Showing posts with label ဘာသာပြန်. Show all posts
Showing posts with label ဘာသာပြန်. Show all posts

Thursday, December 22, 2011

ဒေါ်အောင်ဆန်းစုကြည် နှင့် Virginia Tech တက္ကသိုလ် မှ ကျောင်းသားများအင်တာဗျူး (နောက်ဆုံးပိုင်း)


Burmese Democracy leader Aung San Suu Kyi met with Students from Virginia Tech University via Skype (photo: internet) 

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က အမေရိကန်ပြည်ထောင်စုရဲ့  နာမည်ကြီး တက္ကသိုလ် တစ်ခုဖြစ်တဲ့ Verginia Tech တက္ကသိုလ်  ကျောင်းသား တွေ ကို Skype ကနေတဆင့် (ဒီဇင်ဘာလ (၅)ရက်နေ့ တုန်းက) တွေ့  ဆုံစကားပြောခဲ့တာ ကို ဘာသာပြန်ထားတဲ့ နောက်ဆုံး အပိုင်းပါ။  


အဲဒီ ဆွေးနွေးပွဲ မှာ ကျောင်းသားပေါင်း ၃၀၀၀ ခန့် ပါဝင်ခဲ့ကြပြီး၊ သူတို့ တွေဟာ ဒေါ်စုနဲ့ တွေ့ ဆုံရဖို့ ကို အထူးပဲ စိတ်လှုပ်ရှားနေခဲ့ကြတာကို ဗီဒီယိုကနေ တဆင့် မြင်တွေ့ ခဲ့ရပါတယ်။ ဒေါ်စု က မေးခွန်းတစ်ခုကို ပြန်ဖြေပေးလိုက်တိုင်း ကျောင်းသားတွေက လက်ခုပ်သြဘာတွေ တီးပြီး အားပေးကြပါတယ်။ 


မြန်မာအမျိုးသမီးတစ်ဦး က ကမ္ဘာတစ်ဘက်ခြမ်းမှာ ရှိတဲ့ ကျောင်းသားလူငယ်တွေ အပေါ် လွှမ်းမိုးနိုင်စွမ်းရှိတာကို မြင်တွေ့ ရတော့ မြန်မာလူမျိုး ဖြစ်ရတာ ကျွန်မဂုဏ်ယူမိပါတယ်။ ကမ္ဘာကျော် နိုင်ငံရေးခေါင်းဆောင်တွေ အများကြီးရှိပေမယ့် လူငယ်ထုရဲ့ ချစ်ခင် အားပေးမှုကို ခံရတဲ့ နေရာမှာ ဒေါ်အောင်ဆန်းစုကြည်ကို မမီကြဘူးလို့  ထင်ပါတယ်။    

Sunday, December 11, 2011

ဒေါ်အောင်ဆန်းစုကြည် နှင့် Virginia Tech တက္ကသိုလ် မှ ကျောင်းသားများ တွေ့ ဆုံမေးမြန်းခြင်းအပိုင်း(၃)

photo: Twitpic/Michael Strawther

မေး။ ။ ဒေါ်စုရဲ့  အဖေ(ဗိုလ်ချုပ်အောင်ဆန်း)လုပ်ကြံခံရမှု က နိုင်ငံရေးလှုပ်ရှားဖို့  ဘယ်လိုတွန်းအားတွေ ပေးခဲ့ပါသလဲ။


