Wednesday, December 14, 2011

အနာဂတ်ရဲ့ သားကောင်းများ(သို့ မဟုတ်) သားကောင်များ

Photo: internet(Burmese children)
ကလေးတွေဟာ တိုင်းပြည်တစ်ခု ရဲ့ အနာဂတ် အတွက် သားကောင်း ရတနာတွေ ဆိုတာ ငြင်းလို့  မရတဲ့ အချက်ဖြစ်ပေမယ့်၊ မြန်မာပြည်မှာတော့ ကလေးသူငယ်တော်တော်များများဟာ ခေတ်ဆိုး စနစ်ဆိုးတစ်ခုရဲ့  သားကောင်များဖြစ်လို့ နေကြရပါတယ်။  




ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် စတဲ့ ပြည်တွင်းစစ်မီးသင့်ဒေသတွေ မဆိုထားနဲ့ ၊ ရန်ကုန်မြို့ လို မြို့  ကြီး ပြကြီးတွေမှာတောင် တောင်းရမ်းစားသောက်နေရတဲ့ခလေးတွေ၊ အရွယ်နဲ့ မမျှအောင် အလုပ်လုပ်နေကြရတဲ့ကလေးတွေ၊ ပညာမသင်နိုင်လို့ ဘုန်းတော်ကြီးစာသင်ကျောင်း အစရှိတဲ့ အခမဲ့စာသင်ကျောင်းတွေမှာ ခက်ခက်ခဲခဲ ပညာသင်နေကြရတာတွေ၊ ကလေးစစ်သားအမှုတွေ၊ အိမ်နီးချင်းနိုင်ငံတွေမှာ လူကုန်ကူးခံရမှု စတာတွေ ကို အားလုံးမြင်တွေ့  ကြားသိနေကြရမှာပါ။ 

Photo: internet


စာရင်းအင်းတိတိကျကျထုတ်ပြန်မှု၊ ကလေးတွေ အကြောင်းအသေးစိပ်လေ့လာမှတ်တမ်းတင်မှုတွေ မရှိသေးပေမယ့် ရန်ကုန်မြို့ က အခမဲ့ဘုန်းတော်ကြီးစာသင်ကျောင်းတစ်ခုတည်းမှာတင် ကလေးပေါင်း ၁၂၀၀ ကျော်ရှိတာကို ကြည့်ခြင်းအားဖြင့် တနိုင်ငံလုံးအတိုင်းအတာ (အထူးသဖြင့် စစ်ဘေးသင့်ဒေသတွေမှာ)နဲ့ ပါ ဆိုရင် အရေအတွက် တော်တော်များပြားမယ်ဆိုတာ ခန့် မှန်းလို့  ရနိုင်ပါတယ်။ မြန်မာ့ အနာ၈တ်အတွက် ရင်လေးစရာပါ။

ထွက်ပြေးပုန်းရှောင်နေရတဲ့  ကချင်ကလေးသူငယ်များ (Photo:Free Burma Rangers.org)

နွေးထွေးလှုံခြုံတဲ့ မိသားစုဘ၀၊ သင့်တင့်တဲ့ ပညာသင်ကြားမှု နဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ကို မရရှိတဲ့ အပြင် မြန်မာကလေးတော်တော်များများ ဟာ အရွယ်နဲ့ မလိုက်အောင် ဘ၀ကို ရုန်းကန်နေကြရပါတယ်။

Photo: Mizzima
မကြာသေးမီက ဒုကသည်စခန်းတွေမှာ ရှိတဲ့ ကလေးသူငယ်တွေကို မေးမြန်းပြီး ထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရဲ့  ထုတ်ပြန် ကြေညာချက် မှာ ကလေးတွေ စိတ်ဝေဒနာတွေ ခံစားနေရကြောင်းဖော်ပြထားပါတယ်။“အထူးသဖြင့် ကလေးငယ်များ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုရရှိကြပြီး သက်ကြီးပိုင်းတွင်လည်း မိမိကိုယ်ကို မိမိယုံကြည်မှုလျော့ နည်းလာပြီး စိတ်လုံခြုံမှု မရှိသည့် ခံစားချက်များ ရှိနေကြသည်” လို့  ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။ 

US Department of Health and Human Services (Child Welfare Information Gateway) က လေ့လာမှတ်တမ်းပြုစုချက်တွေ အရ လျစ်လျှူရှုခြင်းခံရတဲ့ ကလေးတွေ၊ ညှင်းပန်းနှိပ်စက်ခြင်းခံရတဲ့ ကလေးတွေ၊ ခြောက်ချားစရာ၊ ကြောက်လန့် စရာ အဖြစ်အပျက်တစ်ခုခု ဒါမှမဟုတ် သဘာဝဘေးအနရာယ် ကို ရင်ဆိုင်ကြုံတွေ့ ကြရတဲ့ ကလေးသူငယ်တွေ ဟာ သူတို့ ရင်ဆိုင်ရတဲ့ အခက်အခဲတွေကြောင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်းဆိုင်ရာ ထိခိုက်မှုတွေနဲ့ (တစ်ချို့ ဆိုရင်) သေရာပါအထိ ပြန်ပြီး ခံစားတတ်ကြတဲ့ အကြောင်းရေးသားထားပါတယ်။ (လေ့လာတွေ့ ရှိမှု စာရင်းတွေက မြန်မာပြည်နဲ့  မသက်ဆိုင်တဲ့ အတွက် အသေးစိပ်တွေကို မဖော်ပြတော့ပါဘူး)

