Wednesday, April 11, 2012

လွမ်းမိပါသည်


ပိတောက်ရွှေရည်လူး နှစ်သစ်ကူးမှာ
မွေးရပ်မြေက ပေါင်းဖော်များနှင့်
မြူးတူးပျော်ပါး ရေကစားကာ
ချိုတေးသံမြ သင်္ကြန်အက ဖြင့်
တမူထူးပါသည့် သင်္ကြန်ပွဲပါ။

မိုင်ထောင်ချီခြား၊ တိုင်းတပါးမှာ
ပန်းတိုင်ကိုယ်စီ လျှောက်လို့ ချီရင်း
မျှော်ကာ မှန်းဆ တမ်းတ မိသည်
ရိုးရာ သင်္ကြန်ပွဲတော်ဆီ….

အရှေ့ နောက် ကွာခြား
ဝေးနေငြားလည်း
ယဉ်ကျေးသိမ်မွေ့ မြန်မာ့လေ့ကို
မမေ့ အပ်စွာ ထိန်းသိမ်းသင့်တာ
ဘယ်နေရာ ရောက်ရောက် …မြန်မာ..ဟာ ..မြန်မာ။
မစုဥာ်

***************************************************************************************************************

ဘာလိုလိုနဲ့  သင်္ကြန်နဲ့ ဝေးခဲ့တာ (၈)နှစ်နီးပါးကြာခဲ့ပြီ။ သင်္ကြန်ရောက်တိုင်း (အအေးမပြယ်သေးသည့်  နယူးယောက်ရဲ့  ပြီလမှာ) အနွေးထည် ထူထူဝတ်ပြီး မရိုးနိုင်သည့် သင်္ကြန်မိုး သီချင်း ကို နားထောင်ရင်း .. အွန်လိုင်းပေါ်က သင်္ကြန်ပုံရိပ်များ ကို ကြည့်ရင်း…မျက်ရည်များ လည်မိသည် အထိ ကျွန်မ လွမ်းပါသည်။
သင်္ကြန်တွင်း အချစ်ဇာတ်လမ်းများ၊ အသည်းကွဲ ဇာတ်လမ်းများ မရှိခဲ့ဖူးသော်လည်း ရှမ်းပြည်သင်္ကြန်၊ မြေပြန့်  သင်္ကြန် စသဖြင့် ဖြတ်သန်းခဲ့ဖူးသည့် ကျွန်မ အတွက် လွမ်းစရာတွေ က ဇာတ်လမ်းတွေ ရှိသည့် သူတွေ ထက် ပိုများသည် ဟု ဆိုလျှင် ပိုမည် မထင်ပါ။

Photo:internet
မြေပြန့် ဒေသတွင် များသောအားဖြင့် သင်္ကြန် တက်လျှင် ရေမလောင်းကြတော့။ ကျွန်မ၏ဇာတိ ရှမ်းပြည် မြောက်ပိုင်းရှိ ရှမ်းရွာများတွင်မူ သင်္ကြန်တက်သော်လည်း ရေလောင်းဆဲ။သင်္ကြန်ပွဲတော် ကို တစ်လနီးပါး ကျင်းပကြသည်။ ရွာသူရွာသား အများစုမှာ ဆင်းရဲကြသော်လည်း သင်္ကြန်ရောက်တိုင်း တနိုင်တပိုင် ရှမ်းရိုးရာ မုန့်  ဖက်ထုပ် များပြု လုပ်ကာ၊ ကိုယ့်ရွာ အတွင်း ရှိ အိမ်များ၊ ဘုန်းကြီးကျောင်းများတွင် လိုက်လှူဒါန်းကြသည်။ မုန့် ဖက်ထုတ်များလှူရာတွင် ကျွန်မတို့ တွေ တစ်အိမ်တက် တစ်အိမ်ဆင်း  လက်အုပ်ကလေးချီပြီး
လူကြီးများကို ထိုင်ကန်တော့ ကာ၊ လူကြီးများပေးသော ကောင်းချီမင်္ဂ ကို ခံယူ ကြရသည်။ အဘိုး၊ အဘွားများကလည်း လာသူတိုင်းကို ဆုတွေ တသီတသန်းကြီး ပေးသည်။ တခါတခါ ဆုတွေ အရှည်ကြီး ပေးတတ်သည့် အဘိုး၊ အဘွားများရှိသည့် အိမ်ရောက်လျှင် ခြေထောက်တွေ ပင် ကျဉ်သဖြင့် ဟိုဘက် ဒီဘက်ပြောင်းပြီး ထိုင်ရသည် အထိ ။ ထိုစဉ်က ခြေထောက်ညောင်းနေသဖြင့်..ဆုပေးတာကို ပြီးစေချင်သည့် စိတ်ပဲရှိခဲ့သည်..ချစ်စရာ လေ့ လေးကို လွမ်းမိလိမ့်မည်ဟု ကျွန်မ မထင်ခဲ့မိပါ။ 