ဒေါ်စု။ ။ အဖေ့ကို လုပ်ကြံခံရသူတစ်ဦးလို့ ကျွန်မ မမြင်ပါဘူး။ အများကောင်းကျိုးအတွက် သူ့ ဘ၀ကို အကောင်းဆုံး အသုံးပြုပြီး နေထိုင်သွားတဲ့သူ လို့ ပဲမြင်ပါတယ်။ နောက်ပြီး အဖေ့ ကို လုပ်ကြံတဲ့ သူတွေကို တရားစီရင်ရာမှာ လက်လွတ်စပယ် စီရင်တာမဟုတ်ပဲ၊ သူတို့ ရသင့်တဲ့ အခွင့်အရေးတွေကို ပေးပြီး ဥပဒေဘောင်ထဲကနေ ကြားနာစီစစ်ပြီးမှ စီရင်ချက်ချခဲ့တာမို့ သူတို့ အတွက်လဲ ကျွန်မ ကျေနပ်ပါတယ်။ အဖေ့သေဆုံးမှုကြောင့် ဘယ်သူ့ ကိုမှ ဥပဒေမဲ့ ဒုကမရောက်စေချင်ပါဘူး။


မေး။ ။ ဘယ်အချိန်တုန်းက စပြီး နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်ဖို့ ဆုံးဖြတ်ခဲ့ပါသလဲ။


ဖြေ။ ။ တိုင်းပြည်က လိုအပ်လာတဲ့ အချိန်မှာ တာဝန်ယူမယ်ဆိုတဲ့ စိတ်နဲ့  ကြီးပြင်းလာခဲ့တာပါ။ ၁၉၈၈ လူထုအုံကြွမှုဖြစ်တဲ့ အချိန်မှာ ပါဝင်လှုပ်ရှားဖို့ မြန်မာနိုင်ငံသားတိုင်းမှာ တာဝန်ရှိတယ်လို့ ယုံကြည်ပြီး ကျွန်မ စတင်လှုပ်ရှားခဲ့တာဖြစ်ပါတယ်။


မေး။ ။ ကျွန်တော်မြန်မာပြည်မှာ ၆တန်းအထိ ပညာသင်ကြားခဲ့ပါတယ်။ ပြည်တွင်းက ပညာရေးဌာနတွေ မှာ လာဘ်ပေးလာဘ်ယူမှုတွေနဲ့  ခြစားနေတာကို ဘယ်လို ကိုင်တွယ် ဖြေရှင်းသွားဖို့ အစီအစဉ်ရှိပါသလဲခင်ဗျာ။ 


ဖြေ။ ။ လာဘ်စားမှုပြသာနာတွေဟာ တော်တော် အချိန်ယူပြီး ဖြေရှင်းရမယ့်ပြသာနာပါ။ ဘာဖြစ်လို့  လဲ ဆိုတော့ လူတွေဟာ နှစ်ပေါင်းများစွာ လာဘ်ပေးလဘ်ယူမှုတွေနဲ့  နေလာခဲ့တာ ကြာလွန်းလို့  အဲဒီလို လုပ်တာကို လုပ်ရိုးလုပ်စဉ်တစ်ခုလို့ ပဲ ယူဆနေကြလို့ ပါ။ ဥပဒေတွေ ပြောင်းပြီး လာဘ်စားသူတွေကို အရေးယူခြင်း ဒါမှမဟုတ် ဆရာ၊ဆရာမတွေကို လစားတိုးပေးခြင်း နဲ့  တင် မလုံလောက်ပါဘူး။ လူတွေရဲ့  အကျင့်စရိုက်၊ လာဘ်ပေးလာဘ်ယူမှုအပေါ် ထားတဲ့ အမြင်တွေ ကို ပြင်ဆင်ပြီး ဘက်ပေါင်းစုံက လုပ်ကိုင်ရမယ့်ကိစဖြစ်ပါတယ်။ နိုင်ငံခြားမှာ ပညာသင်နေတဲ့ ကျောင်းသားအနေနဲ့ ဒီကိစ မှာ ပူးပေါင်းပါဝင်လုပ်ကိုင်ဖို့ တိုက်တွန်းပါတယ်။


မေး။ ။ အမျိုးသားဒီမိုရေစီအဖွဲ့ ချုပ်က လာမယ့် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင် ဘာတွေ အရင်ဆုံး လုပ်သွားဖို့  အစီအစဉ်ရှိပါသလဲ။ 


