Showing posts with label ထွေရာလေးပါး. Show all posts
Showing posts with label ထွေရာလေးပါး. Show all posts
Tuesday, August 25, 2015
ရှက်
(Photo credit: Imgion.com)
သူမတူအောင် အေးတတ်လွန်းသည့် နယူးယောက်ဆောင်းတွင်းမှာ မနက်စောစော အချိန်ပို အလုပ်ဆင်းရသည့် ရက်တွေ ကို ကျွန်မ မုန်းသည်။
လူနာများ၏ ငြီးငြူသံ (သို့ မဟုတ်) မိသားစုဝင်များ၏ အပြစ်တင်သံ များကို ကြားရတတ်သည့် ဆေးရုံထဲကို ပင် မရောက်သေး၊ အိမ်မှာ အလုပ်သွားဖို့ ပြင်ရ ဆင်ရ ကတည်းက စိတ်ညစ်ခြင်းက စပြီ။   
တလောကလုံး အိပ်မောကျနေချိန်မို့  အေးအေးနှင့် ဆက်ကွေးချင်စိတ်ကို တွန်းလှန်ပြီး နှိုးစက်ကို ပိတ်ကာ ထ ရသည်။ ရေမိုးချိုးပြီး တော့ .. ရေခဲမှတ်အောက်ရောက်တတ်သည့် အအေးဒ်ကို ကာကွယ်ဖို့  အသားကပ် အင်္ကျီ၊ အသားကပ် ဘောင်းဘီရှည်တွေ ကို အောက်ခံဝတ်၊ အနွေးထည် တွေ ကို အထပ်ထပ် ၀တ်ပြီး၊ နောက်ဆုံးတထပ် မိုးကာ သို့  မဟုတ် လောင်းကုတ်အရှည် ကို ထပ် ၀တ်ရသည်။
ရေခဲတွေ ကို ဖြတ်တိုက်လာမည့် လေပြင်းနှင့် တိုက်ရိုက် မထိမိအောင် ဦးထုပ်ဆောင်း၊ လည်ပင်းကို မာဖလာနှင့်ပတ်(တခါတလေ လဲ နှာခေါင်းထိ ဆွဲတင်)၊ နားကို နားအုပ်သည့် ကိရိယာနှင့်အုပ်ပြီး၊ လက်အိတ်ကို စွပ်ရသလို၊ နှင်းတွေထဲ ဖြတ်လျှောက်ဖို့ နှင်းစီး ဘွတ်ဖိနပ်ရှည် ကို စိးရပြန်သည်။ အ၀တ်အစားလဲခြင်း ကပြီးသွားသည့် အခါမတော့  အနွေးထည် အထပ်ထပ်ကြောင့် လူက ဖောင်းပွပွဖြစ်ကာ လေးလံသွားပြီ ဖြစ်သည်။
အဲဒီနောက် … ကွန်ပျူတာအိတ်ကို ပုခုံး တဖက်မှာလွယ်၊ (အမေရိကန်စာကို မစားတတ်၊ ထမင်းဟင်း စားရမှ ကျေနပ်သူမို့ ထမင်းဗူးက ပါရသေးသဖြင့်) ကျန်လက်တစ်ဘက်က ထမင်းဗူးထည့်ထားသည့် အိတ်ကို ဆွဲကာ အိမ်ကထွက်ဖို့ ပြင်ရသည်။
ကျွန်မနေသည့် နေရာနှင့် မြို့ ပတ်ရထားဘူတာရုံက ၁၀ မိနစ်ခန့် သာဝေးသော်လည်း၊ တစ်ပေ ကနေ သုံးပေလောက်အထိ ထူထပ်သည့် နှင်းနွံထဲ ဖြတ်လျှောက်ရသည့် အခါမျိုးဆို ခြေလှမ်းတလှမ်းကို မနည်းလှမ်းနေရသည့် အတွက် မိနစ် ၂၀ ခန့် ကြာမှ ဘူတာရုံကို ရောက်တတ်သည်။
အဲ…ဘူတာရုံရောက်ပြီ ဆိုပြီး သက်ပြင်းချလို့ က မရသေး။
တခြားနေရာတွေမှာဆို ရထားလိုင်းတွေက မြေအောက်လမ်းကြောင်း အတိုင်း ပြေးကြသည်မို့  နှင်းထူထူ နေပူပူ ခရီးစဉ်တွေ ကို မဖျက်ပေမယ်၊့ ကျွန်မ စီးသည့် နံပါတ် ၇ ရထားက မြေပေါ်လမ်းကြောင်းမှ ပြေးသည့် ရထားမို့  နှင်းထူသည့် အခါ မပြေးနိုင်ဖြစ်တတ် သဖြင့် ဘူတာရုံထဲ ရောက်လျှင် အင်တာကွန်းမှ ကြေငြာချက်တွေ ကို နားထောင်ရသေးသည်။ ရထားပြေးသည်ဆိုမှ သက်ပြင်းချရသည်။ ဒါတောင် သွားနေရင်း လမ်းမှာ နှင်းတွေ ထပ်ကျလာသဖြင့် လမ်းတ၀က်မှာ ရပ်လိုက်ရသည် ကလည်း အကြိမ်ကြိမ်။
ဒါတွေကြောင့် ဆောင်းတွင်းမှာ မနက်စောစော အချိန်ပို ဆင်းရခြင်းကို ကျွန်မ မုန်းခြင်းဖြစ်သည်။ အလှည့်ကျ စနစ်ဖြင့် ၀န်ထမ်းတိုင်း အချိန်ပိုဆင်းရခြင်း ဖြစ်သဖြင့် မသွားလို့ လဲမရပြန်။
************************************************************************
ဒီတခါ အချိန်ပို ဆင်းဖို့ အလှည့်ကျလာသည့် အခါမတော့ Black Taxi ခေါ် အိမ်တိုင်ရာရောက် ကြိုပို့  လုပ်ပေးသည့် ကားကို ကျွန်မ ကြိုငှားထားလိုက်သည်။ မြို့ ပတ်ရထားထက်စာလျှင် ဈေးကြီးသော်လည်း အနဲဆုံး နှင်းတွေကြားထဲ လမ်းလျှောက်ရသည့် ဒုက က ကင်းမည် ဖြစ်သည်။   
မနက် ၅ နာရီ ထိုးတော့ အိမ်ရှေ့ မှာ ကားရောက်နေကြောင်း ဒရိုင်ဘာက ဖုန်းလှမ်းဆက်သည်။ သူ့  လေယူလေသိမ်းက အိနိယသံ ၀ဲဝဲနှင့် ဖြစ်သည်။ သူ့ အသံကြားတော့ မနေ့ က ကျွန်မတို့ ဌာနကို အလုပ်ရှုပ်သွားစေသည့် လူနာကို သွားသတိရမိသည်။
အဆိုပါ လူနာသည် လေဖြတ်ပြီး အရေးပေါ်ဌာနမှ တဆင့် ကျွန်မတို့ ဌာနကို ပြောင်းလာခြင်းဖြစ်သည်။ တာဝန်ကျ သူနာပြု ဆရာမလေးက ထုံးစံအတိုင်း သွေးတိုင်း၊ အပူချိန်တိုင်းဖို့  လုပ်တော့ လူနာနှင့် အတူပါလာသည့် အကိုဖြစ်သူက ငြင်းသည်။ သူတို့  ယုံကြည်ကိုးကွယ်သော ဘာသာအရ အမေ၊ဇနီး၊သမီးနှင့် မိသားစုဝင် အမျိုးသမီးများမှ လွဲ သူစိမ်း အမျိုးသမီးများနှင့် အသားချင်းထိခြင်း ကို မပြုရဟု ကန့်  သတ်ထားသဖြင့် အမျိုးသား သူနာပြုကို ပြောင်းပေးဖို့ ပြောလာသည်။
“လူနာသာလျှင်ပထမ”၊ “လူနာ ယုံကြည်မှုသည် ပာန”၊ “လူနာက ငြင်းဆန်လျှင် ကုသမှု မပြုရ” စသဖြင့် လေ့ကျင့်သင်ကြားထားခြင်းခံရသည့် ကျွန်မတို့ ဝန်ထမ်းတွေ အတွက် ဒီလို အဖြစ်အပျက်တွေ ကို မကြာခန ကြုံတွေ့ ကြရသည်မို့  အပန်းမကြီးလှသော်လည်း ..မနေ့ ကတော့ နှင်းတွေကျ ပြီး နယူးဂျာစီ မှ လာရောက် အလုပ်ဆင်းသည့် ၀န်ထမ်းများက မလာနိုင်ကြသဖြင့် ကျွန်မတို့ မှာ ၀န်ထမ်းနှင့် လူနာ အင်အား မမျှအောင် အလုပ်များ နေချိန်ဖြစ်သည်။ အမျိုးသားသူနာပြုကလဲ မရှိ ဆိုတော့ တခြားဌာနကို အကူအညီ လှမ်းတောင်းရသည်။ တခြားဌာနက သူနာပြုကလည်း ချက်ခြင်း မလာနိုင်၊ လူနာမိသားစုဝင်တွေ ကလည်း စောင့်ရသည်ကို စိတ်မရှည်သဖြင့် အပြစ်တင်နှင့် ကျွန်မတို့ တွေ စိတ်သောက ရောက်ကြရသည်။
အင်း ဒီဒရိုင်ဘာလည်း ဈေးဦးပေါက်မို့ အမျိုးသမီး မတင်ပါ လို့ ပြောခဲ့ရင် ဟု မဆီမဆိုင် တွေးပြီး ပြုံးမိသေးသည်။     
