Tuesday, August 25, 2015
ရှက်
(Photo credit: Imgion.com)
သူမတူအောင် အေးတတ်လွန်းသည့် နယူးယောက်ဆောင်းတွင်းမှာ မနက်စောစော အချိန်ပို အလုပ်ဆင်းရသည့် ရက်တွေ ကို ကျွန်မ မုန်းသည်။
လူနာများ၏ ငြီးငြူသံ (သို့ မဟုတ်) မိသားစုဝင်များ၏ အပြစ်တင်သံ များကို ကြားရတတ်သည့် ဆေးရုံထဲကို ပင် မရောက်သေး၊ အိမ်မှာ အလုပ်သွားဖို့ ပြင်ရ ဆင်ရ ကတည်းက စိတ်ညစ်ခြင်းက စပြီ။   
တလောကလုံး အိပ်မောကျနေချိန်မို့  အေးအေးနှင့် ဆက်ကွေးချင်စိတ်ကို တွန်းလှန်ပြီး နှိုးစက်ကို ပိတ်ကာ ထ ရသည်။ ရေမိုးချိုးပြီး တော့ .. ရေခဲမှတ်အောက်ရောက်တတ်သည့် အအေးဒ်ကို ကာကွယ်ဖို့  အသားကပ် အင်္ကျီ၊ အသားကပ် ဘောင်းဘီရှည်တွေ ကို အောက်ခံဝတ်၊ အနွေးထည် တွေ ကို အထပ်ထပ် ၀တ်ပြီး၊ နောက်ဆုံးတထပ် မိုးကာ သို့  မဟုတ် လောင်းကုတ်အရှည် ကို ထပ် ၀တ်ရသည်။
ရေခဲတွေ ကို ဖြတ်တိုက်လာမည့် လေပြင်းနှင့် တိုက်ရိုက် မထိမိအောင် ဦးထုပ်ဆောင်း၊ လည်ပင်းကို မာဖလာနှင့်ပတ်(တခါတလေ လဲ နှာခေါင်းထိ ဆွဲတင်)၊ နားကို နားအုပ်သည့် ကိရိယာနှင့်အုပ်ပြီး၊ လက်အိတ်ကို စွပ်ရသလို၊ နှင်းတွေထဲ ဖြတ်လျှောက်ဖို့ နှင်းစီး ဘွတ်ဖိနပ်ရှည် ကို စိးရပြန်သည်။ အ၀တ်အစားလဲခြင်း ကပြီးသွားသည့် အခါမတော့  အနွေးထည် အထပ်ထပ်ကြောင့် လူက ဖောင်းပွပွဖြစ်ကာ လေးလံသွားပြီ ဖြစ်သည်။
အဲဒီနောက် … ကွန်ပျူတာအိတ်ကို ပုခုံး တဖက်မှာလွယ်၊ (အမေရိကန်စာကို မစားတတ်၊ ထမင်းဟင်း စားရမှ ကျေနပ်သူမို့ ထမင်းဗူးက ပါရသေးသဖြင့်) ကျန်လက်တစ်ဘက်က ထမင်းဗူးထည့်ထားသည့် အိတ်ကို ဆွဲကာ အိမ်ကထွက်ဖို့ ပြင်ရသည်။
ကျွန်မနေသည့် နေရာနှင့် မြို့ ပတ်ရထားဘူတာရုံက ၁၀ မိနစ်ခန့် သာဝေးသော်လည်း၊ တစ်ပေ ကနေ သုံးပေလောက်အထိ ထူထပ်သည့် နှင်းနွံထဲ ဖြတ်လျှောက်ရသည့် အခါမျိုးဆို ခြေလှမ်းတလှမ်းကို မနည်းလှမ်းနေရသည့် အတွက် မိနစ် ၂၀ ခန့် ကြာမှ ဘူတာရုံကို ရောက်တတ်သည်။
အဲ…ဘူတာရုံရောက်ပြီ ဆိုပြီး သက်ပြင်းချလို့ က မရသေး။