Photo:SHsM.lso
ရွာတွင်း  အိမ်အလှူ၊ ဘုန်းကြီးကျောင်းအလှူ များ ပြီးလျှင် အနီးပတ်ဝန်းကျင် ရှိ  ရွာများသို့  တစ်ရွာလုံးချီတက်ကာ လိုက်ပြီးလှူဒါန်းကြပြန်သည်။ သွားရောက် လှူဒါန်းရာတွင် အိမ်ရှင် ရွာမှ ရွာသူရွာသားများက ရှမ်းအိုးစည်၊ ဗုံမောင်းတီးပြီး ရွာထိပ်တွင် စောင့်ကြိုကြသည်။ လူကြီး၊ လူငယ်မရွေး သာယာငြိမ့်ညောင်းသည့် ရှမ်းအိုးစည်သံ အောက်တွင် ကွေးနေအောင် က ကြသည်။ ရှမ်းအဖွားကြီးများကလည်း အကျီ် အ၀တ်စားသစ်များဖြင့် ပျော်ပျော်ပါးပါး က ကြသလို၊ တခါတရံ တကိုယ်လုံးပြည့် ဆေးမင်ကြောင်ထိုးထားသည့်  ရှမ်းအဖိုးကြီးများ အက ကို လည်း မြင်တွေ့ ရတတ် သေးသည်။ ဟန်ဆောင်ကင်းမဲ့စွာ၊ ရိုးသားပွင့်လင်းစွာ ပျော်ပါးကြသည်။  ပြီးလျှင် အိမ်ရှင်ရွာ ရှိ ဘုန်းကြီး ကျောင်းသို့  အတူသွားကာ လှူဒါန်းကြသည်။ အိမ်ရှင်ရွာမှ လည်း မုန့် လက်ဆောင်း၊ မုန့် လုံးရေပေါ် စသဖြင့် အကျွေးမွေးများဖြင့် ည့်ခံကြသည်။ 