ရုပ်ပိုင်းဆိုင်ရာ - ရိုက်နှက်ခံရမှုကြောင့် ရတဲ့ ဒ်ရာ၊ အရိုးအဆစ်ကိုက်ခဲခြင်း၊ ပန်းနာရင်ကြပ်ဖြစ်ခြင်း၊ သွေးတိုးခြင်း၊ မကြာခန ခေါင်းကိုက်ခြင်း၊ အိပ်မရခြင်း၊ ကြောက်လန့် ဖွယ်အိပ်မက်များ မကြာခန မက်ခြင်း မှ အစ ဦးနှောက်ကြီးထွားမှု မမှန်ကန်ခြင်းအထိ ဖြစ်နိုင်ပါတယ်။
စိတ်ပိုင်းဆိုင်ရာ- ထိတ်လန့် စရာအဖြစ်ဆိုးများနဲ့  ကြုံတွေ့ ပြီးပြီးချင်းမှာ ကလေးတွေဟာ စိတ်ဒေါသဖြစ်မှု၊ ၀မ်းနည်းကြေကွဲမှု၊ အဖြစ်အပျက်ကို လက်မခံနိုင်မှု၊ ကူညီသူကင်းမဲ့နေသလို ခံစားရမှု စတဲ့ စိတ်ခံစားမှု၊ တချို့ ကတော့ နက်နက်ရှိုင်းရှိုင်းခံစားရမှုကြောင့် အာရုံကြောတွေ ထိခိုက်ပြီး နာကျင်မှု အာရုံကို တောင် မသိတော့ပဲ ထုံသွားတဲ့အထိဖြစ်သွားတာမျိုးလဲဖြစ်နိုင်ပါတယ်။ နောက်ပိုင်းမှာ စိတ်ခံစားမှုနည်းပါးလာခြင်း၊ စိတ်ကျလွယ်ခြင်း၊ အားလျော့လွယ်ခြင်း၊ အဖြစ်အပျက်ဆိုးများကို မေ့ဖျောက်မရခြင်း၊ အာရုံစူးစိုက်မှုနည်းပါးခြင်း၊ စိတ်ခံစားမှုလွန်ကဲခြင်း၊ လှုံခြုံမှုကင်းမဲ့သလို ဖြစ်နေခြင်း စတဲ့ စိတ်ဝေဒနာတွေကို ခံစားကြရပါတယ်။  
Photo: asiasociety.org
လူမှုရေးပိုင်းဆိုင်ရာ - ကလေးတွေ ဟာ ကြီးပြင်းလာတဲ့ အခါ လူ့ အသိုင်းအ၀ိုင်းနဲ့ ဝင်ဆန့်  လိုခြင်းနည်းပါးသွားပြီး သီးသန့် နေတဲ့စရိုက်၊ ထိတ်လန့်  စရာအဖြစ်ဆိုးတွေကို ပြန်အမှတ်ရစေမယ့် နေရာတွေ၊ လူတွေကို ရှောင်ရှားလိုစိတ်၊ သူတပါးကို ပြည်လည် ညှင်းပန်းနှိပ်စက်ခြင်း၊ လောကကြီးကို အရွဲ့တိုက် ခါးစောင်းတင်ပြီး ပြစ်မှုများကျူးလွန်ခြင်း၊ ဆေးစွဲခြင်း၊အရက်စွဲခြင်း၊ ခိုးစိုးလုယုခြင်းများ ကို ပြုလုပ်ကြောင်း လေ့လာတွေ့ ရှိချက်များ က ဖော်ပြထားပါးတယ်။  

နိုင်ငံတော်အတွက် ထိခိုက်ဆုံးရှုံးမှု- ဒီလို ကလေးသူငယ်တွေ ရဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ ပြစ်မှုတွေ ကျူးလွန်ပြီး ဒါမှမဟုတ် ဆေးစွဲ၊ အရက်စွဲတဲ့ လူငယ်တွေ ပြန်လည်ထူထောင်ရေး အတွက် ကုန်ကျစားရိတ် အပြင်၊ တိုင်းပြည်ရဲ့ လူ့  စွမ်းအားအရင်းအမြစ်တွေလဲ ဆုံးပါးနိုင်တာ မို့  သားကောင်တွေ ဖြစ်နေကြရတဲ့  ကလေးသူငယ်များကို သားကောင်းရတနာလေးတွေ အဖြစ် ပြန်လည် ပြောင်းလဲပေးနိုင်ဖို့ အင်မတန်မှ အရေးကြီးလှပါတယ်၊ 

ဘယ်အစိုးရ တက်တက် ခေတ်မီတိုးတက်သော နိုင်ငံတော် တစ်ခု အဖြစ်ကို ပြန်လည်တည်ဆောက်ဖို့  စီမံကိန်းတွေနဲ့  ဆောင်ရွက်ရာမှာ ကလေးသူငယ်များ အရေးကိုလဲ အလေးထားဆောင်ရွက် သင့်ကြောင်း ရေးသားတိုက်တွန်းလိုက်ပါတယ်။

No comments:

Post a Comment

ဖတ်ပြီးရင် မှတ်ချက်ပေးသွားဖို့  ဖိတ်ခေါ်ပါတယ်။