****************************************************************************
ကားပေါ်ရောက်တော့ “မင်္ဂလာ နံနက်ခင်းပါ” ဟု ကျွန်မ နှုတ်ဆက်လိုက်သည် ကို သူက ပြန်မနှုတ်ဆက်ပဲ ခေါင်းတချက် ညိတ်ပြပြီး ကျွန်မ နားမလည်သည့် ဘာသာစကားဖြင့် နားကြပ်မှ တဆင့် ဖုန်းပြောနေသည်။ မှုတ်ဆိတ်မွှေးတွေ ထူလပစ်နှင့် သူ့ မျက်နှာထားက ခက်ထန်သည်။
 ဘာတွေ ပြောမှန်းမသိပေမယ့် သူ့ လေယူလေသိမ်းကို နားထောင်ကြည့်ရတာ တဘက်က လူကို ဒေါသတကြီး ပြောဆိုနေပုံရသည်။ အခြေအနေ မဟန်သဖြင့် ကျွန်မလဲ ဆေးရုံေ၇ာက်သည့် အထိ ဘာတခွန်းမှ ထပ်မပြောတော့။ 
ခရီးသည်ကို ဂရုတစိုက် မရှိသည့် သူ့ အပြုအမူကြောင့် အမြင်ကတ်သဖြင့် ကားပေါ်မှ ဆင်းခါနီး ငွေရှင်းတော့ သူ့ အတွက် Tip money့  (အမေရိကန်ပြည်ထောင်စုမှာ စားပွဲထိုးများ၊ ဒရိုင်ဘာများကို သူတို့  ၀န်ဆောင်မှု အတွက် သီးသန့် ထပ်ပေးရသည်) ကို ပုံမှန်ထက် လျော့ပြီး ပေးလိုက်သည်။
ဒီလိုနဲ့ အလုပ်ထဲရောက်ပြီး နာရီ အနည်းငယ်ကြာမှ ကျွန်မ Iphone ပါမလာမှန်း သတိထားမိသည်။ မှတ်မှတ်ရရ ကားပေါ်ကဆင်းခါနီး ကုတ်အင်္ကျီထဲ ထည့်လိုက်သည် ကို သတိရမိသည်။ လက်အိတ်တွေ စွပ်ထားတော့ ပစည်းတွေ ကို ကိုင်လျှင် သိပ်မမိချင်။ အိတ်ထောင်ထဲ မ၀င်ပဲ ကားကြမ်းခင်းပေါ် ကျသွားတာ ဖြစ်နိုင်သည်။
ဖုန်းက ၀ယ်ထားတာ ၂ ရက်ပဲရှိသေးသည်။ $600 ကျော်ပေးရသဖြင့် နှမြောလို့ မဆုံး။ မြို့  ပတ်ရထားဆိုရင်တော့ lost & found department ရှိပြီး ခရီးသည်များ ကျန်ခဲ့သည့် ပစည်းတွေ ကို သိမ်းထားပေးတတ်သော်လည်း တက်စီတွေပေါ်မှာတော့ ပြန်ရတာ သိပ်မကြားမိ။  
တခြား ခရီးသည်တွေ တက်ပြီး ယူသွားနိုင်သလို ထို အပေါက်ဆိုးဆိုးနဲ့ ဒရိုင်ဘာက မတွေ့ မိဘူးလို့ ညာပြီး ပြန်မပေးရင်လဲ ဘာမှ မတတ်နိုင်။ ငါ့ဘာသာ နှင်းတွေထဲ လမ်းလျှောက်လာခဲ့ရင် အကောင်းသား။ ခုတော့ ပိုစိတ်ညစ်ရပြီ။
မျှော်လင့်ချက်နည်းလှသော်လည်း မနက်က စီးလာသည့် ကားကုမီကို ကျွန်မဖုန်းလှမ်းဆက်လိုက်သည်။ ဖုန်းကိုင်သည့် အမျိုးသမီးက ဖုန်းကို အဆိုပါ ဒရိုင်ဘာက သိမ်းထားပေးကြောင်း ကျွန်မဆီကို ပြန်လာပေးမည့် အကြောင်း ပြောလာသည့် အခါ၊ ၀မ်းသာလုံးဆို့ ပြီး ကျွန်မ ဘာပြန်ပြောရမှန်း မသိအောင် ဖြစ်ရသည်။
မောင်မင်းကြီးသားက မနက်တုန်းက ဒေါသတကြီးနဲ့  အော်ဟစ်နေပေမယ့် ဒီလိုဆိုတော့ လဲ  သဘောကောင်းလှချည်လား။ ရိုးသားလှချည်လား လို့  တွေးပြီး သူ့ ကို Tip money ပေးဖို ပိုက်ဆံအိတ်ထဲ ကြည့်တော့ $50 တန် နှစ်ရွက်ကျန်သေးတာ တွေ့ သည်။ တစ်ရွက်ကို ကွန်ပျူတာအိတ်ထဲ ပြောင်းထဲလိုက်ပြီး ကျန်တရွက်ကို ဗိုက်ဆံအိတ်ထဲ ထည့်ထားလိုက်သည်။ သူ့ ရှေ့ မှာ ဗိုက်ဆံထုတ်ပေးရင် ကျွန်မ မှာရှိသလောက် ပေးလိုက်သည် လို့ သူမြင်သွားအောင်ဖြစ်သည်။
ကြိုတင် ပြင်ဆင်ထားသည့် အတိုင်း ကျွန်မက ဖုန်းကို သိမ်းထားပေးသည့် အတွက်ရော ပြန်လာပို့ ပေးသည့် အတွက်ပါ  ကျေးဇူးတင်ကြောင်း ပြောပြီး သူ မြင်အောင် ဗိုက်ဆံအိတ်သေးကို ဖွင့် ပြီး ပိုက်ဆံထုတ်လိုက်တော့ “မယူပါဘူး၊ မင်းကို ဘုရားသခင်စောင့်ရှောက်ပါစေ” ဟု ဆိုသည်။
အသာအယာ မောင်းထွက်သွား သည့် ကားပြတင်းမှန်ပေါ်မှာ ထင်လာတဲ့ ကျွန်မရဲ့  ပုံရိပ်က….     
ရုပ်ဆိုးအကျည်းတန်မှုတွေ နဲ့ အံ့သြ မှင်သက်နေတဲ့ မျက်နှာ…
            ရှက်ရွ့ံသိမ်ငယ်မှုတွေ ပြည့်နေတဲ့ မျက်ဝန်း နဲ့ ….
               နှင်းတွေ ကြားမှာ အရည်ပျော်သွားတဲ့ အတ ပုံရိပ်တစ်ခုပြည့်လို့ နေတာကို  ကျွန်မတွေ့  လိုက်ရသည်။
ချစ်ခင်စွာဖြင့်
မစုဥာ
Tuesday, August 20, 2013
ရွက်ပုန်းသီးများ
ဥာဏ်ရည်ဖွံ့ဖြိုးမှု နှေးကွေးသူတွေ၊ စိတ်ဝေဒနာရှင် တွေ နဲ့  ပတ်သက်ပြီး ပညာပေးမှု အားနည်းတဲ့ နိုင်ငံမှာ ကြီးပြင်းလာခဲ့ သူ တစ်ဦး ပီပီ …စိတ်ဝေဒနာသည်တွေ (ဒါမှမဟုတ်) ရုပ်ပိုင်းဆိုင်ရာ ချို့ တဲ့ နေသူတွေ အနားကပ်လာတိုင်း ကျွန်မ စိတ်ထဲ မသိုးမသန့် ဖြစ်ခဲ့ဖူးတယ်။ 
သူတို့ တွေ ကို သာမာန်လူသားတွေ လို့ မမြင်ပဲ၊ ကျိန်စာသင့် လူသားတွေ.. သနားစရာ လူသားတွေ လို့ သာ ကျွန်မ မြင်တတ်ခဲ့တယ်။ 
အဲဒီလို အသိပညာမျိုးနဲ့ အမေရိကန်ပြည်ထောင်စု ကို မအူမလည်နဲ့ ရောက်လာခဲ့တဲ့ ကျွန်မ…
AHRC ခေါ် အစိုးရမဟုတ်တဲ့ အဖွဲ့ စည်း တစ်ခုမှာ အလုပ်ရတော့ အစပိုင်းမှာ အတော်လေး ဒုက္ခွရောက်ခဲ့ရတယ်။ 
AHRC ဟာ သက်တမ်း ၆၅ နှစ် လုပ်သက်ရှိပြီး၊ အသက် ၅ နှစ်ကနေ ၆၀ ကျော်အထိ Down syndrome, Autism စတဲ့ အကြောင်း အမျိုးမျိုးကြောင့် ဥာဏ်ရည် ဖွံ့ ဖြိုးမှု နှေးကွေးနေတဲ့ သူတွေ ကို ပညာသင်ကြားပေး၊ အလုပ်ရှာပေးပြီး လူ့ အသိုင်းဝိုင်းထဲ ကို ပြန်လည်ဝင်ဆံ့နိုင်အောင် ၀န်ဆောင်မှုပေးနေတဲ့ အဖွဲ့  ဖြစ်ပါတယ်။ လက်ရှိမှာ ကျောင်းသား/ကျောင်းသူပေါင်း တစ်သောင်းခွဲကျော် ကို တာဝန်ယူ သင်ကြားပေးနေပါတယ်။ တကယ်တော့ အဲဒီအဖွဲ့ စည်းဟာ ကျောင်းသားတွေ အတွက် တင် မကပဲ၊  ကျွန်မတို့ လို ၀န်ထမ်းတွေ အတွက်ပါ တန်ဖိုး မဖြတ်နိုင်တဲ့ ဘ၀သင်ခန်းစာမျိုးစုံ ကို သင်ကြားပေးနေတဲ့ နေရာလေးတစ်ခုပါပဲ။ 