ဒေါ်စု။ ။ ပထမဆုံးဆောင်ရွက်မှာကတော့ လွတ်တော်မှာ ပြည်သူတွေ အတွက် အကျိုးရှိမယ့် အဆိုတွေ တင်သွင်းသွားဖို့ ပါ။ ကျွန်မတို့  ဦးစားပေးဆောင်ရွက်ချင် တာကတော့ ပညာရေးနဲ့  ကျန်းမာရေးတိုးလုပ်ငန်းတွေ တိုးတက်ဖို့ ပါ။ အဲ တရားဥပဒေစိုးမိုးရေး ကလည်း မုချပါရပါလိမ့်မယ်။ တရားဥပဒေစိုးမိုးမှု မရှိသရွေ့ မတရားဖမ်းဆီးချုပ်နှောင်မှုတွေ ဆက်လက်ရှိနေနိုင်သေးလို့ လူတွေလဲ လှုံခြုံစိတ်ချစွာနေရမှာ မဟုတ်ပါဘူး။


မေး။ ။ မြန်မာပြည်မှာ ကြုံတွေ့ နေရတဲ့ အခက်အခဲတွေ ကို ကိုယ်ချင်းစာနားလည်မိပါတယ်၊ ကျွန်တော်တို့ ဘယ်လို ပါဝင်ကူညီနိုင်ပါသလဲခင်ဗျာ။ 


ဖြေ။ ။ စောစောပိုင်းက ရှင်တို့ ဘက်မှာ စက်ပိုင်းဆိုင်ရာ အခက်အခဲရှိတာ မြင်ရတော့ ငါတို့  မြန်မာပြည်က နည်းပညာပိုင်းဆိုင်ရာစနစ်က အမေရိကနဲ့  သိပ်မကွာပါလားလို့ တွေးပြီး ကျွန်မ ၀မ်းသာမိနေတာ။ (ရယ်မောလျှက်)။ အခုလို တွေ့ ဆုံမေးမြန်းမှုလုပ်တာကလဲ ကူညီမှု တစ်ခုပါပဲ။ မြန်မာပြည်အကြောင်းကို ပိုမိုသိရှိအောင် ကြိုးစားစေချင်ပါတယ်။ ကျွန်မတို့  ကို ကူညီနိုင်မယ့် နည်းလမ်းတွေ အများကြီးရှိပါတယ်။ အထူးသဖြင့် ပညာရေးပိုင်းဆိုင်ရာ ကူညီမှုတွေပေးစေချင်ပါတယ်။ မြန်မာကျောင်းသားတွေ ကို ပညာသင်ဆုများများပေးပါ၊ အရည်အချင်းရှိတဲ့ ဆရာတွေကို မြန်မာပြည်က ကျောင်းတွေဆီပို့ ပေးခြင်းဖြင့် ကူညီပါ။
  
(ဆက်လက်ဖော်ပြပါမည်) 

Saturday, December 10, 2011

ဒေါ်အောင်ဆန်းစုကြည် နှင့် Virginia Tech တက္ကသိုလ် မှ ကျောင်းသားများ တွေ့ ဆုံမေးမြန်းခြင်း (၂)

photo: Twitpic/Michael Strawther
ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန်ပြည်ထောင်စုရှိ Virginia Tech တက္ကသိုလ် က ကျောင်းသားတွေရဲ့  skype ကနေ တဆင့် တွေ့ ဆုံခန်းမှ အမေးအဖြေအချို့ ကို ဘာသာပြန်ထားတာရဲ့  အပိုင်း(၂) ပါ။


မေး။ ။ လက်ရှိအမေရိကန် သမ္မတအိုဘားမားက အမေရိကန်နဲ့ နိုင်ငံတကာဆက်ဆံရေး ကို တိုးတက်အောင်ဆောင်ရွက်နိုင်တယ်လို့ ထင်ပါသလား။

