ဒီကနေ့  Jacob Javits Center မှာ ကျင်းပနေတဲ့ အပြည်ပြည်ဆိုင်ရာ ကားပြပွဲကို ကျွန်မသွားခဲ့ပါတယ်။ ကားနဲ့ ပတ်သက်ပြီး ဘာမှ နားမလည်ပေမယ့် အဖော်ကောင်းတာနဲ့  သွားပြီး စပ်စုဖြစ်ခဲ့ တာပါ။ ပြပွဲမှာ အမေရိကန်၊ ဂျပန်နိုင်ငံ နဲ့  ဂျာမနီနိုင်ငံ စသဖြင့် နိင်ငံပေါင်းစုံက ထုတ်လုပ်ထားတဲ့ ကားတွေ ကို ခင်းကျင်း ပြသထားပါတယ်။ ကားဈေးတွေ ကလည်း အမေရိကန် ဒေါ်လာ သောင်းဂဏ်န်းကနေ ပြီး သိန်းဂဏ်န်းထိ ရှိပါတယ်။
အမေရိကမှာ ကားဝယ်ရင် (မြန်မာပြည်မှာ လို လက်ငင်း ငွေ အကြေပေးပြီး ၀ယ်ရတာမျိုး မဟုတ်ပဲ) down payment လို့ ခေါ်တဲ့ သတ်မှတ်ထားတဲ့ အနည်းဆုံးပေးချေရမယ့် တန်ဖိုးကို အရင်ပေးထားပြီး၊ နောက်မှ ကျန်တဲ့ ငွေတွေကို လစဉ် ဖြည်းဖြည်းခြင်း ပြန်ဆပ်ရတဲ့ အကြွေးပေးစနစ် နဲ့  ရောင်းဝယ်ုကတာမို့  ကားဈေးတွေ မြင့်နေပေမယ့် လည်း၊ ပြပွဲလာရောက် ကြည့်ရှုသူတွေ က တန်ဖိုးကြီး ကားအနားတွေကို မကပ်ရဲ သလိုမျိုး ဖြစ်မနေကြပဲ၊ ကိုယ်စိတ်ဝင်စားတဲ့ ကားတွေ့ ရင်၊ ကားပေါ် တက်ကြည့်ကြ၊ တချို့ ဆိုရင် တမိသားစုလုံး ကားပေါ်တက်ထိုင်ကြည့်ကြ၊ ပြခန်းတာဝန်ခံတွေ ကို မေးမြန်းကြနဲ့  အားလုံး တက်တက်ကြွကြွပါပဲ။ အိတ်ထဲမှာ ဒေါ်လာတစ်ရာတောင် ပြည့်အောင် မပါတဲ့ ကျွန်မတောင် ဂျိန်းစဘွန်း ရုပ်ရှင်ဇာတ်လမ်းတွေထဲမှာ မင်းသားမောင်းတတ်တဲ့ သိန်းကျော်တန် Aston Martin ကားတွေ ကို အိပ်မက် မက်ခဲ့ပါသေးတယ်။ နှစ် ၁၀၀ အတွင်း အကြွေး ကျေအောင်ပြန်ဆပ်မယ့် စိတ်ကူးနဲ့ပေါ့ လေ။
ဂျိမ်းစဘွန်းကားတွေထဲမှာတွေ့ ရတတ်တဲ့ ကားလေးတွေ |
ပြခန်းရဲ့ ပထမထပ်မှာ ဈေးကွက်ထဲ ရောက်နေပြီဖြစ်တဲ့ ကားတွေ ကို ခင်းကျင်းပြသထားပြီး၊ ဒုတိယ အထပ်မှာတော့ အနာဂတ်မှာ ထုတ်လုပ်မယ့်ကားတွေ ကို ပြသထားပါတယ်။ကျွန်မ စိတ်အ၀င်စားဆုံးကား ကတော့ အမေရိကန် အခြေစိုက် Terrafugia Inc က စမ်းသပ် ထုတ်လုပ်နေတဲ့ ကားပျံ တွေပဲဖြစ်ပါတယ်။ အဲဒီ ကားကို ပုံမှန် ကားဂိုဒေါင် ထဲမှာပဲ သိမ်းထားလို့  ရအောင်၊ တောင်ပံတွေကို ခေါက်လို့  ရအောင်လုပ်ထားပြီး၊ တခြား ကားတွေလိုပဲ ကုန်းပေါ်မှာမောင်းလို့ ရပါတယ်။ အဲ.. ကောင်းကင်ပေါ် ပျံသန်းခါနီးကြမှ တောင်ပံတွေ ကို ဖြန့် ပြီး လေယာဉ်ပျံငယ်တစ်စီး အနေနဲ့  ပြန်လည် အသုံးပြုလို့ ရနိင်တဲ့ ကားမျိုး ပါ။ သူ့ ကားခေါင်းက တခြားကားတွေ လို လေးတောင့်ပုံစံမျိုးဖြစ်မနေပဲ၊ လေတွေကို ခွင်းပြီး ပျံသန်းနိုင်ဖို့  စီမံထားတဲ့ လေယာဉ် ဦးခေါင်းလေး လို ခပ်ချွန်ချွန်လေး ဖြစ်နေပါတယ်။ ကားရဲ့ တန်ဖိုးကုန်ကျစားရိတ်ကို အနည်းဆုံးဒေါ်လာ ၂သိန်း ၇သောင်း ၉ ထောင် ကျော်မယ်လို့  ဆိုပြီး၊ ကြိုတင်အော်ဒါ မှာချင်တဲ့သူတွေ ကို ဒေါ်လာ တစ်သောင်း စရံတပ်ထားပြီး မှာလို့ ရတယ်လို့  သိရပါတယ်။ ၂၀၁၂ မတ်လအထိ ကားကို ကြိုတင်မှာယူထားသူတွေ တစ်ရာကျော်နေပြီလို့ သိရပါတယ်။ အရောင်းဝန်ထမ်းရဲ့  ပြောစကား အရ ကားဝယ်သူတွေ ကို လေယာဉ်မောင်း သင်ပေး မှာဖြစ်ပြီး ၊ကားကို ဆီဈေးသက်သာအောင် ထုတ်လုပ်ထား တယ်လို့  သိရပါတယ်။