တခြားနေရာတွေမှာဆို ရထားလိုင်းတွေက မြေအောက်လမ်းကြောင်း အတိုင်း ပြေးကြသည်မို့  နှင်းထူထူ နေပူပူ ခရီးစဉ်တွေ ကို မဖျက်ပေမယ်၊့ ကျွန်မ စီးသည့် နံပါတ် ၇ ရထားက မြေပေါ်လမ်းကြောင်းမှ ပြေးသည့် ရထားမို့  နှင်းထူသည့် အခါ မပြေးနိုင်ဖြစ်တတ် သဖြင့် ဘူတာရုံထဲ ရောက်လျှင် အင်တာကွန်းမှ ကြေငြာချက်တွေ ကို နားထောင်ရသေးသည်။ ရထားပြေးသည်ဆိုမှ သက်ပြင်းချရသည်။ ဒါတောင် သွားနေရင်း လမ်းမှာ နှင်းတွေ ထပ်ကျလာသဖြင့် လမ်းတ၀က်မှာ ရပ်လိုက်ရသည် ကလည်း အကြိမ်ကြိမ်။
ဒါတွေကြောင့် ဆောင်းတွင်းမှာ မနက်စောစော အချိန်ပို ဆင်းရခြင်းကို ကျွန်မ မုန်းခြင်းဖြစ်သည်။ အလှည့်ကျ စနစ်ဖြင့် ၀န်ထမ်းတိုင်း အချိန်ပိုဆင်းရခြင်း ဖြစ်သဖြင့် မသွားလို့ လဲမရပြန်။
************************************************************************
ဒီတခါ အချိန်ပို ဆင်းဖို့ အလှည့်ကျလာသည့် အခါမတော့ Black Taxi ခေါ် အိမ်တိုင်ရာရောက် ကြိုပို့  လုပ်ပေးသည့် ကားကို ကျွန်မ ကြိုငှားထားလိုက်သည်။ မြို့ ပတ်ရထားထက်စာလျှင် ဈေးကြီးသော်လည်း အနဲဆုံး နှင်းတွေကြားထဲ လမ်းလျှောက်ရသည့် ဒုက က ကင်းမည် ဖြစ်သည်။   
မနက် ၅ နာရီ ထိုးတော့ အိမ်ရှေ့ မှာ ကားရောက်နေကြောင်း ဒရိုင်ဘာက ဖုန်းလှမ်းဆက်သည်။ သူ့  လေယူလေသိမ်းက အိနိယသံ ၀ဲဝဲနှင့် ဖြစ်သည်။ သူ့ အသံကြားတော့ မနေ့ က ကျွန်မတို့ ဌာနကို အလုပ်ရှုပ်သွားစေသည့် လူနာကို သွားသတိရမိသည်။
အဆိုပါ လူနာသည် လေဖြတ်ပြီး အရေးပေါ်ဌာနမှ တဆင့် ကျွန်မတို့ ဌာနကို ပြောင်းလာခြင်းဖြစ်သည်။ တာဝန်ကျ သူနာပြု ဆရာမလေးက ထုံးစံအတိုင်း သွေးတိုင်း၊ အပူချိန်တိုင်းဖို့  လုပ်တော့ လူနာနှင့် အတူပါလာသည့် အကိုဖြစ်သူက ငြင်းသည်။ သူတို့  ယုံကြည်ကိုးကွယ်သော ဘာသာအရ အမေ၊ဇနီး၊သမီးနှင့် မိသားစုဝင် အမျိုးသမီးများမှ လွဲ သူစိမ်း အမျိုးသမီးများနှင့် အသားချင်းထိခြင်း ကို မပြုရဟု ကန့်  သတ်ထားသဖြင့် အမျိုးသား သူနာပြုကို ပြောင်းပေးဖို့ ပြောလာသည်။