ဒေါ်စု။ ။ သေချာတာပေါ့ ။ သမ္မတအိုဘားမားဟာ အခက်အခဲတွေ ကြား၊ ချို့ ငဲ့မှုတွေကြား ကနေ သမ္မတအဆင့် အထိ ရောက်လာခဲ့သူပါ။ ကမ္ဘာတ၀န်းက လူတွေဟာ နိမ့်ကျမှု၊ အခက်အခဲတွေကြားထဲက အောင်မြင်မှုရသွားတဲ့ သူတွေ ကို မြင်ချင်ကြပါတယ်။ ဆင်းရဲတဲ့ မိသားစုက ပေါက်ဖွားလာသည်ဖြစ်စေ၊ ချမ်းသာပြီး သြဇာကြီးတဲ့ အသိုင်းအ၀ိုင်းက ဆင်းသက်လာသည်ဖြစ်စေ၊ တန်းတူညီတူ အခွင့်အရေးရတာကို လူတွေကို မြင်ချင်ကြပါတယ်။ အိုဘားမား သမ္မတဖြစ်ခြင်းကြောင့် တခြားလူတွေရဲ့  စိတ်ထဲမှာ ဘယ်သူမဆိုကြိုးစားရင် သူ့ လိုပဲ အောင်မြင်မှုရနိုင်တယ်ဆိုတဲ့ ခံစားမှုကို ဖြစ်ပေါ်စေတယ်လို့ မြင်ပါတယ်။  


မေး။ ။ ဒေါ်စုဟာ အသက်ငယ်စဉ်ကတည်းက ခါးသီးတဲ့ အတွေ့ အကြုံတွေ ကို ရင်ဆိုင်ခဲ့ရတဲ့ ကြားက အရှိန်မပြတ် ဘ၀ခရီးကို ဆက်လျှောက်နိုင်ခဲ့ပါတယ်။ အခု ဒီခန်းမထဲမှာ ရှိတဲ့ ကျောင်းသားတွေ အပါအ၀င် ကမ္ဘာပေါ်က လူငယ်တွေဟာ ကြီးကျယ်တဲ့ အရာတွေကို ဖန်တီးဖြစ်ပေါ်စေနိုင်မဲ့ သူတွေ ပါပဲ။ ဒါပေမယ့် မကြာခနဆိုသလို ကျွန်တော်တို့  ဦးတည်ချက်ပျောက်နေတာတွေ ရှိတတ်ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့  ဦးတည်ချက်မပျက်အောင် ဘယ်လို ဆောင်ရွက်ခဲ့ပါသလဲခင်ဗျာ။

ဒေါ်စု။ လူတစ်ယောက်ရဲ့  ဘ၀မှာ တာဝန်သိမှုက အရေးကြီးဆုံးပဲ။ တာဝန်ကို ထမ်းဆောင်ရာမှာ လဲ စိတ်ပါလက်ပါ၊ တက်တက်ကြွကြွ၊ ယုံကြည်မှုအပြည့်နဲ့  ထမ်းဆောင်ဖို့ က အရေးကြီးပါတယ်။ ကျွန်မရဲ့  ဘ၀မှာ အခက်အခဲတွေ အများကြီးနဲ့ ရင်ဆိုင်ခဲ့ရတယ်။ အဲဒီကာလတွေ ကို ‘မိမိရဲ့  ၇ည်မှန်းချက်အောင်မြင်ရေးထက် ဘာမှ အရေးမကြီးဘူး’ ဆိုတဲ့ စိတ်ာတ်နဲ့ ပဲ  ကျွန်မ ဖြတ်ကျော်လာခဲ့တာပါ၊ အဲဒီအတွေးအခေါ်က နဲနဲ တော့ ရှေးကျနေမလားပဲ။ အဲဒီလို စိတ်ထားပြီး ကြိုးစားကြည့်ပါ။ ဘ၀မှာ အရင်က သတိမထားမိတဲ့ အရာတွေ ဖြစ်လာတာကို တွေ့  ရပါလိမ့်မယ်။


