မြန်မာအစိုးရဟာ ရေးသားဖော်ပြမှုတွေ၊ ရိုက်ကူး တင်ဆက်မှုတွေနဲ့  ပတ်သက်ပြီး တင်းကြပ်တဲ့ ကန့် သတ်ချုပ်ချယ်ခဲ့မှုတွေ၊ ပြင်းပြင်းထန်ထန် အပြစ်ပေးခဲ့တဲ့ ရာဇ၀င်ရှိခဲ့လို့  အဆိုပါ ဗီဒီယို ဇာတ်လမ်းတိုကို ကြည့်ရတဲ့ သူငယ်ချင်းတွေကလဲ အစိုးရဘက်က ဘယ်လို တုန့် ပြန်မလဲဆိုပြီး တထိတ်ထိတ်နဲ့  ဝေဖန်နေခဲ့ကြပါတယ်။ လွတ်လပ်စွာရိုက်ကူး ထုတ်ဝေခွင့် ကို ဘယ်လောက် အတိုင်းအတာ အထိပေးမလဲ ဆိုတာ ရိုက်ကူးသူတွေ ဘက်က နည်းနည်းခြင်းသွေးတိုး စမ်းကြည့်မှပဲ သိနိုင်တာ မှန်ပေမယ့်၊ မြန်မာ့နိုင်ငံရေးအခြေအနေဟာ (အခုအချိန်မှာ) မွေးကင်းစ ကလေးငယ်လေးလိုပဲ အချိန်မရွေး အဆိုးဘက်(သို့  မဟုတ်) အကောင်းဘက်ကို ပြောင်းနိုင်နေသေးတာမို့  ဗီဒီယိုရိုက်တဲ့ ဒါရိုက်တာ ၀ိုင်း ကိုရော၊ ပါဝင်သရုပ်ထားသူတွေ ရဲ့  စမ်းသပ်ရိုက်ကူးရဲတဲ့ ရဲစွမ်းသတဌိ ရှိမှုနဲ့  အနစ်နာခံရဲမှုကို ချီးကျူးမိပါတယ်။ အခုထက်ထိ ဘာမှ အရေးယူမှုတွေကို မကြားသိရ တဲ့ အတွက် ကောင်းသော အပြောင်းအလဲ တစ်ခု ကို ၀မ်းသာစွာနဲ့ ကြိုဆိုရမှာ ဖြစ်ပါတယ်။
နောက်ပြီး တောင်ငူမှာ ကပြဖျော်ဖြေသွားတဲ့ ကိုဇာဂနာနဲ့ သီးလေးသီးဝိုင်းတော်သားများရဲ့  ပျက်လုံးတွေမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွေအကြောင်း ပြောတာတွေ၊ လွှတ်တော်အကြောင်း ပျက်လုံးတွေ ကို ကိုဇာဂနာရဲ့ ဖေ့ဘွတ်(ခ်)ပေါ်မှာ ကြည့်လိုက်ရ ပါတယ်။ ကိုဇာဂနာကတော့ "လူရွင်တော်တွေ ကြောက်တတ်ရင် ပျက်လုံးကောင်းကောင်း မထွက်ဘူး" ဆိုတဲ့ သူ့ ရဲ့ ယုံကြည်ချက်အတိုင်း ရဲရဲဝံ့ဝံ့နဲ့  ပျက်လုံးတွေ ထုတ်သွားတာတွေ့ ရပါတယ်။
အလားတူပဲ ဒီကနေ့ ထုတ် နယူးယောက်တိုင်း(မ်) အွန်လိုင်းသတင်းမှာ “မြန်မာပြည်မှာ လွတ်လပ်မှုတွေ ကို စပြီး မြင်တွေ့ နေရပြီ” လို့  သတင်းထောက် James Estrin က ရေးသား ထားတာကို ဖတ်လိုက် ရပါတယ်။ နယူးယောက်တိုင်း(မ်) သတင်းစာအတွက် သတင်းဓာတ်ပုံ သွားရောက်ရိုက်ကူးခဲ့တဲ့ Paula Bernstein ရဲ့ အမြင်တွေပေါ် အခြေခံပြီး သတင်းထောက် ဂျိမ်းက ပြန်လည် ရေးသား ထားတာဖြစ်ပါတယ်။
