအားလုံး ကို ပြန်လွတ်ပေးရန် မြန်မာအစိုးရကို တောင်းဆိုခဲ့ကြသော်လည်း၊ မြန်မာအစိုးရဘက်က ယခုအချိန် အထိ လိုက်လျောနိုင်ခြင်းမရှိသေးပေ။  
၆၄နှစ်မြောက် လွတ်လပ်ရေးနေ့ အထိန်းအမှတ်အဖြစ် ထုတ်ပြန်သည့် လွတ်ငြိမ်းချမ်းသာခွင့်အရ သေဒဏ်ချမှတ်ခံရသူများကို ထောင်ဒဏ်တစ်သက်၊ ထောင်ဒဏ်တစ်သက်အထိ မဟုတ်ဘဲ နှစ် ၃ဝ အထက် ကျခံနေရသူများကို နှစ် ၃ဝ၊ နှစ် ၂ဝ မှ နှစ် ၃ဝ အထိ ကျခံနေရသူများကို နှစ် ၂ဝ၊ နှစ် ၂ဝ အောက် ကျခံနေရသူများကို ချမှတ်ထောင်ဒဏ်၏ လေးပုံတစ်ပုံ သာ လျှော့ပေါ့ပေးခြင်းကြောင့် ထောင်ဒဏ်နှစ်ရှည် ချမှတ်ခြင်းခံထားရသည့် နိုင်ငံရေး အကျဉ်းသား အများစုမှာ အကျုံးဝင်ခြင်းမရှိပဲ ဆက်လက် ကျခံနေရဦးမည်ဖြစ်သည်။
မိဘနှစ်ပါးဖြစ်သည့်  ကိုဂျင်မီနှင့် မနီလာသိန်း အကျဉ်းချခံထားရသဖြင့် မိဘမေတွာနှင့်ကင်းဝေးနေရသည့် သမီးငယ်နေနခြည်မင်းယု

နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဖြိုးမင်းသိန်းက “အခုတစ်ခေါက် ပြန်လွတ်လိုက်တဲ့ နိုင်ငံရေးအကျဉ်းသား အရေအတွက် ကြောင့် အစိုးရအသစ်အပေါ် ထားတဲ့ ပြည်သူလူထုရဲ့ ယုံကြည်မှုတွေ လျော့ပါးစေပါတယ်။ ဒီလွတ်ငြိမ်းချမ်းသာခွင့်ဟာ နိုင်ငံရေးအကျဉ်းသားတွေ အတွက် သိပ်ပြီးပြောင်းလဲမှု မရှိပါဘူး။ တခြား ခိုး၊ဆိုး၊လု၊ယက်မှုတွေနဲ့  ထောင်ကျနေသူ အများစုကို သာ ပြန်လွတ်စေတာပါ” ဟု အေပီသတင်းဌာနကို ပြောဆိုခဲ့သည်။

ကိုမင်းကိုနိုင်၏ အမဖြစ်သူ မကြည်ကြည်ညွန့် ကလည်း နိုင်ငံရေးအကျဉ်းသားမိသားစုဝင်များ မျှော်လင့်နေခဲ့သည်မှာ လျော့ပေါ့ ပြစ်ဒ်မဟုတ်ကြောင်း၊ ချွင်းချက်မရှိ လွတ်ငြိမ်းချမ်းသာခွင့်သာ ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ 

“ဒီလွတ်ငြိမ်းချမ်းသာခွင့် ကြောင့် နိုင်ငံရေးမတည်ငြိမ်မှုတွေ ဘက်ကို ပိုပြီးဦးတည်စေပါတယ်” ဟု သတင်းစာဆရာကြီး ဦးဝင်းတင်က စိတ်ပျက်လက်ပျက် ပြောကြားခဲ့သည်။ 