မေး။ ။ မြန်မာပြည်တွင်း က ပြောင်းလဲလာမှုတွေ ဟာ အာရပ်နိုင်ငံက  တော်လှန်ပုန်ကန်မှုတွေ ကြောင့်လို့ ထင်ပါသလား။

ဒေါ်စု။ ။ ပြည်တွင်း ပြောင်းလဲမှုတွေ က အာရပ်နိုင်ငံက တော်လှန်ပုန်ကန်မှုတွေ နဲ့ တိုက်ရိုက်ကြီး တော့ မသက်ဆိုင်ပါဘူး။ ဗမာပြည်က လူတွေဟာ အာရပ်နိုင်ငံက တော်လှန်မှုတွေ အကြောင်း အပါအ၀င် ကမ္ဘာတ၀န်းက အဖြစ်အပျက်တွေ ကို သတိထားမိကြတာမှန်ပေမယ့် ကျွန်မခပ်စောစော က ပြောခဲ့သလို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၃နှစ်ကျော်ကတည်းက ကြိုးစားလာမှုတွေ နဲ့  ပိုပြီး သက်ဆိုင်တယ်လို့ ထင်ပါတယ်။ ကြိုးစားမှုတွေက နောက်ဆုံးမှာတော့ အရာထင်လာရတာပဲမို့  လား။  


မေး။ ။ မြန်မာပြည်တွင်းမှာ အင်တာနက်တွေ၊ ဖုန်းတွေ ကျယ်ကျယ်ပြန့် ပြန့်  သုံးခွင့်မရတဲ့ ကြားက ဘယ်လိုလုပ်ပြီး ဒေါ်စုရဲ့ အတွေးအခေါ်တွေ၊ ခေါင်းဆောင်မှုတွေ ကို လူသိများလာခဲ့တာလဲ။

ဒေါ်စု။ ။ ရှေးရှေးတုန်းက စာအုပ်တွေရှိခဲ့ဖူးတယ်လေ(ရီမောလျှက်) ကျွန်မတို့  ဒီမိုကရေစီလှုပ်ရှားမှုတွေ စလုပ်တုန်းက မြန်မာပြည်မှာ အင်တာနက် မပေါ်သေးပေမယ့်  ကျွန်မရေးတဲ့စာအုပ်တွေ ဆောင်းပါးတွေ ကနေတဆင့် သိသွားတဲ့သူတွေ ရှိသလို၊ ရေဒီယို ဒါမှမဟုတ် သတင်းစာတွေ ကနေတဆင့် ကျွန်မနဲ့ အင်တာဗျူးတွေ ကြောင့် သိသွားတဲ့ လူတွေလဲရှိပါတယ်။  


မေး။ ။ မြန်မာပြည်တွင်းမှာ ငြိမ်းချမ်းတဲ့ ဒီမိုကရေစီစနစ်ပေါ်ပေါက်လာပြီးရင် ဒေါ်စုရဲ့ ရည်မှန်းချက်တွေ အောင်မြင်သွားပြီလို့  ဆိုမလား။ ဒါမှမဟုတ် တခြားဘာတွေ ဆက်လုပ်ဖို့  ရည်ရွယ်ထားပါသလဲ။