ကားပျံ
ကောင်းကင်ပေါ်ပျံခါနီးမှာ အခုလို တောင်ပံတွေ ကို ဖြန့် လိုက်လို့ ရတယ်။ |
အရောင်းဝန်ထမ်းတွေက ကားကောင်းကြောင်းတွေ ပြောပြနေချိန်မှာ..ကျွန်မ ကတော့ အတွေးတွေနဲ့ ရှုပ်နေခဲ့ပါတယ်။ ကား၊ ရထား၊ လေယာဉ်ပျံ၊ သဘော် စသဖြင့် တီထွင်မှုတွေ ကနေ အခု ကား နဲ့  လေယာဉ်ပျံအဖြစ် ပူးတွဲ အသုံးပြု နိုင်မယ့် ကားပျံမျိုး ဆက်လက် တီထွင်နေကြတဲ့ သိပွံပညာရှင်တွေ ကို ချီးကျူး မိပေမယ့် ..လက်ရှိ ယာဉ်တွေနဲ့  မလုံလောက်ဘူးလား။ လူနည်းစု သာ ခံစားနိုင်တဲ့ ဇိမ်ခံ ကုန်ပစွည်းတွေကို ထုတ်လုပ်မယ့်အစား၊ လူတွေ အများကြီး အတွက် အကျိုးရှိမယ့်..ဥပမာ..မြန်မာပြည်သွားပြီး မြေအောက်ရထားတွေ၊ ဒါမှမဟုတ် ဆီစားသက်သာမယ့် ကားတွေ ဈေးပေါပေါနဲ့ ထုတ်တာမျိုး လုပ်ရင်ပို မကောင်းဘူးလား။ အခုတောင် နယူးယောက်မြို့ တွင်းက လမ်းတွေမှာ ကားတွေ သိပ်ကြပ်နေလို့  စိတ်ညစ် ရတဲ့ အထဲ ဒီကားတွေ ထုတ်ပြီးလို့ ရှိရင် ပိုပြီး လမ်းပိတ်ကုန်မှာလား၊ ယာဉ်မောင်းသူ က ကားမောင်းလိုင်စင် အပြင် လေယာဉ်မောင်း လိုင်စင်ပါ ယူရမှာလား၊ လိုင်စင် ၂ခုကိုင်ထားပြီး..လမ်းစည်းကမ်း လေလိုင်းစည်းကမ်းတွေ ဖောက်ရင် ဘယ်လို ဥပဒေနဲ့  အရေးယူမှာလဲ၊ ရုပ်ရှင်တွေထဲကလို ကုန်းပေါ်မှာ ဒုစရိုက်မှု တစ်ခုခု လုပ်ပြီး လေယာဉ် အဖြစ်နဲ့  မောင်းပြေးလို့  ရနေရင်..ဒုစရိုက်မှုတွေ ပိုများ လာမှာလား၊ ကောင်းကင်ပေါ်မှာ ဆီဖြည့်ဖို့ နေရာတွေ ပါ လိုလာမှာလား၊ လေထုညစ်ညမ်းမှုတွေ ရောပိုမဖြစ်လာနိုင်ဘူးလား၊ နောက်ပိုင်းမှာ ကုန်းပေါ်၊ လေပေါ် နဲ့  ရေပေါ်သွားလို့  ရတဲ့ ယာဉ်မျိုးထုတ်လာကုန် ရင် ပိုရှုပ်ကုန်မလား...စတဲ့ အတွေးတွေ ကြောင့် အရောင်း ၀န်ထမ်းလေး ပြောပြနေတဲ့ ကားရဲ့  ကောင်းကြောင်းတွေ က ကျွန်မ နားထဲကြားတစ်ချက် မကြားတစ်ချက်နဲ့ ။
မစုဥာဏ်
ပြိုင်ကားတွေကိုလည်း လူတွေ က စိတ်ဝင်တစားရှိကြပါတယ်။ |
ကားပေါ်မှာ မီးဖိုချောင်၊ တီဗီစသဖြင့် ပါတဲ့ ဇိမ်ခံကားပါ။ |
Lexus ကုမွနီက ကားသစ်တစ်စီးပါ |
ကားအဟောင်းဒီဇိုင်းတွေလဲ တစ်ခေတ်ဆန်းလာဦးမလား |
Add caption |
ဒေါ်လာ တစ်သောင်းခွဲတန် Harley Davidson ဆိုင်ကယ် |
No comments:
Post a Comment
ဖတ်ပြီးရင် မှတ်ချက်ပေးသွားဖို့  ဖိတ်ခေါ်ပါတယ်။