လုပ်ငန်းခွင်ထဲမ၀င်ခင်၊ ကျွန်မတို့ ဝန်ထမ်းအသစ်တွေ အားလုံး သင်တန်းတက်ရပါတယ်။ ကျောင်းသားများကို ကိုယ်နဲ့ တန်းတူ ညီတူဆက်ဆံဖို့ ၊ “မသန်စွမ်းသူများ” လို့ မခေါ်ဖို့  အခေါ်အဝေါ်က အစ သတိထားဖို့  သင်ယူရတဲ့ အခါ ကျွန်မ အတွက် အထူးအဆန်းတွေ ဖြစ်လို့ နေခဲ့တယ်။ ကျွန်မတို့ ဆီက အငြိမ့်ပျက်လုံးတွေ၊ ဗီဒီယိုဇာတ်လမ်းတွေ မှာ ခန္ဓာကိုယ်ချို့ တဲ့သူတွေ ကို ရီစရာတစ်ခု အနေနဲ့ လုပ်ပြတိုင်း ရီမောခဲ့ဖူးတဲ့ အပြုအမူတွေ ဟာ ရှက်စရာတစ်ခု ဆိုတာ ကျွန်မသင်ယူခဲ့ရတယ်။  
သင်တန်းပြီးလို့ လုပ်ငန်းခွင်ဝင်တော့...အစပိုင်းမှာ ထင်ထားတာထက် ကျွန်မ ပိုပြီး ဒုက္ခရောက်ရတယ်။
AHRC မှာ ကျောင်းသားတွေရဲ့  အသက်ရွယ်အလိုက်၊ ဥာဏ်ရည်အလိုက် ဌာနတွေ ခွဲထားပါတယ်။ ကျွန်မ တာဝန်ကျတဲ့ ဌာနကတော့ အသက် ၁၈ နှစ်အထက် ကျောင်းသားတွေ ကို ၀န်ဆောင်မှုပေးနေတဲ့ ဌာနမှာပါ။ အသက် ၁၈ နှစ်အထက်လို့ ဆိုပေမယ့် သူတို့ တွေရဲ့ အသိဥာဏ်၊  စိတ်ပိုင်းဆိုင်ရာ ဖွံ့  ဖြိုးမှု မှာ အသက် ၈ နှစ်ကနေ ၁၅ နှစ်အရွယ် ကလေးတွေ လောက်သာ ရှိသေးတာမို့ သူတို့ တွေ နဲ့  ဆက်ဆံတတ်ဖို့ ကျွန်မ တော်တော်ကြိုးစားလိုက်ရတယ်။  တချို့  ကျောင်းသားတွေ က ကျွန်မ ထက် အရပ် ၂ ဆလောက်မြင့်ပြီး၊ ခန္ဓာထွားထွား ကျိုင်းကျိုင်း တွေနဲ့ ပါ။ ကျောင်းသားတွေ တချို့  က Diaper ခေါ် ဆီးခံများ ၀တ်ထားရတုန်း၊ တချို့ က စကားမပြောတတ်(ဒါမှမဟုတ်) ခံစားမှု ကို မဖော်ပြတတ်လို့  ၀မ်းနည်းတဲ့ အခါ နံရံနဲ့  ခေါင်းကို ပြေးပြေးဆောင့်တတ်တဲ့ အကျင့်ရှိလို့  ခေါင်းမှာ ဆိုင်ကယ်စီး ဦးထုပ်လို ဦးထုပ်ကို ဆောင်းပေး ထားရတယ်။ ဘာသာစကား မတူညီမှု၊ ယဉ်ကျေးမှု မတူညီမှုစတဲ့ အခက်အခဲတွေ ကိုလဲ ကျွန်မဖြတ်သန်းရပါသေးတယ်။ သူတို့ကြည့်တဲ့ တီဗီဇာတ်ကောင်တွေ ကို သိအောင် ကျွန်မ လိုက်ကြည့်ရပါတယ်။ ဒါမှလဲ သူတို့ နဲ စကားပြောလို့ ရမှာကိုး။ 
ကျွန်မ အလုပ်က Medicaid Service Coordinator ပါ (မြန်မာလိုတော့ အထွေထွေလုပ်သားလို့ ပဲ အနီးစပ်ဆုံး ပြောရမယ်ထင်ပါတယ်)။ ကျောင်းသားတွေရယ်၊ ၀န်ထမ်းတွေရယ်၊ မိဘတွေကြားထဲ အဆင်ပြေမှုရှိအောင် လုပ်ပေးရသူပါ၊ ကျောင်းသား ၂၅ ယောက်ကို တာဝန်ယူရတယ်၊ သူတို့  တွေရဲ့ တိုးတက်မှု၊ ဆုတ်ယုတ်မှု ကို လစဉ် မှတ်တမ်းရေး၊ ကျောင်းသားတွေ အိမ်ကို လတိုင်းသွားပြီး အစိုးရက ထောက်ပံ့ပေးတဲ့ ငွေနဲ့ မိသားစုတွေ က သူတို့ အတွက် ဘယ်လိုသုံးနေသလဲ၊ စားစရာ အလုံလောက် ရှိမရှိ၊ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ညှင်းဆဲမှု ရှိမရှိ ဆိုတာတွေ ကို လိုက်လံ စစ်ဆေး ရပါတယ်။ သူတို့ အတွက် လိုအပ်တဲ့ ဆေးပညာဆိုင်ရာ ပစ္စည်းတွေ ၀ယ်ပေးရတာက အစ  လုပ်ရပါတာ မို့ ကျောင်းသား အားလုံးရဲ့ မိသားစုဝင်တွေ သာမက သူတို့ ရဲ့  ဆရာဝန်တွေနဲ့ ပါ ပြောဆို ဆက်ဆံရပါတယ်။
သာမာန် အလုပ်ခွင်မှာတောင် အမှားယွင်းလုပ်မိရင် ထစ်ခနဲ ဆို တရားစွဲကျင့်ရှိတဲ့ အမေရိကန်ပြည်ထောင်စု မှာ အခုလို ကူညီစောင့်ရှောက်မှု အထူးလိုအပ်သူတွေ နဲ့ အလုပ်လုပ်ရတာ သိပ်တော့ မလွယ်ကူ လှပါဘူး။ မိဘတွေနဲ့  အစည်းဝေးလုပ်တဲ့ အချိန်က အစ၊ ဖုန်းပြောတဲ့ အချိန်က အဆုံး အမှားယွင်းမရှိအောင် အထူးသတိထားရပါတယ်။ 
ကျွန်မရဲ့ အလုပ်တာဝန်ထဲမှာ ကျောင်းသားတွေရဲ့ အိမ်ကို တလ တခေါက် အလည်သွားပြီး၊ သူတို့ အိမ်မှာ မိဘ(သို့ မဟုတ်) အုပ်ထိန်းသူက ဘယ်လိုထားတယ်၊ စားစရာအပြည့်ဝရှိမရှိ၊ သူတို့ လုံခြုံရေးအတွက် တာဝန်ယူစောင့်ရှောက်မှု အခြေအနေ စသဖြင့် မှတ်တမ်းရေးပြီး အစိုးရကို ပြန်တင်ပြရတာလဲ ပါပါတယ်။ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ(တချို့ ကလဲ ဘာသာမဲ့) မိသားစုတွေ က ပေါက်ဖွားလာတဲ့ ဒီကျောင်းသားတွေ ရဲ့ မိသားစုဝင်တွေ ကြောင့် ကျွန်မ လူပေါင်းစုံနဲ့ ပေါင်းသင်း တတ်လာတယ်။ ဥပမာ..ဖိနပ်စီး မ၀င် ရတဲ့ အာရှနိုင်ငံသားတွေရဲ့ အိမ်မှာ အလွယ်တကူ ချွတ်နိုင်တဲ့ ဖိနပ်စီးသွားဖို့ ၊ မိန်းမမှန်ရင် ဘယ်အသား မှ မပေါ်အောင် လုံလုံခြုံခြုံ ၀တ်ရမယ်လို့  ယုံကြည်ထားတဲ့ လူမျိုးစုရဲ့  အိမ်ကို သွားရင် စကပ်အတို မ၀တ်မိဖို့ ၊ ကျွေးတာမစားရင် ရိုင်းတယ် ထင်တတ်တဲ့ လူမျိုးစု အိမ်ဆိုရင် ကြိုက်ကြိုက် မကြိုက်ကြိုက်စား တတ်ဖို့ .. ကိုယ်နဲ့ ယုံကြည်မှုချင်း လုံးဝကွဲလွဲနေရင်တောင် သူတပါးရဲ့  ယုံကြည် မှု ကို လေးစားဖို့ ၊ မစော်ကားမိဖို့ ..တန်ဖိုး မဖြတ်နိုင်တဲ့ လူမှုဆက်ဆံရေး ပညာရပ်လေးတစ်ခု ကို ကျွန်မ တီးခေါက်ခွင့်ရခဲ့တယ်။အသုံးပြုခွင့်ရခဲ့တယ်။
*************************************************************************
တခါတလေလဲ စိတ်ညစ်လွန်းလို့  အလုပ်ထွက်ချင်စိတ် ပေါက်မိတာ အကြိမ်ကြိမ်ပါ။ မှတ်မှတ်ရရ လူမည်းကျောင်းသူလေးတစ်ဦး ဖြစ်တဲ့ လူစီ ရဲ့ အိမ်ကို ကျွန်မ သွားလည်စဉ်က အဖြစ်ပျက်လေး ပြောပြဦးမယ်။
အဲဒီနေ့ က မှတ်မှတ်ရရ… နှင်းတွေ ထူထူထပ်ထပ်ကျနေပြီး၊ အပူချိန် ရေခဲမှတ်အောက် ရောက်နေတဲ့ ဆောင်းရာသီပါ။ လူစီ့ အိမ်ကို သွားဖို့ ကျွန်မ သူ့ မိဘတွေနဲ့ ချိန်းထားတဲ့ အတိုင်း ကျွန်မ သွားခဲ့ပါတယ်။ (ကျွန်မ မရောက်ခင် နာရီပိုင်းမှာ)… ကျောင်းကနေ ပြန်ရောက်လာတဲ့ လူစီက သူ့ အမေ ကို ပြောပြတယ်. ကျောင်းမှာ သူ့ ကို ကျောင်းသားလေး တစ်ယောက် က လိုက်ပြီး ချစ်ရေးဆိုတဲ့ အကြောင်း၊ ထမင်းစားဆောင်မှာ အဲဒီကောင်လေးက သူ့ ကို နမ်းသွားတဲ့ အကြောင်း စီကာပတ်ကုံးပြောပြတယ်။