ဒေါ်စု။ ။ ငြိမ်းချမ်းတဲ့ ဒီမိုကရေစနစ်ပေါ်ပေါက်လာဖို့ က ပထမဆုံးအဆင့်ပေါ့ ။ နောက်တဆင့် အနေနဲ့  အဲဒီစနစ် ကို အမှန်တကယ်လိုက်နာကျင့်သုံးဖို့ နဲ့  ရေရှည်တည်တံ့အောင်လုပ်ဆောင်ဖို့  လိုပါသေးတယ်။ တနည်းအားဖြင့်တော့ အဆုံးမရှိတဲ့ လှုပ်ရှားမှုလို့ ထင်ပါတယ်။ ရှင်တို့ ရဲ့  အမေရိကန်ပြည်ထောင်စု လို ဒီမိုကရေစီစနစ် ကို နှစ်ပေါင်းများစွာ ကျင့်သုံးလာတဲ့ နိုင်ငံတွေမှာ တောင် အဲဒီစနစ်ကို ပိုမိုကောင်းမွန်အောင်နဲ့  ဆက်လက်တည်တံ့အောင် ထိန်းသိမ်းရတာတွေကိုတော့ ဆောင်ရွက်နေကြရတုန်းပဲမို့ လား။ မြန်မာပြည်မှာ ဒီမိုကရေစီစနစ်ထွန်းကားလာပြီး ကျွန်မနားနားနေနေနဲ့  ကိုယ်လုပ်ချင်တာတွေကို လုပ်နိုင်မယ့် အချိန်တစ်ခုရောက်လာဖို့  မျှော်လင့်မိပါတယ်။  

(ဆက်လက်ဖော်ပြပါမည်)

Thursday, December 8, 2011

ဒေါ်ဆောင်ဆန်းစုကြည် နှင့် ဗာဂျီးနီးယား တက္ကသိုလ် ကျောင်းသား များ အမေးအဖြေ (၁)

Phto: internet

 မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ အမေရိကန်ပြည်ထောင်စုရဲ့  နာမည်ကြီး တက္ကသိုလ် တစ်ခုဖြစ်တဲ့ Virginia Tech တက္ကသိုလ် က ကျောင်းသား ၃၀၀၀ ခန့် ကို Skype ကနေတဆင့် ဒီဇင်ဘာလ (၅)ရက်နေ့ တုန်းက တွေ့  ဆုံစကားပြောခဲ့ပါတယ်။ 

ဒီမိုကရေစီလှုပ်ရှားမှု ခေါင်းဆောင် (မြန်မာအမျိုးသမီးတစ်ဦး) ကို ကမ္ဘာတစ်ဘက်ခြမ်းက မျိုးဆက်သစ်လူငယ်တွေ က လေးစားချစ်ခင်စွာနဲ့  တွေ့ ဆုံမေးမြန်းနေကြတာ ကို မြင်ရတာ အင်မတန်မှ စိတ်ကြည်နှူးစရာပါ။  ဒီမိုကရေစီအရေးလှုပ်ရှားဆောင်ရွက်နေတဲ့ ကမ္ဘာကျော်ခေါင်းဆောင်တွေ အများကြီး ရှိပေမယ့် လူငယ်ထုအပေါ် လွမ်းမိုးနိုင်စွမ်းရှိမှုမှာတော့ ဒေါ်အောင်ဆန်းစုကြည် ကို ဘယ်သူမှ မမှီကြဘူးလို့  ထင်ပါတယ်။ 

နိုင်ငံပေါင်းစုံကလာတဲ့ ကျေင်းသားတွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့  စကားပြောခွင့်ရဖို့  စိတ်လှုပ်ရှားနေခဲ့ကြပြီး၊ skype ကနေ ဒေါ်စုရုပ်ပုံပေါ်လာတာနဲ့  တပြိုင်နက် “အောင်ဆန်းစုကြည်” “အောင်ဆန်းစုကြည်” ဆိုပြီး ကြွေးကြော်သံတွေနဲ့  ကြိုဆိုခဲ့ကြပါတယ်။ အသေးစိပ်ကို Youtube  မှာကြည့်ရှုနိုင်ပါတယ်။ 

၄၅မိနစ်လောက် ကြာမြင့်တဲ့ တွေ့ ဆုံဆွေးနွေးမှု မှာ ဒေါ်အောင်ဆန်းစုကြည် က ကျောင်းသားတွေ ရဲ့  မေးခွန်းတွေကို ရီရီမောမောနဲ့  ဖြေကြားပေးရင်း၊ မြန်မာကျောင်းသားတွေ ကို ပညာသင်ဆုတွေ ပေးဖို့ ၊ နာမည်ကြီး ပရော်ဖက်ဆာတွေ ကို မြန်မာပြည်စေလွတ်ပြီး ပညာသင်ကြားပေးဖို့  တောင်းဆိုလိုက်ပါသေးတယ်။  

