(လာမယ့်ဇန်န၀ါရီလ (၄)ရက်နေ့ မှာ နိုင်ငံရေးအကျဉ်းသားအချို့ ပြန်လွတ်ပေးမယ်ဆိုတဲ့ သတင်းတွေ ကြားနေရပေမယ့် ဘယ်သူတွေ ပါမယ်၊ ဘယ်နှစ်ယောက် လွတ်ပေးမယ်ဆိုတာ မသိရသေးပါဘူး။ သံတိုင်ခြားနေတဲ့ အမေနဲ့ သားသမီးများအတွက် ရည်စူးပြီး ဒီဆောင်းပါး ကို တဖန်ပြန် တင်ပေးလိုက်ပါတယ်။)
မစုဥာဏ်
***********************************************************************
အခုနှစ် အစောပိုင်း ဂျပန်နိုင်ငံမှာ မြေငလျင်လှုပ်တုန်းက သတင်းတပုဒ်မှာ၊ သုံးလသား အရွယ် ကလေးငယ်တစ်ဦးကို သူ့ အမေက အသက်ပေးကယ်တင်သွားတဲ့အကြောင်း ဖတ်လိုက်ရတော့ ကျွန်မ စိတ်ထဲတော်တော် တုန်လှုပ်မိပါတယ်။ ဂျပန်အမျိုးသမီးဟာ သုံးလသားအရွယ်ကလေးငယ် ရဲ့ အပေါ်မှာ အုပ်မိုးပြီး၊ အပေါ်က ပြိုကျလာနေတဲ့ အုတ်ခဲ အပိုင်း အစတွေကို သူ့ ကိုယ်နဲ့  ကာကွယ်ပေးပြီး အသက်အသေခံသွားခဲ့ပါတယ်။ ကိုယ့်သားသမီးအတွက် အသက်ကို စွန့်  လွတ်ဖို့  တောင် ၀န်မလေး တဲ့ မိခင်မေတ္ထာက အနှိုင်းအဆမဲ့ကြီးမြတ်လှပါတယ်။ တချိန်တည်းမှာ ပဲ အများ အကျိုး သယ်ပိုးနေရတဲ့ အတွက် ကိုယ့်သားသမီးကို လျစ်လျူရှုထားရတဲ့  အမေတွေ၇ဲ့  ၇င်ထဲမှာ ဘယ်လိုရှိမလဲလို့  ကျွန် မ တွေးမိတယ်။ ဥပမာ ထောင် ၆၅ နှစ်အချခံထားရတဲ့  ၈၈ကျောင်းသူ မနီလာသိန်းလို လသားအရွယ် သမီးငယ်ကို ကျောခိုင်းပြီး အများအကျိုး အတွက် ဆောင်ရွက်ခဲ့တဲ့ အဖြစ်မျိုးမှာ သမီးကို ထွေးပွေးယုယခွင့် မရတဲ့ အမေတစ်ယောက်အနေနဲ့  ဘယ်လောက်များ ပင်ပန်း ဆင်း၇ဲလိုက်မလဲ။ “ကျွန်မသမီးကို ကျွန်မအရမ်းချစ်ပါတယ်၊ တချိန်ချိန်မှာ ကျွန်မအပေါ်ကို သမီး နားလည် လာလိမ့်မယ် လို့  မျော်လင့်ပါတယ်” လို့  သူမအဖမ်းမခံရခင် ဧရာဝတီ သတင်းဌာနနဲ့  အင်တာဗျူးတစ်ခုမှာ မနီလာသိန်းက ပြောသွား ခဲ့ပါတယ်။
Nilar Thein, an activist/political prisoner from Burma who is currently serving her 65 years of sentence in Thayet prison, she left her five months old daughter and fought for her country. |
မှောင်မိုက်မိုက် အနံ့ ဆိုးဆိုးနဲ့  အကျဉ်းခန်းထဲမှာ၊ အေးစက်တောင့်တင်းတဲ့ ကြမ်းပြင်ကို ကျောခင်းပြီး စိတ်ကူးထဲမှာ သူ့ သမီးလေးကို အိပ်ရာဝင် ပုံပြင်လေးတွေ ပြောပြနေမလား။ သူမရဲ့  အနစ်နာခံမှု အပေါ် သမီးလေး နားလည်ပေးဖို့ ရှင်းပြနေမလား။ သူ့ လိုပဲ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံ နေရတဲ့  ခင်ပွန်းဖြစ်သူ ကိုဂျင်မီကို တွေးပူနေမလား။ ဘာပဲပြောပြော သံတိုင်နောက်ကွယ်က အဖေ့  ဆီတလှည့် ၊ အမေ့ဆီတလှည့် ထောင်ဝင်စာသွားတွေ့ ပြီး ငြိမ်းချမ်းတဲ့ မိသားစုဘ၀ကို ငေးမော တမ်းတနေတဲ့ သမီးလေး နေခြည်မင်းယုရဲ့  အဖြစ်ကရင်နင့်စရာပါ။
