Sunday, March 24, 2013

ပွင့်သောပန်းတိုင်းမွှေးစေချင်သည်။


ရေခဲမှတ်အောက် ကျအောင် အေးနေတဲ့ နယူးရောက် ဆောင်းတွင်းတနေ့ မှာ..လမ်းမတွေ ပေါ် ထူထူထဲထဲ ကျနေတဲ့ နှင်းတွေ ကို မြည်တွန်တောက်တီးပြီး Great Neck စာကြည့်တိုက်ကို လာခဲ့တဲ့ ကျွန်မ.... စာကြည့်တိုက်ထဲရောက်တော့ ရှက်မိပါရဲ့ ။ လားလား..အသက် ၂ နှစ်ကနေ ၁၀ နှစ်ကျော် အထိ ကလေးတွေ ..မောင်မင်းကြီးသားလေးတွေ၊ မယ်မင်းကြီးမလေး တွေက ဒီလောက်အေးတဲ့ ဆောင်းတွင်းမှာ တောင် စာကြည့်တိုက်ကို အရောက်လာပြီး “ကလေးစာကြည့်ခန်း” မှာ အငြိမ့်သား စာထိုင်ဖတ်နေကြလေရဲ့ ။

အသက် ၂နှစ်လောက်ကလေးက စာဖတ်နိုင်ပါ့ မလားဆိုပြီး မေးချင်သူတွေ ရှိကြမှာပဲ၊ ဟုတ်ကဲ့..စာမဖတ်တတ်တဲ့ ကလေးတွေ ဖတ်လို့ ရတဲ့ စာအုပ် "Picture books" တွေ ကိုထားပေးတဲ့ အတွက် သူတို့ တွေ အရုပ်ကြည့်ပြီး စာဖတ်ကြပါတယ်။ စာကြည့်တိုက်ထဲမှာ လူကြီးတွေ အတွက် သာမက ကလေးစာဖတ်ခန်း၊ကလေးကွန်ပျူတာခန်း၊ ကလေးအိမ်သာ၊ ကလေး စာအုပ်စင်၊ ကလေး ဆော့စရာ အခန်းဆိုပြီး သီးသန့် ထားပေးပါတယ်။ အသက် ၂နှစ်အရွယ်ကလေးတွေ ကိုင်မယ့် ကွန်ပျူတာထဲမှာ ကလေးသီချင်းတွေ၊ ဒါမှမဟုတ် ပုံပြင်ပြောပြတဲ့ ပရိုကမ်တွေထည့်ထားပေးသလို၊ သူတို့ သုံးမယ့် ကီးဘုတ်ကိုလဲ အရောင်လေးတွေနဲ့  လုပ်ထားပေးပါတယ်။ ဒါကြောင့် စာမတတ်သော်လည်း ကလေးတွေ ဟာ ကီးဘုတ်ပေါ်က အရောင်လေးတွေ နဲ့ နှိပ်ပြီး ကွန်ပျူတာ ကို သုံးကြပါတယ်။


စာမဖတ်တတ်သေးတဲ့ ကလေးငယ်လေးတွေ အတွက် ပုံကြည့်ပြီး ဖတ်လို့ ရတဲ့ စာအုပ်တွေကို ဒီလို သီးသန့် ခွဲထားပါတယ်။
ကလေးတွေအတွက် ရောင်စုံကီးဘုတ်ပါ။

ပြီးတော့.. သူတို့  စာဖတ်တဲ့ စားပွဲတွေနားမှာ ဖတ်ချင်စရာကောင်းအောင် အရုပ်ပုံလေးတွေ ချိတ်ထားပေးပြီး၊ကလေးတွေ အတွက် ဆိတ်ငြိမ်သာယာတဲ့ ပတ်ဝန်းကျင်လေးတစ်ခုကို ဖန်တီးပေးထားတဲ့ အတွက် ဒီနိုင်ငံက ကလေးတွေဟာ စာကြည့်တိုက် ကို ငယ်ငယ်ကတည်းက တွယ်တာကြပါတယ်။ စာကြည့်တိုက်ထဲ ရောက်ပြီဆိုတာနဲ့  သူတို့ တွေ ဟာ စာကြည့်တိုက် စည်းကမ်းကို လိုက်နာပြီး အသံ မမြည်အောင်၊ ဘေးကလူတွေကို အနှောက်မယှက် မဖြစ်အောင် နေတတ်ကြပါသေးတယ်။ ကလေးတွေဟာ စာကြည့်တိုက်ကို လာပြီး သူငယ်ချင်းအသစ်တွေနဲ့ တွေ့ ကြ၊ အတူတူ စာဖတ်ကြ နဲ့ အင်မတန်မှ ချစ်စရာကောင်းတဲ့ ဓလေ့ လေးပါ။