အေပီသတင်းတွင် ရေးသားချက်အရ လူရွှင်တော် ဇာဂနာ က “ အရင်တုန်းကတော့ ကျွန်တော့ သူငယ်ချင်းတွေ (နိုင်ငံရေးအကျဉ်းသားများ)ရဲ့ အဖြစ်အပျက်ကို ဆိုမာလီ ပင်လယ်ားပြတွေ လက် မှာ ပြန်ပေးဆွဲခံထားရတဲ့ သူတွေနဲ့  ကျွန်တော်နှိုင်းယှဉ်မြင်ခဲ့မိပါတယ်။ အခုတော့ ကျွန်တော့ ထင်မြင်ချက်ကို ပြန်ရုပ်သိမ်းပါတယ်၊ ဘာလို့ လဲ ဆိုတော့ ဆိုမာလီားမြတွေက သူတို့ ဂတိကို တည်အောင်ထိန်းကြလို့ ပါပဲ” ဟု သူ၏ facebook တွင်ရေးသားကြောင်း ဖော်ပြခဲ့သည်။  
  
မည်သို့ ပင်ဆိုစေ..၆၄နှစ်မြောက် လွတ်လပ်ရေးနေ့ (သို့ မဟုတ်) ၂၀၁၂ နှစ်သစ် နိဒါန်းသည်....နယ်အသီးသီးရှိ အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသားများ လွတ်မည်ဆိုသော ယုံကြည်ချက်ဖြင့် သွားရောက်စောင့်စားခဲ့သော မိသားစုဝင်များ....ကောင်းနိုးရာရာ ဟင်းရာများ ချက်ပြုတ်ပြီး စောင့်ကြိုနေသည့် မိခင်များ....မိဘများ နှင့်ပြန်ဆုံစည်းရန် စိတ်လှုပ်ရှားစွာ စောင့်မျှော်နေခဲ့ ကြသည့် သားသမီးများ အတွက်...၀မ်းနည်းကြေကွဲစရာနေ့ တစ်နေ့ ဖြစ်ခဲ့သည်။ 
(အေပီ၊ရိုက်တာ နှင့် စီအဲန်အဲန်သတင်းစာများမှ အင်တာဗျူးအချို့ ကို ကိုးကားထားပါသည်။) 

 ********************************************************************
မလွတ်မြောက်သေးသော နိုင်ငံရေးအကျဉ်းသားများအတွက် ရေးစပ်ထားသော ကဗျာဟောင်း တစ်ပုဒ်အား ပြန်လည် ဖော်ပြလိုက်ပါသည်။ 

"အကျဉ်းချလို့ မရတဲ့ ယုံကြည်ချက်" 
ချစ်သူတွေနဲ့  ကွေကွင်း
ငရဲတွင်းမှာ ငါနေတယ်။

ညစ်ထေးထေးလေတွေကို ရူရှိုက်
မှောင်မှိုက်ညမှာ ကြယ်တွေကို ရေတယ်။

မာကြောအေးစက်တဲ့ ကြမ်းပြင်ကို ကျောခင်း
ကြွက်တွေကို မောင်းထုတ်ရင်း စဣန့် တွေကို ငါဖြိုတယ်။

အမေ့လက်ရာ ထမင်းဟင်းတွေကို တမ်းတ
ချစ်ခင်သူတွေကို ငါလွမ်းလှတယ်။
     
အာဏာနဲ့ စေတနာလွန်ဆွဲပွဲမှာ
ခန္စာကိုယ်ကို ချိုးဖျက် သံတိုင်နောက်ပို့ ခဲ့လည်း  
ငါ့ယုံကြည်ချက်တွေ .....
အတားအဆီးမဲ့… လွတ်မြောက်လို့ နေခဲ့ … 
ပြည်သူ့ အကျိုးသယ်ပိုးဖို့ …. လမ်းဆက်လျှောက်နေဆဲ။ 
                                                          မစုဥာ်

No comments:

Post a Comment

ဖတ်ပြီးရင် မှတ်ချက်ပေးသွားဖို့  ဖိတ်ခေါ်ပါတယ်။