ခလေးသူငယ်တွေ၊ ဒါမှ မဟုတ် ဥာဏ်ရည်ဖွံ့ ဖြိုးမှု ပိုင်းဆိုင်ရာ အားနည်းတဲ့သူတွေ အပေါ် လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်တာနဲ့ ပတ်သက်ရင် အရေးတယူရှိလှတဲ့ အမေရိကန်ပြည်ထောင်စု ရဲ့ မူအရ..ဒီကိစ္စပေါ့  သေးသေးတော့ မဟုတ်။ သူကလဲ တစ်ဦးတည်းသောသမီး။ မိဘတွေ စိတ်ဆိုးပြီပေါ့ ။ဒီလိုဖြစ်သွားတာ ကျွန်မ မသိရ ကောင်းလားပေါ့ ၊ ဆောင်းတွင်း နှင်းတွေနဲ့ စိုပြီး အိမ်ထဲလဲ အ၀င်..အိမ်ထဲမှာ လူစီ့ မိဘနဲ့ အမျိုးတွေ က မျက်နှာထားတင်းတင်းနဲ့  စောင့်လို့ ။ 
သူတို့ ရဲ့  မေးခွန်းတွေ၊ ပြစ်တင်မှုတွေ နဲ့  မျက်လုံးပေါင်းစုံ တွေကြားမှာ ခုနက နှင်းတွေကြောင့် အေးခဲနေတဲ့ ကျွန်မ ချွေးပြန်ခဲ့ရပါတယ်။ လူစီပြောပြတဲ့ သူ့ ကို နမ်းသွားတဲ့ ကျောင်းသားရဲ့  ပုံပန်းသဣန် က ကျွန်မတို့  ဆီမှာ လဲမရှိ။ နောက်တော့ ကျွန်မတို့ ကျောင်းရဲ့  နေရာတိုင်းမှာ ဗီဒီယို ကင်မရာ တပ်ထားတာကို သတိရပြီး၊ ဟုတ်ပြီ ကျွန်မ ကင်မရာဌာန ကို ဆက်သွယ်ပြီး ဒီကိစ္စ ဖော်ထုတ်ပေးပါ့မယ်၊ ထမင်းစားခန်းမှာ တာဝန်ကျတဲ့ ၀န်ထမ်း ကိုလည်း မေးပါ့မယ်၊ မနက်ဖြန် ရုံးကို လာခဲ့ကြပါ လို့ လုပ်တော့ မှ လူစီ က တခစ်ခစ်ရယ်ပြီး သူ ကြည့်ထားတဲ့ ရုပ်ရှင် ဇာတ်လမ်းထဲက ဇာတ်ဝင်ခန်းတစ်ခု ကို ပြန်ပြောတာ ဖြစ်ကြောင်း၊ သူ့ အမေကို စ ချင်လို့  ဖြစ်ကြောင်း ပြောပြတယ်။ ဇောချွေးတွေ ပြန်နေတဲ့ ကြားက “အော် အရင်က ကလေးတစ်ယောက်လို ပဲ အသိစိတ်ရှိတဲ့ လူစီ တယောက်  အပျိုပေါက်အရွယ် အသိဥာဏ်လေးဝင်လာပြီ၊ ကြင်ဖော်ရှာချင်တဲ့ စိတ်တွေ ၀င်လာပြီပဲ” ဆိုတာကို သတိပြု လိုက်မိတယ်။ လူကြီးမျက်နှာ၊ ခလေးဦးနှောက်နဲ့  ဖြစ်ပေမယ့်လဲ…သူလဲ အသွေး၊ အသားနဲ့  ခံစားတတ်သူ လူသားတစ်ဦးပင် မဟုတ်ပါလား။
 ********************************************************************
ရုတ်တရက်ကြည့်လိုက်ရင် ကျွန်မတို့ ဝန်ထမ်းတွေ က ကျောင်းသားတွေ ကို သင်ကြားပေးနေတယ် ထင်ရပေမယ့်၊ သူတို့ ဆီ က ကျွန်မပြန်ပြီး သင်ယူရတဲ့ အသိတရားတွေ အများကြီးပါ။
ဥပမာလေးတစ်ခု ရွေးပြီး ပြောပြရမယ်ဆိုရင်.. အသက် ၄၅ နှစ်အရွယ်ရှိ Ben ဆိုတဲ့ ကျွန်မရဲ့ ကျောင်းသား တစ်ယောက် ဟာ သူ့ ကို စားစရာ တွေ ဝေပေးတဲ့ အခါတိုင်း၊ သူ့ လက်ထဲ ရောက်လာတဲ့ အစားအစာတွေ ကို အမြန်ဆုံးနှုန်းနဲ့ (၀ါးတောင်မ၀ါးတော့ပဲ) ပါးစပ်ထဲ တွတ်ထည့်ပြီး မျိုချတတ်တဲ့ အကျင့်၊ နေ့ စာ ညစာ ဝေပေးရင်လည်း တခါတည်း ကုန်အောင် စားပစ်တတ်တဲ့ အကျင့် ကို ကျွန်မ စိတ်မသက်မသာ ဖြစ်ရတယ်။ အစာတွေကို အငမ်းမရ စားသောက်တော့ သူ့ အ၀တ်စားတွေ ပေကျန်ကုန်တာ၊ တခါတလေ သီးသွားတဲ့ အထိဖြစ်တာမျိုးတွေ နဲ့ မြင်ရသူကို စိတ်မသက်မသာဖြစ်စေပါတယ်။ သူ့ အစားစာ ကို လုစားမဲ့သူ မရှိကြောင်း ၊ အချိန်ယူပြီး အေးအေးဆေးဆေးစားဖို့  ကျွန် ပြောဆိုဖြောင်းဖျပေမယ့် မအောင်မြင်ပါဘူး။ ဒါနဲ့  သူ့  ငယ်စဉ် ဘ၀အကြောင်း ရေးထားတဲ့ မှတ်တမ်းတွေ မွေနှောက်ရှာဖွေကြည့်လိုက်တော့ …
ကျွန်မတို့  ကျောင်းကို ရောက်မလာခင်ထိ Ben ဟာ မိဘမဲ့၊ အိမ်ခြေရာမဲ့ ဘ၀နဲ့ လမ်းတွေပေါ်မှာ ကြီးပြင်းလာရသူဖြစ်တာကို သိလိုက်ရတယ်။ 
တခါတလေ အမှိုက်ပုံတွေထဲက သိုးနေတဲ့ အစားအစာတွေ နဲ့  ၊ တခါတလေလဲ အစာမဲ့ ရက်ပေါင်းများစွာ ကို ဖြတ်သန်းခဲ့ရဖူး သလို၊ နောက်တနပ် အတွက် ၀ှက်ထားတဲ့ အစားတွေ ကို သူ့ လို ဘ၀တူတွေ က လုယှက်ပြီး စားသွားဖူးတာ အကြိမ်ကြိမ် ကြုံခဲ့ရဖူးတာ ကို ရင်နင့်စဖွယ် ဖတ်ရပါတယ်။ ဒါကြောင့် “စားစရာရှိတုန်း အ၀စား၊ နောက်တနပ် အတွက် မေ့ ထား” ဆိုတဲ့ အတွေးနဲ့ ကြီးပြင်းလာတဲ့ လူတယောက် မှာ ဒီလို အမူအကျင့်လေးတွေ ရှိနေတာကိုး။ သူ့ လို နေရာမှာ ကျွန်မသာ ဖြစ်ခဲ့ရင်လည်း ဒီလိုပဲ ပြုမူမိမှာပါပဲ။ 
လူတွေဟာ သူတို့ ဖြတ်သန်းခဲ့တဲ့ ဘ၀ ၊ကြုံတွေ့ ခဲ့ရတဲ့ အတွေ့ အကြုံတွေ ကြောင့် မတူညီတဲ့ အပြုအမူတွေ၊ အတွေးခေါ်တွေ ကို ပိုင်ဆိုင်လာတတ်ကြတယ်၊ ဒါကြောင့် အပြုအမူတစ်ခုတည်း နဲ့ လူတစ်ယောက် ကို တန်ဖိုးမဖြတ်မိစေဖို့ ၊ သူဘယ်လို ဖြတ်သန်းလာသလဲ ဆိုတာ အရင် လေ့လာပြီး၊ ကိုယ်ချင်းစာတတ်ဖို့ Ben က ကျွန်မ ကိုသင်ပေးလိုက်တယ်။ 
အပေါ်ယံအားဖြင့် သာမာန်လူတွေ နဲ့ မတူတဲ့ ရုပ်ပိုင်းဆိုင်ရာ မပြည့်စုံမှုတွေ၊ ဥာဏ်ရည်သန်စွမ်းမှု နှေးကွေး မှုတွေ စတဲ့ အားနည်းချက်တွေ နဲ့ ဖုံးလွှမ်း နေပေမယ့်၊ သူတို့ ရဲ့ လှပတဲ့ စိတ်ထားတွေ၊ ဖုံးကွယ်နေတဲ့ အရည်အချင်းတွေ ကို လုပ်သက် ၅ နှစ်တာ ကာလ အတွင်း …ကျွန်မ မြင်တတ် လာခဲ့တယ်။
ဥပမာ..သူတို့ ထဲက တစ်ယောက်ယောက်က ၀က်ရူးပြန်သလို တက်သွားတဲ့ အခါ၊ ကျိုင်းထောက်နဲ့  သွားလာရခက်တဲ့ သူက အစ..ရအောင် ထလာပြီး ကျနေတဲ့ သွားရည်ကို (ရောဂါကူးမှာ မကြောက်ပဲ) ညင်ညင်သာသာ သုတ်ပေးနေတာတို့ ၊ သူတို့ ချစ်တဲ့ ၀န်ထမ်းတစ်ယောက်က အလုပ်ထွက်သွားတဲ့ အခါ (ဒါမှမဟုတ်) သူတို့ ထဲ က တယောက်ယောက် သေဆုံးသွားတဲ့ အခါ မစားနိုင် မသောက်နိုင်တဲ့ အထိဖြစ်ပြီး ဆေးကုသမှု ခံရတာတွေ။ သူတို့ ရဲ့ စိတ်ခံစားမှုတွေ ကို ဟန်ဆောင်မှု မပါပဲ အရှိအတိုင်း ဖော်ပြတတ်မှု က …ဟန်ဆောင် ပကာသနတွေ ဖုံးလွှမ်းနေတတ်တဲ့ ဥာဏ်ရည်ပြည့် လူသားတွေ ထက် ပိုပြီး လှပလို့ နေလေရဲ့ ။ 