 အစ်ကို ကာလသားများ က အပျိုလေးများရှိသည့် အိမ်များသို့  တစ်အိမ်တက် တစ်အိမ်ဆင်း လိုက် ရေလောင်းကြသည်။ မိန်းမပျိုလေးများ ကလည်း ကာလသားများ ရေလာလောင်းမည့် အချိန်ကို ရင်တဖိုဖို ဖြင့် စောင့်မျှော်ကြ၊ ရောက်လာ ပြန်ရင်လည်း အိမ်ခန်း အတွင်းသို့  ပြေးပုန်းကြသဖြင့်  ပျော်စရာ
Photo:Mya
ပင် ကောင်းသေး တော့သည်။ မြို့  ကြီးတွေက မီးသတ်ပိုက်နဲ့  ထိုးပြီး ပက်သလို၊ မနာသော်လည်း …ရေပုံးများ၊ ရေခွက်ကြီးများဖြင့် ကာလသားများ အဖွဲ့ လိုက် ချီတက်လာကြသဖြင့် သူတို့  အလောင်း ခံရပြီးဆိုလျှင်ဖြင့် ကြွက်စုတ်လေးများ ဖြစ်သွား တတ်ကြသည်မို့  မည်သူ ကမှ ငြိမ်ငြိမ် သက်သက် အလောင်းမခံချင်ကြ။ ပြေးကြ၊ ပုန်းကြသည်။ ကာလသားများ ကလည်း အိပ်ခန်းတွင်း အထိ လိုက်ပြီး ရေလောင်းကြသည်။ လူကြီးမိဘများကလည်း တပြုံးပြုံး။  တချို့  က ရေခွက်ဖြင့်လောင်းသည်ကို အားမရပဲ၊ရေတွင်းနားထိဆွဲခေါ်က တ၀ကြီး လောင်းတတ်ကြသေးသည်။   ရေစိုမှာကို မကြောက်သော် လည်း ကာလသားများ တစ်ဖွဲ့ လိုက်ကြီး ချီတက်လာပြီး ရေလာလောင်း သည်ကို ငြိမ်ငြိမ် သက်သက် ခံဖို့  ကျွန်မ သတွိမရှိခဲ့။ အာခံရမှ၊ တွန်းလှန်ရမှ ကျေနပ်သည့် လူ့  သဘာဝကြောင့် ပင်ဖြစ်မည် ထင်သည်။ မလွတ်မှန်းသိသော်လည်း ပြေးပုန်းချင်သေးသည်။ ကျွန်မ၏ ငယ်သူငယ်ချင်း  စိုင်းဇော်မင်း တစ်ယောက် အသံကျယ်ကျယ်ဖြင့် အားရပါးရ ရီမော ပြောဆိုတတ်သည့် အကျင့်ကို သင်္ကြန်တွင်းမှာ ကြိတ်ပြီး   ကျေးဇူး အတင်ဆုံးဖြစ်သည်။ နံဘေးအိမ်မှ အပျိုလေးများကို သူတို အဖွဲ့  ရေလာလောင်းလျှင် သူ့  အသံကျယ်ကြီးကို အဝေးမှ လှမ်းပြီးကြားရသည့် အတွက် ကျွန်မ ပြေးပုန်းချိန် ရသောကြောင့် ဖြစ်သည်။ မှတ်မိပါသေးသည်၊ အိမ်အပေါ်ထပ်မှ အ၀တ်ထည့်သည့် ဘီဒိုကြီးထဲကို ၀င်ပြီး ပုန်း ဖို့  ကျွန်မတို့  ညီအစ်မ နှစ်ယောက် နေရာလုကြရသည့် အဖြစ်ကို။ ဘီဒိုထဲ ဦးစွာရောက်ရှိသူက လုံလုံခြုံခြုံပုန်းပြီး   ရေစိုခြင်းမှ ကင်းဝေး တတ်သည်။ ဒီအချိန် စိုင်းဇော်မင်းသာ ရေလာလောင်းမည် ဆိုပါက ကျွန်မ ပြေးပုန်း မိမှာ မဟုတ်ပေ။ ၈နှစ်သာ ဝေးခဲ့သည့် သင်္ကြန်ရေကို ကျွန်မလွမ်းသည်။ ရှမ်းပြည်မှ သူငယ်ချင်းများကို ကျွန်မလွမ်းပါသည်။ ယဉ်ကျေးမှု အမွေအနှစ် မပျက်အောင် ရိုးရာပွဲတော်ကို (ဘ၀အမောတွေ ကြားက) အစဉ်အလာ မပျက် ကျင်းပကြသည့် ရွာလေးကို ကျွန်မ လွမ်းပါသည်။  


Photo: Eleven Media Group
မနွလေး သင်္ကြန်နှင့် ပတ်သက်ပြီး လွမ်းမိသည်က သင်္ကြန်အကများနှင့်၊ အလှပြယာဉ်များ ကို သာ ဖြစ်သည်။ သင်္ကြန်အတွင်း..အထူးသဖြင့် ညပိုင်းမှာ လမ်းဘေးမှာရောင်းသည့် ထန်းမြစ် မီးဖုတ်လေးကို စားကာ (ခြင်ကိုက်ခံရင်း)   ဖြတ်သန်း သွားလာ တတ်သည့် သင်္ကြန်အလှပြ ယာဉ်များကို ထိုင်ငေးရသည့် အရသာကို ကျွန်မကြိုက်သည်။ရေပက်ခံထွက်ဖူးသော်လည်း.   .ရေပိုက်သေးသေး (သို့ မဟုတ်) မီးသတ်ပိုက်များဖြင့် နာကျင်အောင် ပက်တတ်သည့် လေ့ ကို မည်သူ က စလိုက်သည် မသိ။ ခံရသူအဖို့  မသက်သာလှပေ။ မျက်နှာသုတ်ပုဝါ ခပ်ကြီးကြီးခြုံထားသော်လည်း၊ ပက်သူများက ပုဝါများကို ဆွဲခွာကြ၊ သို့ မဟုတ် မီးသတ်ပိုက်များဖြင့် ခပ်ပြင်းပြင်း ထိုးပက်သောအခါ အသားများ နီရဲကုန်သည် အထိ၊ မိန်းမပျိုလေးများ အချို့ အကျီ်င်္ကြယ်သီးများ ပြုတ်ထွက်သွားသည်အထိ ဖြစ်သည်ကို မြင်ဖူးသည်။ ရန်ကုန် ဆူးလေ ဘုရားနားရှိ မြို့ တော်ဝန် မပ်တွင် သင်္ကြန်ယိမ်းအကများကို သူငယ်ချင်းများနှင့် တခါ သွားကြည့် ဖူးသည်။ အရက်က ပု သဖြင့် အကများကို ကောင်းကောင်း မမြင်ရသည့် အပြင်၊ ဘီယာနံ့  ၊ အရက် န့ံများဖြင့် မူးရှူး နေသူများ က လည်း စင်ပေါ်မှ ယိမ်းသမများနှင့် အပြိုင် စင်အောက်မှာ ( ဘေးမှ လူများကို တွန်းလိုက် တိုက်လိုက်ဖြင့်) လိုက်ပြီး ကကြသဖြင့် နောက်နှစ်များတွင် သွားမကြည့်ဖြစ် တော့။ တီဗီမှ သာ စောင့်ကြည့်ဖြစ်တော့သည်။ ရွှေတိဂုံဘုရားပေါ် တက်ပြီး ကျွန်မမွေးနံ စနေတောင့် မှာ ရေသပွာယ်ရင်း၊ မြတ်ဗုဒ၏ ဆင်းတုတော်ပေါ်သို့  အေးမြသည့် ရေ ကို သွန်းလှူရသည့် အချိန်၊ စိတ်၏ ငြိမ်းချမ်းသွားသည့် အခိုက်အတန့် လေးကို လည်း ကျွန်မ လွမ်းသည်။  