မနီလာသိန်းဟာ ၂၀၀ရ ခုနှစ် စက်တင်ဘာလအတွင်း ကုန်ဈေးနှုန်းကျဆင်းရေးလှုပ်ရှားမှု ကာလမှာ နိုင်ငံရေး အကျဉ်းသားတွေ လွတ်ပေးဖို့  ဟောပြောလှုံ့ ဆော်ပြီး လူအင်အား ၅၀၀ လောက်နဲ့ ရန်ကုန် မြို့ ထဲ ချီတက်ခဲ့ကြပါတယ်။ သူမရဲ့ ရဲရဲဝံ့ဝံ့ ပြောဆိုလှုပ်ရှားမှုတွေကြောင့် စစ်အစိုးရက ဖမ်းဝရမ်း ထုတ်ခဲ့တဲ့အတွက် ငါးလအရွယ် သမီးကို ရင်ခွင်ပိုက်ပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ သူမနဲ့  အတူရှိနေရင် သမီးလေးက အနေဆင်း၇ဲ အစားဆင်းရဲ နဲ့  လုံခြုံမှုမရှိလို့  နောက်ဆုံးမတော့ သမီးကို ဆွေမျိုးတွေဆီသွားပို့ ထား ခဲ့ရပါတယ်။ အဲဒီအချိန်က စပြီး မနီလာသိန်းဟာ တခြားသော အမေများလို သူ့ သမီးကို နို့  ချို တိုက်ကျွေးချင်ပေမယ့် ထွေးပွေးခွင့်တောင် မရနိုင်ခဲ့ပါဘူး။
မနီလာသိန်းဟာ စစ်အစိုးရရဲ့ လိုက်လံဖမ်းဆီးမှုကို ရှောင်ပြေးနေစဉ်ကာလမှာကို ဆက်လက်တိုက်ပွဲ ၀င်နေခဲ့ပါသေးတယ်။ ၂၀၀၈ ခုနှစ်ဇွန်လ ၁၉ရက်၊ ထိုင်းအခြေဆိုက် The Nation သတင်းစာ မှာ “တိုင်းပြည်ကို အုပ်ချုပ်တဲ့ အစိုးရကိုယ်တိုင် လူ့ အခွင့်အရေးကိုချိုးဖောက်ပြီး မုဒိန်းကျင့်မှုနဲ့  တခြားသော အကြမ်းဖက်မှုတွေကို လုပ်နေရင် အချိုးဖောက်ခံရသူတွေကို ဘယ်သူက ကာကွယ်မလဲ” အစရှိတဲ့ သူမရဲ့  အမြင်ကို အင်္ဂလိပ်လို ရေးသားခဲ့ပါတယ်။
Nilar Thein and her husband, Jimmy, with their daughter. Both of them are political prisoners at this time. |
တကယ်တော့ မနီလာသိန်းဟာ ဒီလှုပ်ရှားမှုတွေ မတိုင်ခင်ကတည်းက ၁၉၉၁ ခုနှစ်မှာ တစ်ကြိမ်၊ ၁၉၉၆ ကနေ၂၀၀၅ အထိတစ်ကြိမ် အကျဉ်း ကျခံ ခဲ့ဖူးသူပါ။ ထောင်ရဲ့  ခါးသီးတဲ့အရသာ ကို ၂ ကြိမ် ခံစားခဲ့ဖူးသူတစ်ယောက် အနေနဲ့  ချစ်စရာ့ လသားအရွယ်သမီးငယ်ကို ကျောခိုင်းပြီး ဆက်လက် တိုက်ပွဲဝင်ဖို့ ဆိုတာ တော်တန်ရုံ ယုံကြည်ချက်နဲ့  မရနိုင်ပါဘူး။ သမီးငယ်နဲ့  ပြည်သူလူထု ဆိုတဲ့ လွန်ဆွဲပွဲမှာ အများအကျိုးအတွက် ကို ဦးစားပေးခဲ့တဲ့ စွန့် လွတ်နစ်နာခံမှုက အင်မတန်မှ လေးစားစရာကောင်းလှပါတယ်။
မနီလာသိန်းတို့  မိသားစုဟာ စနစ်ဆိုးတစ်ခု၊ မင်းဆိုးတစ်စုရဲ့  အောက်မှာဓားဆာခံဖြစ်ကြရသူတွေပါ။ နိုင်ငံရေးအကျဉ်းသားပဲခေါ်ခေါ် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများလို့ ပဲ ဆိုဆို အများအကျိုးအတွက် သံတိုင်နောက်မှာ စွန့် လွတ်အနစ်နာခံနေသူများ၊ အထူးသဖြင့် မနီလာသိန်းလို အမေနဲ့  သမီးတို့  ပြန်လည်စုံစည်းခွင့် အမြန်ရရှိနိုင်ပါစေလို့ ။
စိတ်မကောင်းပါ။မိသာစုပြန်လည်ဆုံစည်းပါစေ။
ReplyDeleteကျေးဇူးတင်ပါတယ်။ နှစ်သစ်မှာ နိုင်ငံရေးအကျဉ်းသားများ အားလုံး သူတို့ မိသားစုတွေနဲ့  ပျော်ပျော်ရွင်ရွင် ပြန်ဆုံစည်းစေချင်ပါတယ်။
ReplyDelete