အသက် ၂နှစ်ကနေ ၅နှစ်လောက် အထိ ကလေးတွေ သုံးဖို့ ကွန်ပျူတာနဲ့ ခုံလေးတွေပါ

မဆီမဆိုင်…ရှမ်းပြည်မြောက်ပိုင်း ရွာလေးတစ်ရွာရဲ့ လယ်ကွင်းတွေ ထဲမှာ အရွယ်နဲ့  မလိုက်အောင် နွားကျောင်းနေရတဲ့ ကလေးတွေ ကို သွားမြင်ယောင်မိတယ်။ ကျွန်မ ကြီးပြင်းခဲ့တဲ့ ရွာကလေးမှာ ကလေးတွေ အတွက် မပြောနဲ့ လူကြီးတွေ ဖတ်ဖို့ စာကြည့်တိုက်တောင် မရှိခဲ့ပါဘူး။ ရွာမှာ ရှိတဲ့ တစ်ဆိုင်တည်းသော စာအုပ် အငှားဆိုင်လေးမှာ ကာတွန်းစာအုပ်တွေ ငှားငှားဖတ်ရင် လူကြီးတွေက ဆူတတ်လို့  ခိုးခိုးပြီးဖတ်ရတာ ကို သွားပြီး သတိရ မိပါသေးတယ်။

ရွာလေးနဲ့ အနီးပတ်ဝန်းကျင်ရွာ က ကလေးအများစုဟာ..တနေ့ တနေ့  ၀မ်းစာအတွက် ပင်ပန်းကြီးစွာ ရုန်းကန်ရကြပါတယ်။ တချို့ မိဘတွေ က ကိုယ့်ကလေးတွေ ကို ပညာတတ်ချင်လွန်းလို့ ..အခမဲ့ စာသင်ပေးတဲ့ ဘုန်းကြီးကျောင်း မှာ ကလေးတွေ ကို သွားအပ်ပြီး စာသင်စေပေမယ့် စီးပွားရေးအကြပ်တည်းတွေ ကြောင့် ရေရှည်တောင့်မခံနိုင်ကြပါဘူး။ ဒီလိုနဲ့ ပဲ ကလေးတွေဟာ.. ဆင်းရဲလို့  ပညာသင်ခွင့်မရ၊ ပညာ မတတ် တော့ အသိပညာ ဗဟုသုတပိုင်း မှာ အားနည်းပြီး ..အရွယ်လေးနဲနဲ ရလာတာနဲ့  အရက်သောက်တတ်၊ ဘိန်းရှူတတ်၊ မိန်းကလေးတွေ ဆိုရင်လဲ စောစောစီးစီးနဲ့  အိမ်ထောင်ကျ(ဒါမှမဟုတ်) အိမ်နီးချင်းနိုင်ငံတွေ မှာ သွားပြီး အလုပ်လုပ်ကြရင်း ရေတိမ်နစ်ကြ...ဒီလိုနဲ့ ဘ၀ ကို စတေးသွားရတဲ့ လူငယ်တွေ ဒုနဲ့ ဒေး။ လက်လှမ်းမီသလောက် လူငယ်တွေ ဖြစ်တဲ့ တူ၊တူမတွေ ကို တောင် စာဖတ်နိုင်အောင်၊ စာဖတ်ချင်စိတ်ဖြစ်လာအောင် မဖန်တီးပေးနိုင်တဲ့အတွက် အပြစ် မကင်းဘူးလို့  ကျွန်မ ခံစားမိတယ်...

အမေရိကန်ပြည်ထောင်စုမှာ တော့..မိဘတွေ အများစု ဟာ ကလေးတွေ စာဖတ်ချင်လာအောင် နည်းအမျိုးမျိုးနဲ့  အားပေးကြတာကို မြင်တွေ့ ရပါတယ်။ ဥပမာ..စားသောက်ဆိုင်ထဲ ရောက်လို့  အစားသောက်တွေ မှာတော့မယ် ဆိုရင်..ကလေးတွေ ကို မီနူးကဒ်ပေါ်မှာ ရေးထားတာတွေ ဖတ်ပြခိုင်းတာမျိုး၊ သတင်းစာ ကို မိသားစုလိုက် အတူဖတ်ကြတာမျိုး၊ သတင်းထဲပါတဲ့ အကြောင်းအရာ တစ်ခုခု ကို ရွေးပြီး အတူ ဆွေးနွေးကြတာမျိုး၊ ညအိပ်ရာဝင်ခါနီးမှာ ပုံပြင်စာအုပ်တွေ နဲ့ ကလေးတွေ ကို အသံထွက်ပြီး စာဖတ်ပြတာမျိုး စသဖြင့် စာပေဘက် ကို စိတ်ဝင်စားမှု ပိုစေဖို့ လမ်းခင်းပေးကြပါတယ်။ အုပ်ချုပ်သူ အစိုးရဘက်ကလည်း ကလေးစာကြည့်တိုက်တွေ ဖွင့်လှစ်ပေးတာမျိုး၊ အခမဲ့ ပညာရေးစနစ် စတဲ့ ထောက်ပံ့မှုတွေ နဲ့  အားပေးကြသလို၊ စာပေလောက ကို ကြည့်ပြန်ရင်လည်း ကလေးဖတ်ဖို့ စာအုပ်မျိုးစုံ ကို တွေ့ နိုင်ပါတယ်။