ဒီလိုနဲ့ သူတို့ ရဲ့ ပြင်ပန်းပုံရိပ်တွေ ကို ကျော်လွှားပြီး၊ ဖုံးကွယ်နေတဲ့ အရည်အချင်းတွေ ကို မြင်တတ်အောင် ကျွန်မ ကြည့်တတ် လာခဲ့တယ်။ကျွန်မရဲ့ လုပ်ဆောင်မှုတွေ ထဲက Adil Sanai ဆိုတဲ့ ပါကစ္စတန် ကနေ ပြောင်းလာတဲ့ ကျောင်းသားလေး အကြောင်း ပြောပြပါရစေ။ (သူ့ အကြောင်းပြောပြဖို့  Adil ဆီက ခွင့်ပြုချက် ကို ကျွန်မ ရထားပြီးသားပါ) Adil ဟာ မွေးကတည်းက ခြေချောင်းတွေ ပိန်လှီပြီး အသက် ၁၃ နှစ်အထိ လမ်း မလျှောက်နိုင်ခဲ့ဘူး။ ဥာဏ်ရည်ဖွံ့ ဖြိုးမှုနှေးတဲ့ အပြင် စကားပါ မပြောနိုင်တဲ့ ကျောင်းသား တစ်ဦးပါ။ ပညာသင်ခွင့်လဲ မရခဲ့ပါဘူး။ အမေရိကန်ပြည်ထောင်စု ကို ရောက်လာတော့မှ အစိုးရရဲ့  အကုန်ကျခံပေးမှုကြောင့် ခွဲစိပ်မှုတွေ အကြိမ်ကြိမ်ပြုလုပ် အပြီး မှာ သူ့ ခြေထောက်က အရိုးကို စတီးချောင်းတွေနဲ့ အစားထိုးပြီး၊ ချိုင်းထောက် အကူနဲ့ သူ လမ်းစ လျှောက်လို့ ရခဲ့ပါတယ်။  ကျွန်မတို့ နဲ့  စကားပြောတဲ့ အခါ ခြေဟန်လက်ဟန် နဲ့ ပြောဖို့ ကြိုးစားပေမယ့် သူ့ လက်တွေ က ယိမ်းထိုး နေတတ်လို့  သူ့  ကို နားလည်အောင် ကျွန်မတို့ မနည်းကြိုးစားရပါတယ်။
Adil ကို သိလာတာနဲ့ အမျှ ကွန်ပျူတာတွေ အပေါ်သူစိတ်ဝင်တစား ရှိတာကို ကျွန်မ သတိထား မိလာတယ်။ ဒါနဲ့  သူ့ ကိုဘယ်လို ကူညီရင် ကောင်းမလဲဆိုပြီး အင်တာနက်မှာ လိုက်ရှာတော့..စကားမပြောတတ်သူတွေ ကို ကူညီပေးတဲ့ စက်( speech device) လေးတစ်ခု စဖြန့် ဖို့ လုပ်နေတဲ့ ကုမ္မဏီ အကြောင်း ဖတ်မိတယ်။ ရုံးက အစည်းအဝေးမှာ Adil အတွက် လျှောက်ပေး ချင်ကြောင်း၊ ဈေးကြီးမှန်းသိပေမယ့် သူတို့  ကုမ္မဏီကို ကြော်ငြာပေးရာ ရောက်မယ်ဆိုရင် ကျွန်မတို့ ကို လျော့ဈေးနဲ့ ရနိုင်ကြောင်းတွေ ပြောတော့ ဒါရိုက်တာက  ကျွန်မကို လုပ်ခွင့်ပေးတယ်။ များပြားလှတဲ့ စာရွက်တွေ၊ ကျန်းမာရေး စစ်ချက်တွေ၊ အစည်းအဝေးတွေ အကြိမ်ကြိမ် လုပ်အပြီး မှာ Adil အတွက် စကားပြောစက်လေး တစ်ခု လျှောက်ပေးနိုင်ခဲ့တယ်။ သူပြောချင်တာကို နှိပ်လိုက်ရင်၊ စက်က အသံထွက်လာပြီး ပြောတဲ့ အတွက် ကြားရတဲ့ သူက  အလွယ်တကူ နားလည်နိုင်တာမို့ ..စကားပြောစက်လေး စရတဲ့ နေ့ က မျက်ရည်ဝဲနေတဲ့ Adil ရဲ့ မျက်လုံးတွေ ကြောင့် ကျွန်မ လူဖြစ်ရကျိုးနပ် သလို ခံစားခဲ့ရတယ်။ 
ဇွဲကောင်းတဲ့ Adil ကလဲ ကွန်ပျူတာနဲ့ အဲဒီ စက်ကို ကျွမ်းကျွမ်းကျင်ကျင် သုံးနိုင်တဲ့ အထိ ကြိုးစားခဲ့တယ်။ ရလဒ် ကတော့ အဆိုပါ ကုမ္မဏီ က သူ့ ကို အရောင်း ကိုယ်စားလှယ်အဖြစ် ခန့် အပ်ပြီး၊ အမေရိကန် တခွင်ပတ်ပြီး စက်ကို ရောင်းစေ ပါတော့တယ်။ မောင်နှမက များ၊ စီးပွားရေး သိပ်လဲ မပြေလည်ရှာတဲ့ Adil ရဲ့  အဖေ ခမျာ၊ အခုတော့ သားကို အကြောင်းပြုပြီး ကုမ္မဏီ က စီစဉ်ပေးတဲ့ ခရီးနဲ့ ဟိုတယ်တွေ၊ မြို့ တွေ ပတ်ပြီး ခရီး သွားလာခွင့်ရနေပါပြီ။ သူ့ သားရဲ့ အားသာချက်တွေ ကို မြင်အောင် ကြည့်တတ်ခဲ့တဲ့ အတွက် ကျေးဇူးတင်ကြောင်း ပြောနေတဲ့ ဖခင် တယောက်ရဲ့ ပျော်ရွှင်ကြည်နှူးမှုတွေ က ကျွန်မကို ကူးစက်ခဲ့တယ်။ 
တချိန်တည်းမှာ မြန်မာပြည် က Adil လို ကျောင်းသားလေးတွေ ကို  ကျွန်မ သွားသတိရမိတယ်။ တချို့  မိဘတွေ က ရှက်လို့ လူတောတိုး မခံဝံ့ပဲ အိမ်တွင်းမှာပဲ ထားတာတွေ၊ ခနာကိုယ် အစိတ်ပိုင်း တစ်ခု မပြည့်စုံမှုကြောင့် လူသား စင်စစ်တစ်ဦး ရဲ့ အခွင့်အရေး ကို ဆုံးရှုံးနေရသူတွေ ထဲမှာ ရွက်ပုန်းသီးတွေ အများကြီးပါ။ ကျွန်မတို့  မမြင်တတ်လို့ ၊  မြင်အောင်ကြည့်နိုင်ဖို့ မကြိုးစားကြလို့ (ဒါမှမဟုတ်) အခြေအနေ မပေးလို့ ..စတဲ့ အကြောင်းကြောင်းတွေ ကြောင့် …တချို့ ရွက်ပုန်းသီးတွေ ဆို လူမသိ သူမသိ ကြွေလွှင့် နေကြရဆဲ….. 
ဗီဒီယို ကြည့်ရန် ... Adil Sanai & his speech device 
Adil Sanai (AHRC NYC)၊ ခွင့်ပြုချက်ဖြင့်တင်ထားခြင်းဖြစ်ပါသည်။
Monday, July 22, 2013
တူညီသောဆန္ဒ
နယူးရောက်ရဲ့  ဆောင်းဦးအလှ
အမေရိကန်ပြည်ထောင်စုရဲ့  ဆောင်းဦးကာလ ကို ရောက်လာတဲ့အခါ မူလက တပင်လုံးစိမ်းစိုနေတဲ့ သစ်ရွက်တွေက အ၀ါရောင်၊ အနီရောင်၊ ပန်းရောင် စသဖြင့် အရောင် အမျိုးမျိုးပြောင်းလို့ လာတယ်။ သဘာဝ ရောင်စုံပန်းချီကားချပ် တစ်ချပ် ကြည့်ရသလို လှနေတဲ့ အပင်တွေ ကို မြင်တော့ အမေ့ ကို သတိရ မိတယ်။
ရှမ်းပြည်မှာ သစ်ရွက်ဆိုရင် အစိမ်းရောင်လို့  သာ မြင်ထားဖူးတဲ့ အမေက နယူးယောက်မှာ ဆောင်းဦးရောက်ရင် အရွက်တွေ အရောင်ပြောင်းတယ်လို့  ကြားတော့ တအံ့တသြဖြစ်လို့  နေခဲ့တယ်လေ။ အရွက်ရောင်စုံတွေကို မြင်ဖူးချင်ပေမယ့် ရှမ်းပြည်ကို ကြာကြာမခွဲနိုင်တဲ့ အမေက နယူးယောက် ရဲ့  ဆောင်းဦးအလှကို စောင့်မကြည့်နိုင်ပဲ ပြန်သွားခဲ့ပါတယ်။
အသက် ၇၀ နားနီးနေတဲ့ အမေဟာ ရှမ်းပြည်က ရွာလေးတစ်ရွာမှာ ပဲ ကြီးပြင်းခဲ့ပြီး ရပ်ဝေးခရီးဆိုရင် ရန်ကုန်ကို တောင် သိပ်မရောက်ဖြစ်ခဲ့တာမို့ ၊ ကျွန်မရှိတဲ့ နယူးရောက်ကို အလည်လာရတဲ့အခါ သူ့ ရဲ့  အမေရိကခရီးစဉ်ဟာ အံ့သြစရာတွေ နဲ့ ပြည့်လို့ နေခဲ့ပါတယ်။