“လူနာသာလျှင်ပထမ”၊ “လူနာ ယုံကြည်မှုသည် ပာန”၊ “လူနာက ငြင်းဆန်လျှင် ကုသမှု မပြုရ” စသဖြင့် လေ့ကျင့်သင်ကြားထားခြင်းခံရသည့် ကျွန်မတို့ ဝန်ထမ်းတွေ အတွက် ဒီလို အဖြစ်အပျက်တွေ ကို မကြာခန ကြုံတွေ့ ကြရသည်မို့  အပန်းမကြီးလှသော်လည်း ..မနေ့ ကတော့ နှင်းတွေကျ ပြီး နယူးဂျာစီ မှ လာရောက် အလုပ်ဆင်းသည့် ၀န်ထမ်းများက မလာနိုင်ကြသဖြင့် ကျွန်မတို့ မှာ ၀န်ထမ်းနှင့် လူနာ အင်အား မမျှအောင် အလုပ်များ နေချိန်ဖြစ်သည်။ အမျိုးသားသူနာပြုကလဲ မရှိ ဆိုတော့ တခြားဌာနကို အကူအညီ လှမ်းတောင်းရသည်။ တခြားဌာနက သူနာပြုကလည်း ချက်ခြင်း မလာနိုင်၊ လူနာမိသားစုဝင်တွေ ကလည်း စောင့်ရသည်ကို စိတ်မရှည်သဖြင့် အပြစ်တင်နှင့် ကျွန်မတို့ တွေ စိတ်သောက ရောက်ကြရသည်။
အင်း ဒီဒရိုင်ဘာလည်း ဈေးဦးပေါက်မို့ အမျိုးသမီး မတင်ပါ လို့ ပြောခဲ့ရင် ဟု မဆီမဆိုင် တွေးပြီး ပြုံးမိသေးသည်။     
****************************************************************************
ကားပေါ်ရောက်တော့ “မင်္ဂလာ နံနက်ခင်းပါ” ဟု ကျွန်မ နှုတ်ဆက်လိုက်သည် ကို သူက ပြန်မနှုတ်ဆက်ပဲ ခေါင်းတချက် ညိတ်ပြပြီး ကျွန်မ နားမလည်သည့် ဘာသာစကားဖြင့် နားကြပ်မှ တဆင့် ဖုန်းပြောနေသည်။ မှုတ်ဆိတ်မွှေးတွေ ထူလပစ်နှင့် သူ့ မျက်နှာထားက ခက်ထန်သည်။
 ဘာတွေ ပြောမှန်းမသိပေမယ့် သူ့ လေယူလေသိမ်းကို နားထောင်ကြည့်ရတာ တဘက်က လူကို ဒေါသတကြီး ပြောဆိုနေပုံရသည်။ အခြေအနေ မဟန်သဖြင့် ကျွန်မလဲ ဆေးရုံေ၇ာက်သည့် အထိ ဘာတခွန်းမှ ထပ်မပြောတော့။ 
ခရီးသည်ကို ဂရုတစိုက် မရှိသည့် သူ့ အပြုအမူကြောင့် အမြင်ကတ်သဖြင့် ကားပေါ်မှ ဆင်းခါနီး ငွေရှင်းတော့ သူ့ အတွက် Tip money့  (အမေရိကန်ပြည်ထောင်စုမှာ စားပွဲထိုးများ၊ ဒရိုင်ဘာများကို သူတို့  ၀န်ဆောင်မှု အတွက် သီးသန့် ထပ်ပေးရသည်) ကို ပုံမှန်ထက် လျော့ပြီး ပေးလိုက်သည်။
ဒီလိုနဲ့ အလုပ်ထဲရောက်ပြီး နာရီ အနည်းငယ်ကြာမှ ကျွန်မ Iphone ပါမလာမှန်း သတိထားမိသည်။ မှတ်မှတ်ရရ ကားပေါ်ကဆင်းခါနီး ကုတ်အင်္ကျီထဲ ထည့်လိုက်သည် ကို သတိရမိသည်။ လက်အိတ်တွေ စွပ်ထားတော့ ပစည်းတွေ ကို ကိုင်လျှင် သိပ်မမိချင်။ အိတ်ထောင်ထဲ မ၀င်ပဲ ကားကြမ်းခင်းပေါ် ကျသွားတာ ဖြစ်နိုင်သည်။