နီးစဉ်က မသိသာသော် လည်း  ဝေးရပြီ ဆိုသောအခါ..အရာရာသည် လွမ်းစရာဖြစ်လာ၏။

နယူးယောက် မှာ ရခိုင်မိသားစု မှ ကျင်းပသည့် သင်္ကြန်ပွဲတော့ရှိသည်၊ သို့ သော် အအေားတ်မကုန် သည့် ပြီလတွင် မကျင်းပနိုင်၊ ဇူလိုင် သို့ မဟုတ် သြဂုတ်လ လောက်မှသာ ကျင်းပနိုင်သဖြင့်   မြန်မာပြည်တွင်းပြီလတွင် သင်္ကြန် တက်သော သိကြားမင်းကြီး ခဗျာ၊ ဇူလိုင်(သို့ မဟုတ် ) သြဂုတ်လ များတွင်  နယူးယောက် သို့  တခေါက် ဆင်းရပြန်သည်။ စနေ၊ တနင်္ဂနွေ နေ့ တွင် ကျောင်းတက်သည့် ကျွန်မအဖို့  ရခိုင် သင်္ကြန်ပွဲကို လည်း မသွားနိုင်ပြန်။ ဒီလိုနှင့် သင်္ကြန်ရေနဲ့  ကျွန်မ ဝေးခဲ့ရသည်။ 
 
တောင်ပေါ် သင်္ကြန်၊ မြေပြန့် သင်္ကြန် ကျင်းပပုံ ကျင်းပနည်း ကွဲပြားသော်လည်း နှစ်ဟောင်း မှ အညစ် ကြေးများကို ရေဖြင့် ဆေးကြောသုတ်သင် ပြစ်ပြီး၊ နှစ်သစ် ကို ကြိုဆိုကြသည့် သင်္ကြန်၏ အနှစ်သာရ က အတူတူပင်ဖြစ်သည်။ ဒါဖြင့် သင်္ကြန်ရေ ဖြင့် ဆေးကြောခွင့် မရသည့် ကျွန်မတို့ လို ပြည်ပရောက်နေသည့် မြန်မာ များ အတွက်ရော..နှစ်ဟောင်းက အညစ်အကြေးတွေ ကင်းစင်နိုင်ပါ့ မလား မသိ….ကွန်ပျူတာပညာရှင်များ အွန်လိုင်းပေါ်ကနေ ရေလောင်းလို့  ရသည့် စနစ်လေး တစ်ခု တီထွင်ပေးလျှင်ကောင်းမည်။ ဘာပဲပြောပြော... ဒီနှစ်တော့ ကိုယ့်ဘာသာ ရေလောင်းပြီး သင်္ကြန်ရေစိုအောင် လုပ်မှ ဖြစ်မည်။ 


ခင်မင်ရင်းနှီးစွာဖြင့် 
မစုဥာ်


No comments:

Post a Comment

ဖတ်ပြီးရင် မှတ်ချက်ပေးသွားဖို့  ဖိတ်ခေါ်ပါတယ်။