မြန်မာပြည်တွင်းမှာတော့….

လူကြီးတွေက.. “ငါ့ဘာသာ”…. “ငါ့ပါတီ”… “ငါ့စီးပွားရေး””ငါ့မြေကွက်” ..စသဖြင့် တိုက်ပွဲတွေ ဖြစ်နေဆဲ…..


စာရေးဆရာတွေ ကလည်း.. လူကြီးတွေ ကို ပညာပေးဖို့ ဆုံးမ စာအုပ်တွေ တောင် ရေးလို့  မဆုံးနိုင်ဖြစ်နေ သမို့ ကလေးစာပေတွေ အားနည်းနေဆဲ။

မီးပွိုင့်တွေနားမှာ ဖိနပ်မပါ ခြေဗလာနဲ့ ပန်းရောင်းနေတဲ့ ကလေးငယ်တွေ တိုးလာနေဆဲ…

“တိုင်းပြည်၏ အနာဂတ်” ဖြစ်သည့် မျိုးဆက်သစ်ကလေးငယ်တွေ အနာဂတ်မဲ့ လျှောက်လှမ်းနေကြဆဲ… 

မစုဥာဏ်

Photo: facebook (credit to original photographer)



 

ကလေးတွေ ကစားဖို့  လုပ်ထားပေးတဲ့ မီးဖိုအငယ်စားပုံတူတစ်ခု
ကလေးတွေ ကစားဖို့ 
စာဖတ်ပြီးညောင်းရင် ကစားဖို့ 

အသက်နည်းနည်းကြီးတဲ့ ကလေးတွေ စာဖတ်တဲ့နေရာ

စာအုပ်တွေရဲ့  စာရင်း၊ ဖတ်သင့်တဲ့ လမ်းညွန်တွေပါတဲ့ ကွန်ပျူတာမှာ ဖတ်စရာရှာနေကြတဲ့ ကလေးတွေ
သူဖတ်ချင်တဲ့ စာအုပ်ကို မနိုင်မနင်းသယ်ပြီး သွားနေတဲ့ ကလေးငယ်တစ်ဦး
ကလေးတွေအတွက် စာဖတ်အသင်းသီးသန့် ရှိပါတယ်။
စာကြည့်တိုက်ဆိုတာ ဝေးလို့  အသက်နဲ့ မမျှတဲ့ အိမ်အလုပ်တွေ နဲ့ တောင် မအားလပ်နိုင်ကြတဲ့ မြန်မာကလေးငယ် (photo: facebook)






                                      
  

1 comment:

  1. နေ၀င်းဇော်July 12, 2014 at 2:03 AM

    လူငယ်တွေအတွက်ခွန်အားဖြစ်စေမဲ့စာ၊ လူကြီးတွေအတွက်အကျိုးရှိစေမဲ့စာတွေရေးနေရလို့ ကလေးတွေအတွက်စာတွေမရေးနိုင်သေးတဲ့စာရေးဆရာများကိုအကြံတစ်ခုလောက်ပေးချင်ပါတယ်
    ကျွန်တော်တို့တစ်တွေရဲ့နိုင်ငံမှာရှိတဲ့ ကလေးတွေအတွက်ရတဲ့အချိန်ထဲကနည်းနည်းလေးပဲဖြစ်ဖြစ်ဖဲ့ပေးပြီး ကလေးစာပေးတွေကိုကိုယ်တတ်ထားတဲ့စာရေးခြင်းအတတ်ပညာနဲ့ ရေးပေးစေချင်ပါတယ်။
    နေ၀င်းဇော်(မြန်အောင်) ထင်ရာမြင်ရာဆောင်းပါးများရေးသားသူ

    ReplyDelete

ဖတ်ပြီးရင် မှတ်ချက်ပေးသွားဖို့  ဖိတ်ခေါ်ပါတယ်။