ဖုန်းက ၀ယ်ထားတာ ၂ ရက်ပဲရှိသေးသည်။ $600 ကျော်ပေးရသဖြင့် နှမြောလို့ မဆုံး။ မြို့  ပတ်ရထားဆိုရင်တော့ lost & found department ရှိပြီး ခရီးသည်များ ကျန်ခဲ့သည့် ပစည်းတွေ ကို သိမ်းထားပေးတတ်သော်လည်း တက်စီတွေပေါ်မှာတော့ ပြန်ရတာ သိပ်မကြားမိ။  
တခြား ခရီးသည်တွေ တက်ပြီး ယူသွားနိုင်သလို ထို အပေါက်ဆိုးဆိုးနဲ့ ဒရိုင်ဘာက မတွေ့ မိဘူးလို့ ညာပြီး ပြန်မပေးရင်လဲ ဘာမှ မတတ်နိုင်။ ငါ့ဘာသာ နှင်းတွေထဲ လမ်းလျှောက်လာခဲ့ရင် အကောင်းသား။ ခုတော့ ပိုစိတ်ညစ်ရပြီ။
မျှော်လင့်ချက်နည်းလှသော်လည်း မနက်က စီးလာသည့် ကားကုမီကို ကျွန်မဖုန်းလှမ်းဆက်လိုက်သည်။ ဖုန်းကိုင်သည့် အမျိုးသမီးက ဖုန်းကို အဆိုပါ ဒရိုင်ဘာက သိမ်းထားပေးကြောင်း ကျွန်မဆီကို ပြန်လာပေးမည့် အကြောင်း ပြောလာသည့် အခါ၊ ၀မ်းသာလုံးဆို့ ပြီး ကျွန်မ ဘာပြန်ပြောရမှန်း မသိအောင် ဖြစ်ရသည်။
မောင်မင်းကြီးသားက မနက်တုန်းက ဒေါသတကြီးနဲ့  အော်ဟစ်နေပေမယ့် ဒီလိုဆိုတော့ လဲ  သဘောကောင်းလှချည်လား။ ရိုးသားလှချည်လား လို့  တွေးပြီး သူ့ ကို Tip money ပေးဖို ပိုက်ဆံအိတ်ထဲ ကြည့်တော့ $50 တန် နှစ်ရွက်ကျန်သေးတာ တွေ့ သည်။ တစ်ရွက်ကို ကွန်ပျူတာအိတ်ထဲ ပြောင်းထဲလိုက်ပြီး ကျန်တရွက်ကို ဗိုက်ဆံအိတ်ထဲ ထည့်ထားလိုက်သည်။ သူ့ ရှေ့ မှာ ဗိုက်ဆံထုတ်ပေးရင် ကျွန်မ မှာရှိသလောက် ပေးလိုက်သည် လို့ သူမြင်သွားအောင်ဖြစ်သည်။
ကြိုတင် ပြင်ဆင်ထားသည့် အတိုင်း ကျွန်မက ဖုန်းကို သိမ်းထားပေးသည့် အတွက်ရော ပြန်လာပို့ ပေးသည့် အတွက်ပါ  ကျေးဇူးတင်ကြောင်း ပြောပြီး သူ မြင်အောင် ဗိုက်ဆံအိတ်သေးကို ဖွင့် ပြီး ပိုက်ဆံထုတ်လိုက်တော့ “မယူပါဘူး၊ မင်းကို ဘုရားသခင်စောင့်ရှောက်ပါစေ” ဟု ဆိုသည်။
အသာအယာ မောင်းထွက်သွား သည့် ကားပြတင်းမှန်ပေါ်မှာ ထင်လာတဲ့ ကျွန်မရဲ့  ပုံရိပ်က….     
ရုပ်ဆိုးအကျည်းတန်မှုတွေ နဲ့ အံ့သြ မှင်သက်နေတဲ့ မျက်နှာ…
            ရှက်ရွ့ံသိမ်ငယ်မှုတွေ ပြည့်နေတဲ့ မျက်ဝန်း နဲ့ ….
               နှင်းတွေ ကြားမှာ အရည်ပျော်သွားတဲ့ အတ ပုံရိပ်တစ်ခုပြည့်လို့ နေတာကို  ကျွန်မတွေ့  လိုက်ရသည်။
ချစ်ခင်စွာဖြင့်
မစုဥာ
No comments:
Post a Comment
ဖတ်ပြီးရင် မှတ်ချက်ပေးသွားဖို့  ဖိတ်ခေါ်ပါတယ်။