နယူးရောက်ကို စစခြင်း ရောက်တဲ့ ညမှာ အမေက “သမီး ဧည့်စာရင်း သွားမတိုင်ဘူးလား”တဲ့။ အမေရိကမှာ  ဧည့်စာရင်းတိုင်ဖို့ မလိုဘူး လို့ ပြောပြပေမယ့် အစအနောက်သန်တဲ့ ကျွန်မပြောတာကို  အမေက ချက်ခြင်း မယုံခဲ့ပါဘူး။ ဧည့်စာရင်း တကယ်မတိုင်ရဘူးဆိုတာ လက်ခံသွားတဲ့ အချိန်က စပြီး  အမေဟာ သူတစ်သက်လုံး နားလည် လိုက်နာလာခဲ့တဲ့ မြန်မာပြည်က စနစ်နဲ့  မတူတဲ့ ဒီမိုကရေစီစနစ် ကို  တအံ့တသြနဲ့   စူးစမ်းပါတော့တယ်။
Sunday, March 24, 2013
ပွင့်သောပန်းတိုင်းမွှေးစေချင်သည်။
ရေခဲမှတ်အောက် ကျအောင် အေးနေတဲ့ နယူးရောက် ဆောင်းတွင်းတနေ့ မှာ..လမ်းမတွေ ပေါ် ထူထူထဲထဲ ကျနေတဲ့ နှင်းတွေ ကို မြည်တွန်တောက်တီးပြီး Great Neck စာကြည့်တိုက်ကို လာခဲ့တဲ့ ကျွန်မ.... စာကြည့်တိုက်ထဲရောက်တော့ ရှက်မိပါရဲ့ ။ လားလား..အသက် ၂ နှစ်ကနေ ၁၀ နှစ်ကျော် အထိ ကလေးတွေ ..မောင်မင်းကြီးသားလေးတွေ၊ မယ်မင်းကြီးမလေး တွေက ဒီလောက်အေးတဲ့ ဆောင်းတွင်းမှာ တောင် စာကြည့်တိုက်ကို အရောက်လာပြီး “ကလေးစာကြည့်ခန်း” မှာ အငြိမ့်သား စာထိုင်ဖတ်နေကြလေရဲ့ ။
အသက် ၂နှစ်လောက်ကလေးက စာဖတ်နိုင်ပါ့ မလားဆိုပြီး မေးချင်သူတွေ ရှိကြမှာပဲ၊ ဟုတ်ကဲ့..စာမဖတ်တတ်တဲ့ ကလေးတွေ ဖတ်လို့ ရတဲ့ စာအုပ် "Picture books" တွေ ကိုထားပေးတဲ့ အတွက် သူတို့ တွေ အရုပ်ကြည့်ပြီး စာဖတ်ကြပါတယ်။ စာကြည့်တိုက်ထဲမှာ လူကြီးတွေ အတွက် သာမက ကလေးစာဖတ်ခန်း၊ကလေးကွန်ပျူတာခန်း၊ ကလေးအိမ်သာ၊ ကလေး စာအုပ်စင်၊ ကလေး ဆော့စရာ အခန်းဆိုပြီး သီးသန့် ထားပေးပါတယ်။ အသက် ၂နှစ်အရွယ်ကလေးတွေ ကိုင်မယ့် ကွန်ပျူတာထဲမှာ ကလေးသီချင်းတွေ၊ ဒါမှမဟုတ် ပုံပြင်ပြောပြတဲ့ ပရိုကမ်တွေထည့်ထားပေးသလို၊ သူတို့ သုံးမယ့် ကီးဘုတ်ကိုလဲ အရောင်လေးတွေနဲ့  လုပ်ထားပေးပါတယ်။ ဒါကြောင့် စာမတတ်သော်လည်း ကလေးတွေ ဟာ ကီးဘုတ်ပေါ်က အရောင်လေးတွေ နဲ့ နှိပ်ပြီး ကွန်ပျူတာ ကို သုံးကြပါတယ်။
စာမဖတ်တတ်သေးတဲ့ ကလေးငယ်လေးတွေ အတွက် ပုံကြည့်ပြီး ဖတ်လို့ ရတဲ့ စာအုပ်တွေကို ဒီလို သီးသန့် ခွဲထားပါတယ်။
ကလေးတွေအတွက် ရောင်စုံကီးဘုတ်ပါ။
ပြီးတော့.. သူတို့  စာဖတ်တဲ့ စားပွဲတွေနားမှာ ဖတ်ချင်စရာကောင်းအောင် အရုပ်ပုံလေးတွေ ချိတ်ထားပေးပြီး၊ကလေးတွေ အတွက် ဆိတ်ငြိမ်သာယာတဲ့ ပတ်ဝန်းကျင်လေးတစ်ခုကို ဖန်တီးပေးထားတဲ့ အတွက် ဒီနိုင်ငံက ကလေးတွေဟာ စာကြည့်တိုက် ကို ငယ်ငယ်ကတည်းက တွယ်တာကြပါတယ်။ စာကြည့်တိုက်ထဲ ရောက်ပြီဆိုတာနဲ့  သူတို့ တွေ ဟာ စာကြည့်တိုက် စည်းကမ်းကို လိုက်နာပြီး အသံ မမြည်အောင်၊ ဘေးကလူတွေကို အနှောက်မယှက် မဖြစ်အောင် နေတတ်ကြပါသေးတယ်။ ကလေးတွေဟာ စာကြည့်တိုက်ကို လာပြီး သူငယ်ချင်းအသစ်တွေနဲ့ တွေ့ ကြ၊ အတူတူ စာဖတ်ကြ နဲ့ အင်မတန်မှ ချစ်စရာကောင်းတဲ့ ဓလေ့ လေးပါ။
အသက် ၂နှစ်ကနေ ၅နှစ်လောက် အထိ ကလေးတွေ သုံးဖို့ ကွန်ပျူတာနဲ့ ခုံလေးတွေပါ
မဆီမဆိုင်…ရှမ်းပြည်မြောက်ပိုင်း ရွာလေးတစ်ရွာရဲ့ လယ်ကွင်းတွေ ထဲမှာ အရွယ်နဲ့  မလိုက်အောင် နွားကျောင်းနေရတဲ့ ကလေးတွေ ကို သွားမြင်ယောင်မိတယ်။ ကျွန်မ ကြီးပြင်းခဲ့တဲ့ ရွာကလေးမှာ ကလေးတွေ အတွက် မပြောနဲ့ လူကြီးတွေ ဖတ်ဖို့ စာကြည့်တိုက်တောင် မရှိခဲ့ပါဘူး။ ရွာမှာ ရှိတဲ့ တစ်ဆိုင်တည်းသော စာအုပ် အငှားဆိုင်လေးမှာ ကာတွန်းစာအုပ်တွေ ငှားငှားဖတ်ရင် လူကြီးတွေက ဆူတတ်လို့  ခိုးခိုးပြီးဖတ်ရတာ ကို သွားပြီး သတိရ မိပါသေးတယ်။
ရွာလေးနဲ့ အနီးပတ်ဝန်းကျင်ရွာ က ကလေးအများစုဟာ..တနေ့ တနေ့  ၀မ်းစာအတွက် ပင်ပန်းကြီးစွာ ရုန်းကန်ရကြပါတယ်။ တချို့ မိဘတွေ က ကိုယ့်ကလေးတွေ ကို ပညာတတ်ချင်လွန်းလို့ ..အခမဲ့ စာသင်ပေးတဲ့ ဘုန်းကြီးကျောင်း မှာ ကလေးတွေ ကို သွားအပ်ပြီး စာသင်စေပေမယ့် စီးပွားရေးအကြပ်တည်းတွေ ကြောင့် ရေရှည်တောင့်မခံနိုင်ကြပါဘူး။ ဒီလိုနဲ့ ပဲ ကလေးတွေဟာ.. ဆင်းရဲလို့  ပညာသင်ခွင့်မရ၊ ပညာ မတတ် တော့ အသိပညာ ဗဟုသုတပိုင်း မှာ အားနည်းပြီး ..အရွယ်လေးနဲနဲ ရလာတာနဲ့  အရက်သောက်တတ်၊ ဘိန်းရှူတတ်၊ မိန်းကလေးတွေ ဆိုရင်လဲ စောစောစီးစီးနဲ့  အိမ်ထောင်ကျ(ဒါမှမဟုတ်) အိမ်နီးချင်းနိုင်ငံတွေ မှာ သွားပြီး အလုပ်လုပ်ကြရင်း ရေတိမ်နစ်ကြ...ဒီလိုနဲ့ ဘ၀ ကို စတေးသွားရတဲ့ လူငယ်တွေ ဒုနဲ့ ဒေး။ လက်လှမ်းမီသလောက် လူငယ်တွေ ဖြစ်တဲ့ တူ၊တူမတွေ ကို တောင် စာဖတ်နိုင်အောင်၊ စာဖတ်ချင်စိတ်ဖြစ်လာအောင် မဖန်တီးပေးနိုင်တဲ့အတွက် အပြစ် မကင်းဘူးလို့  ကျွန်မ ခံစားမိတယ်...
အမေရိကန်ပြည်ထောင်စုမှာ တော့..မိဘတွေ အများစု ဟာ ကလေးတွေ စာဖတ်ချင်လာအောင် နည်းအမျိုးမျိုးနဲ့  အားပေးကြတာကို မြင်တွေ့ ရပါတယ်။ ဥပမာ..စားသောက်ဆိုင်ထဲ ရောက်လို့  အစားသောက်တွေ မှာတော့မယ် ဆိုရင်..ကလေးတွေ ကို မီနူးကဒ်ပေါ်မှာ ရေးထားတာတွေ ဖတ်ပြခိုင်းတာမျိုး၊ သတင်းစာ ကို မိသားစုလိုက် အတူဖတ်ကြတာမျိုး၊ သတင်းထဲပါတဲ့ အကြောင်းအရာ တစ်ခုခု ကို ရွေးပြီး အတူ ဆွေးနွေးကြတာမျိုး၊ ညအိပ်ရာဝင်ခါနီးမှာ ပုံပြင်စာအုပ်တွေ နဲ့ ကလေးတွေ ကို အသံထွက်ပြီး စာဖတ်ပြတာမျိုး စသဖြင့် စာပေဘက် ကို စိတ်ဝင်စားမှု ပိုစေဖို့ လမ်းခင်းပေးကြပါတယ်။ အုပ်ချုပ်သူ အစိုးရဘက်ကလည်း ကလေးစာကြည့်တိုက်တွေ ဖွင့်လှစ်ပေးတာမျိုး၊ အခမဲ့ ပညာရေးစနစ် စတဲ့ ထောက်ပံ့မှုတွေ နဲ့  အားပေးကြသလို၊ စာပေလောက ကို ကြည့်ပြန်ရင်လည်း ကလေးဖတ်ဖို့ စာအုပ်မျိုးစုံ ကို တွေ့ နိုင်ပါတယ်။
မြန်မာပြည်တွင်းမှာတော့….