ပေါ်လာ ဟာ နယူးတိုင်း(မ်)သတင်းစာတိုက်အတွက် (ယခင် စီအဲန်အဲန်နဲ့  ဟောလိဝုဒ်သတင်းတွေ အတွက်) သတင်းဓာတ်ပုံတွေ ပေးပို့ နေတဲ့ နာမည်ကြီး ကင်မရာသမားဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀အတွင်း မြန်မာပြည်ကို အကြိမ်ကြိမ်သွားရောက်ပြီး သတင်းဓာတ်ပုံတွေ သွားရောက် ရိုက်ကူးခဲ့ပါတယ်။ ဒေါ်ဆောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ဘ၀နဲ့  ရှိနေခဲ့စဉ် မှာတောင် ဒေါ်စုရဲ့  ဓာတ်ပုံတွေ အရ ရိုက်ယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အရင်အခေါက်တွေတုန်းက အမြဲတမ်း သူမရဲ့  အနောက်မှာ တစ်ယောက်ယောက် က နောက်ယောင်လိုက်နေခဲ့တဲ့အတွက် ဓာတ်ပုံတွေ ကို ခိုးကြောင်ခိုးဝှက်ရိုက်ရပြီး၊ အမြဲတမ်း တထိတ်ထိတ်နဲ့  စိုးရိမ်မှုတွေရှိခဲ့ရတယ်လို့  ပေါ်လာကဆိုပါတယ်။
အဲ ..အခုတခေါက်မှာတော့ ပေါ်လာတစ်ယောက် ကင်မရာကို ပေါ်ပေါ်ထင်ထင် ကိုယ်တွယ်ပြီး မြန်မာပြည်တွင်းက စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေနဲ့  အရင်တုန်းက နိုင်ငံခြားသားတွေ ဓာတ်ပုံရိုက်မှုတွေကို တင်းကြပ်ခဲ့လေ့ ရှိတဲ့ နေပြည်တော် အထိ လွတ်လွတ်လပ်လပ် သွားလာပြီး ပုံတွေ ရိုက်ခွင့်ရခဲ့တာမို့  တအံ့တသြဖြစ်နေခဲ့ပါသတဲ့။ လမ်းမပေါ်မှာ လူတွေဟာ ရေဒီယို ကို လွတ်လွတ်လပ်လပ် နားထောင်နေတဲ့ပုံတွေနဲ့  ဒေါ်အောင်ဆန်းစုကြည်ပုံပါတဲ့ သတင်းစာတွေကို ဖတ်နေတဲ့ ဓာတ်ပုံတွေကို လဲ ပေါ်လာက မှတ်တမ်းတင်ပြီး နယူးယေက်တိုင်းမ်ရဲ့  ၀က်ဆိုဒ်မှာ ဝေေ၀ဆာဆာနဲ့ ဖော်ပြလိုက်ပါသေးတယ်။
မြန်မာပြည်တွင်း ကပြောင်းလဲတိုးတက်မှုတွေဟာ သိပ်ပြီးမြန်ဆန်နေတာမို့  ဒီထက်ပိုပြီး ဘယ်လောက်မြန်မြန်ဆန်ဆန်ထပ်ပြီး ပြောင်းလဲနေဦးမယ်၊ ဘယ်လောက်အတိုင်းအတာ အထိလွတ်လပ်ခွင့်ရမလဲ ဆိုတာ မခန့် မှန်းနိုင်ဘူး လို့ ပေါ်လာ က ပြောဆိုတဲ့ အကြောင်း ရေးသားထားပါတယ်။
မြန်မာအစိုးရဘက်က အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေ ကို မြန်မာပြည်သူလူထု ကရော ကမ္ဘာ့သတင်းဌာန တွေကပါ စောင့်ကြည့် အသိအမှတ်ပြုနေတာမို့  အခု စတင် မြင်နေရတဲ့ လွတ်လပ်မှု ရောင်ခြည်ဦး အဆင့်ကနေ၊ ဒီထက်ပိုပြီး ထင်သာမြင်သာရှိတဲ့ (ဥပမာ နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်ပေးတာမျိုး၊ တိုင်းရင်းသားဒေသတွေက စစ်ပွဲတွေ ကို အပြီးအပိုင်ရပ်ဆိုင်းလိုက်တာမျိုး စသဖြင့်) ပြောင်းလဲမှုတွေ မြန်မြန်ဆန်ဆန် ဆက်လက် ဖြစ်ပေါ်လာပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
မစုဥာဏ်
Source: Emerging Freedoms in Myanmar (New York Times Blogs, Dec 27, 2011)
No comments:
Post a Comment
ဖတ်ပြီးရင် မှတ်ချက်ပေးသွားဖို့  ဖိတ်ခေါ်ပါတယ်။