ဒေါ်စုနဲ့  ကျောင်းသားတွေရဲ့  အမေးအဖြေတွေထဲ က အချို့  ကို အလျှင်းသင့်သလို ဘာသာပြန်ပေးလိုက်ပါတယ်။

မေး။ ။ ၂၀၁၁ ခုနှစ်အတွင်း မြန်မာပြည် မှာ ပြောင်းလဲမှုတွေ အများကြီးရှိခဲ့ပါတယ်။ ခင်ဗျားကို နေအိမ်အကျယ်ချုပ်ကနေ လွတ်လိုက်တာ၊ ရုံးခန်းတွေ ပြန်ခွင့်ပေးတာတွေ စသဖြင့် ရုတ်တရက် အလျင်အမြန်ပြောင်းလဲမှုတွေဖြစ်ပေါ်လာတာ ဘာကြောင့်လို့ ထင်ပါသလဲ။ 
 
ဒေါ်စု။ ။ အများမြင်သလို အခုမှ ရုတ်ရက်ပြောင်းလဲမှုတွေ ဖြစ်လာတာ မဟုတ်ပါဘူး။ တကယ်တော့ လွန်ခဲ့တဲ့ ၂၃ နှစ်သာ ကာလအတွင်း ကြိုးစားလုပ်ဆောင်ခဲ့မှုတွေရဲ့  အသီးအပွင့်တွေ ကို အခုမြင်တွေ့  နေရတယ်လို့ ပဲ ကျွန်မမြင်ပါတယ်။ ဘာမှ အပြောင်းအလဲမရှိတာထက် စာရင် အခုလို ပြောင်းလဲတာက ပိုကောင်းတာပေါ့ ။ 

မေး။ ။ မြန်မာပြည်ရဲ့  ဒီမိုကရေစီလှုပ်ရှားမှုတွေ ကို ဦးဆောင်နေသူတစ်ဦးအနေနဲ့  ဒီမိုကရေစီစနစ်ကို ဘယ်လို  မြင်ပါသလဲ။
ဒေါ်စု။ ။ ရိုးရိုးစင်းစင်းပြောရမယ်ဆိုရင်တော့ ဒီမိုကရေစီဆိုတာ လွတ်မြောက်မှုနဲ့  လှုံခြုံမှုတွေကို မျှမျှတတ ပေါင်းစပ်ထားတဲ့ စနစ်လို့ မြင်ပါတယ်။ ကျွန်မအပါအ၀င် မြန်မာပြည်သူလူထု ဟာ  လွတ်မြောက်ချင်ကြသလို တချိန်တည်းမှာပဲ လှုံခြုံမှုကို လိုလားကြပါတယ်။ အဲဒီ နှစ်ခုစလုံးကို ပေးဖို့  ဒီမိုကရေစီစနစ်သာလျင် အကောင်းဆုံး အုပ်ချုပ်ရေးစနစ်ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့  ဒီမိုကရေစီ ကို လိုချင်ကြတာပါ။ ဒီမိုကရေစီ ဆိုတာ အလိုအလျောက်ရလာမဲ့ အရာမဟုတ်ပဲ ကြိုးစားလိုက်ကိုင် သွားဖို့ လိုတယ် ဆိုတာ ကို လဲ ကောင်းကောင်းနားလည် လက်ခံထားပါတယ်။