လူကြီးတွေက.. “ငါ့ဘာသာ”…. “ငါ့ပါတီ”… “ငါ့စီးပွားရေး””ငါ့မြေကွက်” ..စသဖြင့် တိုက်ပွဲတွေ ဖြစ်နေဆဲ…..
စာရေးဆရာတွေ ကလည်း.. လူကြီးတွေ ကို ပညာပေးဖို့ ဆုံးမ စာအုပ်တွေ တောင် ရေးလို့  မဆုံးနိုင်ဖြစ်နေ သမို့ ကလေးစာပေတွေ အားနည်းနေဆဲ။
မီးပွိုင့်တွေနားမှာ ဖိနပ်မပါ ခြေဗလာနဲ့ ပန်းရောင်းနေတဲ့ ကလေးငယ်တွေ တိုးလာနေဆဲ…
“တိုင်းပြည်၏ အနာဂတ်” ဖြစ်သည့် မျိုးဆက်သစ်ကလေးငယ်တွေ အနာဂတ်မဲ့ လျှောက်လှမ်းနေကြဆဲ… 
မစုဥာဏ်
Photo: facebook (credit to original photographer)
Wednesday, March 20, 2013
မတူညီမှုတွေ တနေ့ တခြား တိုးပွား နေပေမယ့် နေစရာ ကမ္ဘာ က တစ်ခုတည်း
မွေးခါစ ကလေးငယ်တွေမှာ  လူမျိုးစွဲ မရှိ၊ ဘာသာရေး အသိ မရှိပါ။ 
ကလေးငယ် ဟာ "လူသား" ဆိုတဲ့ ဖြစ်တည်မှု တစ်ခုတည်းနဲ့ သာ လောကကြီးထဲ ကို ၀င်လာပြီး၊ နီးစပ်ရာ မိသားစု နဲ့ ပတ်ဝန်းကျင် က အရောင် ဆိုးမှု တွေ ကြောင့်သာ ဘာသာရေး နဲ့  ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ ကို သိ၊ မြင်၊ တတ်မြောက် သွားခြင်း သာဖြစ်တယ်။
မွေးရာပါ အသိတရား မဟုတ်တဲ့ လူမျိုးရေးခွဲခြားမှု နဲ့  မုန်းတီးမှု  တွေ  ကို ကျွန်မတို့ သင်ယူတတ်မြောက်နိုင် ခဲ့ရင်၊ လူ အချင်းချင်း လေးစားစွာဆက်ဆံတတ်ဖို့  ကျွန်မတို့  ကြိုးစား သင်ယူ တတ်မြောက် နိုင်ပါတယ်။
Photo: internet
အသားအရောင် ကွဲလွဲမှု (ဒါမှမဟုတ်) ယုံကြည်မှု ကွဲလွဲ မှု တွေ ကြောင့်  ဖြစ်နေတဲ့ စစ်ပွဲတွေ၊   သေဆုံးနေကြတဲ့ သူတွေ နိုင်ငံတိုင်းမှာ ရှိပါတယ်။  အမေရိကန်ပြည်ထောင်စုလို ဒီမိုကရေစီ စနစ် ကို ကျင့်သုံးနေတဲ့ ကမ္ဘာ့ထိပ်သီး နိုင်ငံ တစ်ခု ရဲ့  သမိုင်းကို ပြန်ကြည့်ရင် လူဖြူ နဲ့  လူမည်း အကြား ဖြစ်ပွား ခဲ့တဲ့ စစ်မက်တွေ၊ KKK လို့ ခေါ်တဲ့ လူဖြိုးတွေ က အပြစ်မဲ့တဲ့ လူမဲတွေ ကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု တွေ နှစ်ပေါင်းများစွာ ဖြစ်ပွားခဲ့တာ ကို တွေ့ ရမှာ ဖြစ်ပါတယ်။ စားသောက် ဆိုင်တွေမှာ၊ ဘတ်(စ)ကားတွေ ပေါ်မှာ လူဖြူ၊ လူမည်း ကန့် သတ်နေရာ ယူရတာ တွေ၊ လူမည်းတွေ ကို ကျွန်အဖြစ် ၀ယ်ယူရောင်းချခဲ့တာတွေ အကျဉ်းတန်စွာ ဖြစ်ခဲ့ပါတယ်။ ဟော….အခုတော့လဲ အမေရိကန်ပြည်ထောင်စု ကို အုပ်ချုပ်နေတဲ့ သမ္မတ ဟာ လူမည်းတစ်ဦးဖြစ်လို့  နေပါပြီ။
လူမျိုးရေး၊ ဘာသာရေးအမြင်ကျဉ်းမြောင်းမှု တွေ ကို လျှော့ချဖို့  တခြား မရေမတွက် နိုင်သော နည်းလမ်း ကောင်းများစွာ ရှိတဲ့ အထဲမှာ အရေးအကြီးဆုံး လို့  ကျွန်မယုံကြည်တဲ့ အချက်တွေ ကို ထုတ်နှုတ်ပြ ရရင်...
၁။ ။ တစ်ဦးချင်းစီ ပြုပြင်ဖို့ ။
    ကျွန်မတို့  အားလုံးလိုလို လူမျိုးရေးခွဲခြားမှု ကို (ရည်ရွယ်ချက် နဲ့  ဖြစ်စေ၊ မရည်ရွယ်ပဲနဲ့  ဖြစ်စေ) ကျူးလွန် မိတတ်ပါတယ်။
ဥပမာ။ ။ တစ်ယောက်ယောက် ကို စိတ်ဆိုးရင် သူ့ နာမည် ကို မသုံးပဲ  “အဲဒီ တရုတ်မ က (ရှမ်းမက) အရမ်းစိတ်ပုပ်တယ်” လို့  မရည်ရွယ်ပဲ လူမျိုးနဲ့ သိမ်းကြုံးပြီး ပြောမိတာတို့  လုပ်မိတတ်ကြပါတယ်။ မှတ်မှတ်ရရ ရန်ကုန်မှာ ကျောင်းတက်စဉ်က ထားဝယ်က လာတဲ့ သူငယ်ချင်းတစ်ယောက် စကားပြောတဲ့ အခါ ၀ါကျ အဆုံးမှာ "ရ" (ငါမသိ လို့  ပြောမယ့် အစား ငါမသိရ) ထည့်ပြော တတ်တာ ကို ကျွန်မတို့ ဝိုင်းရယ်ပြီး၊ သူနဲ့  စကားပြောတိုင်း သူ့ လို တူအောင် လိုက်တု ပြီး ပြောကြ၊ ရယ်ကြနဲ့  လုပ်ခဲ့မိတာ ကို သတိရမိပါတယ်။ ရှမ်းပြည်က လာတဲ့ ကျွန်မ စကားမပီလို့ လူတွေ ၀ိုင်းရယ်တဲ့ အခါ၊ စိတ်ထဲ သိမ်ငယ်မှုတွေ ၀င်သွားတဲ့ အခါကြတော့မှ အဲဒီ သူငယ်ချင်းလေးကို ကျွန်မ ကိုယ်ချင်းစာ မိသွားပါတယ်။ ကိုယ်နဲ့ မတူတဲ့ သူတွေ ကို ရယ်စရာ အဖြစ်တစ်ခု လို လုပ်လိုက်တဲ့ အပြုအမူရဲ့  အတိမ်အနက် ကို ကျွန်မ နားမလည်ခဲ့မိပါဘူး။ အဲဒီလို အသေးစိပ် အမူအကျင့် တွေ က အစ ကျွန်မတို့  ပြင်ဖို့ လိုပါတယ်။ ကိုယ် ကိုယ်တိုင် ပြင်သလို၊ ကိုယ့်သားသမီး နဲ့  မိသားစု ၀င်တွေ က ပြောဆို တဲ့ အခါ သတိပေးပြီး ပြင်ဆင်ပေးဖို့ လိုပါတယ်။ ဒီဆောင်းပါးရဲ့  အစပိုင်းမှာ ရေးထားသလိုပဲ၊ မွေးရာပါ မဟုတ်တဲ့ အကျင့်ဆိုးတစ်ခု ကို သင်ယူလို့  ရရင်၊ အဲဒီ အကျင့် ကို ပြန်ဖျောက်ဖို့  ကျွန်မတို့  သင်ယူနိုင်ပါတယ်။ ကြိုးစားနိုင်ပါတယ်။
၂။ တင်းကြပ်တဲ့ ပြစ်ဒ်ချမှုတွေ နဲ့  တရားဥပဒေ စိုးမိုးမှု။
   လူမျိုးရေးကြောင့် ဖြစ်တဲ့ သတ်ဖြတ်မှု၊ အကြမ်းဖက်မှုတွေ ကို လျော့ချတဲ့ နေရာမှာ တရား ဥပဒေ စိုးမိုးရေးက အင်မတန်မှ အရေးကြီးပါတယ်။ 
ဥပမာ။ အမေရိကန်ပြည်ထောင်စုမှာ၊ KKK လို့ ခေါ်တဲ့ လူဖြိုးတွေ က လူမည်းတွေ ကို  သတ်ဖြတ် တဲ့ အခါ၊ လူဖြူအစိုးရ က အမှုတွေကို စစ်ဆေးဖော်ထုတ်ပြီး၊ အပြစ်ရှိသူတွေ ကို ထိုက်ထိုက်တန်တန် အပြစ်ဒ် ပေးခဲ့တဲ့ပါတယ်။ ဘက်မလိုက်တဲ့ မျှတတဲ့ တရားစီရင်ရေး စနစ်ကို နိုင်ငံသားတိုင်း မျက်ဝါး ထင်ထင်မြင်တွေ့ သွားပြီး၊၊ ပြစ်မှု မကျူးလွန်မိအောင်ရှောင်ကျဉ်ကြတဲ့ အတွက် တဖြည်းဖြည်းနဲ့ အသားအရောင် ကွဲပြားမှု ကြောင့်ဖြစ်တဲ့ သတ်ဖြတ်မှုတွေ လျော့နည်းသွားစေခဲ့ပါတယ်။ 
အခုဆိုရင်၊ အမေရိကန်ပြည်ထောင်စုရဲ့  အလုပ်ခွင်ထဲမှာ လူမျိုးရေးကြောင့် ကန့် သတ်မှုတွေ၊ ခွဲခြားမှုတွေ လုပ်လာရင် (ဒါမှမဟုတ်) လုပ်သလို ခံစားရရင် တောင် အလုပ်ရှင် ကို တရားစွဲဆိုခွင့်ရှိပါတယ်။ စုံစမ်း စစ်ဆေးတဲ့ အဖွဲ့ တွေ က ဖော်ထုတ်လို့  မှန်ကန်နေခဲ့ရင် အလုပ်ရှင်က အရေးယူခံရမှာဖြစ်ပါတယ်။ ဒီလောက်တင်းကြပ်မှုတွေ၊ ဥပဒေတွေ ချထားတဲ့ ကြားကတောင် ခွဲခြားမှုတွေ က ကြိုကြား၊ ကြိုကြား ရှိနေတုန်းပါပဲ။
Photo: internet
၃။ ခွဲခြားအုပ်ချုပ်မှု စနစ်ရဲ့ အားနည်းချက် ကို ပြင်ခြင်း။
မြန်မာပြည်တွင်းက တိုင်းရင်းသားဒေသတွေ မှာ ရိုးရာပွဲတော် တွေ ကျင်းပခွင့်၊ တိုင်းရင်းသား စာပေသင်ကြားခွင့် တွေ စတဲ့ တိုင်းရင်းသားတွေရဲ့  ရသင့်တဲ့ အခွင့်အရေးနဲ့  ပတ်သက် ပြီး စစ်အစိုးရ လက်ထက်၊ ခေတ်အဆက်ဆက်မှာ နည်းမျိုးစုံနဲ့  ပိတ်ပင်တားမြစ်ခဲ့ပါတယ်။ ဗမာဆိုတဲ့ လူမျိုးကြီး ၀ါဒကို ကျင့်သုံးခဲ့မှုကြောင့်၊ တိုင်းရင်းသားတွေမှာ ခံပြင်းမှု၊ မလှုံခြုံမှု အစရှိတဲ့ ခံစားမှုတွေ အပြင် ဗမာလူမျိုးတွေ ကို မနှစ်မြို့ မှု တွေကို ဖြစ်ပေါ်စေပါတယ်။ ဒါတွေဟာ အုပ်ချုပ်သူ အစိုးရ ရဲ့ လူမျိုးရေးခွဲခြား ဆက်ဆံ မှုတွေ ကြောင့် ဖြစ်ပေါ်ခဲ့ရတဲ့ ဆိုးကျိုးတွေ ပါပဲ။  အဲဒီလို စနစ်ဆိုးရဲ့ အောက်မှာ နှစ်ပေါင်းများစွာ နေလာ ခဲ့ရတဲ့ မြန်မာပြည်သူပြည်သားတွေ ရဲ့  အမြင်ကို ရုတ်တရက် ပြောင်းလဲနိုင်ဖို့  မဖြစ်နိုင်ပါဘူး။ ဒါကြောင့် အစိုးရဘက်က သိသာမြင်သာတဲ့ ပြောင်းလဲမှု တွေ ကို အချိန်မဆွဲပဲ၊ ချက်ခြင်း လုပ်ပေးဖို့ လိုပါတယ်။
ဒီနေရာမှာ ကြုံကြိုက်ပြီး ပြောလိုတာက၊ ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေးခရီးစဉ်တွေ ထွက်စဉ် တုန်းက တိုင်းရင်းသားဒေသတွေ မှာ မိန့် ခွန်းပြောတဲ့ အခါ "ကချင်လို (ရှမ်းလို) မပြောနိုင်တဲ့ အတွက် ကျွန်မကို ခွင့်လွတ်ပါ၊ နောက်တခါ လာရင် နည်းနည်းပါးပါးပြောတတ်အောင် ကျွန်မ ကြိုးစားပါ့မယ်" လို့ ပြောဆိုတဲ့ အပြုအမူက အင်မတန်မှ ချစ်စရာကောင်းပါတယ်။ နားထောင်နေတဲ့ တိုင်းရင်းသားတွေ စိတ်ထဲမှာ၊ ဒေါ်စု အပေါ် ပိုပြီး ယုံကြည်စိတ်၊ ငါတို့ ရဲ့ ဘာသာစကား ကို သူ တန်ဖိုးထားတယ် ဆို တဲ့ အတွေးတွေ ကို ၀င်စေတယ်လို့ ကျွန်မမြင်ပါတယ်။   
၎။ ကျဉ်းမြောင်းတဲ့ အမြင်ဝါဒတွေ ပျောက်သွားအောင် အသိပညာဖြန့် ဖြူးခြင်း။
-       ကျောင်းတွေမှာ
ဥပမာ။ ။ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံသော ကလေးတွေ ကို ဆွေးနွေးပွဲတွေ၊ ယဉ်ကျေးမှု ဖလှယ်ပွဲတွေ နဲ့   စာစီစာကုံးပြိုင်ပွဲ ၊ စသဖြင့် ပြုလုပ်ပေးတဲ့ အခါ မတူညီတဲ့ ယုံကြည်ချက်တွေ ထုံးတမ်းအစဉ်အလာ တွေ ကို သတိမူမိပြီး၊ တစ်ယောက် ကို တစ်ယောက် လေးစားမှု တွေ နဲ့  ဆက်ဆံတတ် စေဖို့  အလေ့အကျင့် ကို ရလာစေပါတယ်။
-       လုပ်ငန်းခွင်တွေ မှာ
ဥပမာ။ ။ cultural diversity အကြောင်း ကို ပညာပေးခြင်း၊ နေ့ တနေ့ ကို သတ်မှတ်ပြီး ၀န်ထမ်းအားလုံး ကို မိမိရဲ့ ရိုးရာ အစားအစာ၊ ယဉ်ကျေးမှု တွေ ကို ခင်းကျင်းပြသတဲ့ ပွဲအဖြစ် ပြုလုပ်ပေးခြင်း။
-       ရပ်ကွက်ထဲမှာ
ဥပမာ။ ။ လူမည်းတွေ နေထိုင်တဲ့ ရပ်ကွက်ကို လူဖြူပြောင်းလာတဲ့ အခါ၊ အရင် ရောက်နှင့်ပြီးသား အိမ်နီးချင်းတွေ က ကြိုဆိုနှုတ်ဆက်ပွဲ လုပ်ပေးခြင်း။
စတဲ့ အချက်တွေ က အခြေခံအချက်တွေ ဖြစ်သလို၊ အင်မတန်မှ အရေးကြီးတယ်လို့  ကျွန်မ မြင်ပါတယ်။
ယခင်က  ဗုဒွဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစွလန်ဘာသာ၊ ဟိနွူဘာသာ ဆိုပြီး ဘာသာကြီး ၄ ရပ်လို့ သာ ကျွန်မ သိထားခဲ့ပေမယ့်၊ အခုနောက်ပိုင်း စာတွေဖတ်ကြည့်တဲ့အခါ၊ Judaism လို့ ခေါ်တဲ့ ဂျူးလူမျိုးတွေ ကိုးကွယ်တဲ့ဘာသာ၊ ဂျပန်လူမျိုးတွေ ကိုးကွယ်တဲ့ Tenrikyo ဆိုတဲ့ ဘာသာ တွေ နဲ့ အတူ တခြား ဘာသာတွေ အများကြီး ရှိတာကို စိတ်ဝင်စားစဖွယ် တွေ့ ရပါတယ်။ ဝေးဝေးမကြည့်ပဲ၊ မြန်မာပြည်တွင်း က ဗုဒွဘာသာ ထဲမှာတောငိုဏ်းတွေ အများကြီးခွဲထွက်နေတာ ကို မြင်တွေ့ ကြရမှာပါ။  ကျွန်မတို့  ရဲ့ နေ့ စဉ်လုပ်ငန်းတွေမှာ၊ မိသားစုဝင်တွေ ထဲမှာ၊ နောက်ဆုံး ကိုယ် မနေ့ က လက်ခံယုံကြည်ထားတဲ့ အယူအဆ တစ်ခု က နောက်တနေ့ မှာ မဟုတ်တော့ ပြန်တာမျိုး ကြုံဖူးကြမှာပါ။ ဘယ်ဘာသာ ကို ပဲ ကိုးကွယ်ပါစေ၊ တဘက်စွန်းမရောက်မိစေဖို့ ၊ ငါ့ဘာသာ သာ လျှင် အမြတ်ဆုံးဖြစ်တယ်လို့  မယူဆမိစေဖို့  လိုပါတယ်။
အသားရောင် ကွဲလွဲမှုတွေ၊ အယူအဆ မတူညီမှုတွေ နဲ့ လူဦးရေ တိုးပွားမှု က တနေ့ တခြား များလို့ လာနေပေမယ့် နေစရာ ကမွာကြီးက တော့ တစ်ခုတည်းဖြစ်တုန်းပါပဲ။ ဘာသာရေးကွဲလွဲမှု ကို အကြမ်းဖက်နည်းနဲ့  စစ်တိုက်ပြီး၊ ဖြေရှင်းကြတာ မအောင်မြင်ဘူးဆိုတဲ့ သက်သေတွေ ကလည်း အခိုင်အမာပါ။ ဒီတော့ မတူညီမှု ကို ညှိုယူဖို့  ကလွဲလို့  ကျွန်မတို့  တခြားလမ်း မရှိပါဘူး။ ဒါကြောင့် ကျွန်မတို့  တစ်ဦးချင်းစီက နေ စပြီး ပြုပြင်ဖို့ လိုပါတယ်။ 
(ကျွန်မ သည် ဘာသာရေး ကျွမ်းကျင်သူ မဟုတ်ပါ။ အမုန်းကြောင့် ဖြစ်သော စစ်ပွဲများ ငြိမ်းစေလိုသောကြောင့် မိမိအမြင်ကို ဝေမျှထားခြင်းသာ ဖြစ်ပါသည်။ ဆောင်းပါးတွင် အမှားအယွင်း ပါရှိပါက စာရေးသူ ညံ့ဖျင်းမှုသာ ဖြစ်ပါကြောင်း)                              
                                                                                                     မစုဥာဏ်
Photo: internet