မေး။ ။ ဟီလာရီ ကလင်တန် မကြာသေးမီက မြန်မာပြည် ကို သွားခဲ့တာတွေ့ ရပါတယ်။ မြန်မာ-အမေရိကန် ဆက်ဆံရေးပို မို တိုးတက်လာမယ်လို့  ထင်ပါသလား။
ဒေါ်စု။ ။ တနေ့ ထက် တနေ့  ပို ပြီး တိုးတက်လာမယ်လို့  ကျွန်မယုံကြည်ပါတယ်။ တနေ့ နေ့ မှာ ကျွန်မတို့  တွေ အခုလို အင်တာနက်ကနေ မဟုတ်ပဲ လူချင်းတွေ့ ပြီး စကားပြောရလိမ့်မယ်လို့  ကျွန်မထင်ပါတယ်။ (ရီမောလျှက်) 

မေး။ ။ မြန်မာပြည်ပေါ်ထားတဲ့ စီးပွားရေးပိတ်ဆို့ မှုတွေ ကို ရုပ်သိမ်းလိုက်မယ် ဆိုရင် ပြည်တွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဘယ်လောက် မြန်မြန်ဖြစ်လာနိုင်ပါသလဲခင်ဗျာ။
ဒေါ်စု။ ။ စီးပွားရေးပိတ်ဆို့ မှုတွေ ကို ရုပ်သိမ်းတာ တစ်ခုတည်းနဲ့  မဖြစ်နိုင်ပါဘူး။ စီးပွားရေးသမားတော်တော် များများနဲ့  ကျွန်မ စကားပြောကြည့် တဲ့အခါ သူတို့ က ကောင်းမွန်သင့်တော်တဲ့ စီးပွားရေးအာမခံချက်တွေ ကို လိုချင်ကြတာတွေ့ ရပါတယ်။ စီးပွားရေး ဆိုင်ရာဥပဒေတွေ နဲ့  အတူ တရားဥပဒေစိုးမိုးရေးတွေ ရှိ မှ သာ လာရောက်ရင်းနှီးမြှုပ်နှံလိုသူတွေ ကို အကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် စီးပွားရေးပိတ်ဆို့ မှုတွေ ကို ရုပ်သိမ်းတာတစ်ခုတည်းနဲ့  ရင်းနှီးမြှုပ်နှံမှုတွေ ကို မြန်မြန်မရနိုင်ပါဘူး။ 

မေး။ ။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ဘယ်လို စာအုပ်မျိုးတွေ ဖတ်သင့်တယ်လို့  ထင်ပါသလဲ။
ဖြေ။ ။  ဘယ်လို နိုင်ငံရေးလှုပ်ရှားမှု ကို ရွေးချယ်မလဲ ဆိုတဲ့ အပေါ်မူတည်ပြီး ဖတ်သင့်တဲ့ စာအုပ်အမျိုးအစားပြောင်းသွားမယ်လို့ ထင်ပါတယ်။ ကျွန်မ ပထမဆုံးဖတ်ဖူးတဲ့ နိုင်ငံရေးစာအုပ်က ၇နှစ်လောက် အထိန်းသိမ်းခံရတဲ့ နိုင်ငံရေးသမားတစ်ယောက် အကြောင်းပါ။ တိုက်ဆိုင်မှုလို့ ပဲ ဆိုရမလားမသိဘူး (ရီမောလျှက်) အဲဒီ စာအုပ်က ကျွန်မ ရွေးချယ်တဲ့ နိုင်ငံရေးလှု၇ှားမှု တွေ အတွက် ကျွန်မ ကို ပြင်ဆင်ပေးခဲ့ပါတယ်၊ အဲဒီလို စာအုပ်မျိုး ရှင့် အတွက် လိုလိမ့်မယ်လို့ ကျွန်မမထင်ပါဘူး။ က မာ နိုင်ငံရေးအကြောင်း ကျယ်ကျယ်ပြန့် ပြန့် ရေးထားတဲ့ စာအုပ်မျိုးကတော့ ဖတ်သူတွေ ကို ဗဟုသုတ တိုးပွားစေပြီး ဘယ်လို နိုင်ငံရေးလှုပ်ရှားမှု အတွက် မဆို သင့်တော်မယ်လို့ ထင်ပါတယ်။

(ဆက်လက်ဖော်ပြပါမည်)