Tuesday, August 25, 2015
ရှက်
(Photo credit: Imgion.com)
သူမတူအောင် အေးတတ်လွန်းသည့် နယူးယောက်ဆောင်းတွင်းမှာ မနက်စောစော အချိန်ပို အလုပ်ဆင်းရသည့် ရက်တွေ ကို ကျွန်မ မုန်းသည်။
လူနာများ၏ ငြီးငြူသံ (သို့ မဟုတ်) မိသားစုဝင်များ၏ အပြစ်တင်သံ များကို ကြားရတတ်သည့် ဆေးရုံထဲကို ပင် မရောက်သေး၊ အိမ်မှာ အလုပ်သွားဖို့ ပြင်ရ ဆင်ရ ကတည်းက စိတ်ညစ်ခြင်းက စပြီ။   
တလောကလုံး အိပ်မောကျနေချိန်မို့  အေးအေးနှင့် ဆက်ကွေးချင်စိတ်ကို တွန်းလှန်ပြီး နှိုးစက်ကို ပိတ်ကာ ထ ရသည်။ ရေမိုးချိုးပြီး တော့ .. ရေခဲမှတ်အောက်ရောက်တတ်သည့် အအေးဒ်ကို ကာကွယ်ဖို့  အသားကပ် အင်္ကျီ၊ အသားကပ် ဘောင်းဘီရှည်တွေ ကို အောက်ခံဝတ်၊ အနွေးထည် တွေ ကို အထပ်ထပ် ၀တ်ပြီး၊ နောက်ဆုံးတထပ် မိုးကာ သို့  မဟုတ် လောင်းကုတ်အရှည် ကို ထပ် ၀တ်ရသည်။
ရေခဲတွေ ကို ဖြတ်တိုက်လာမည့် လေပြင်းနှင့် တိုက်ရိုက် မထိမိအောင် ဦးထုပ်ဆောင်း၊ လည်ပင်းကို မာဖလာနှင့်ပတ်(တခါတလေ လဲ နှာခေါင်းထိ ဆွဲတင်)၊ နားကို နားအုပ်သည့် ကိရိယာနှင့်အုပ်ပြီး၊ လက်အိတ်ကို စွပ်ရသလို၊ နှင်းတွေထဲ ဖြတ်လျှောက်ဖို့ နှင်းစီး ဘွတ်ဖိနပ်ရှည် ကို စိးရပြန်သည်။ အ၀တ်အစားလဲခြင်း ကပြီးသွားသည့် အခါမတော့  အနွေးထည် အထပ်ထပ်ကြောင့် လူက ဖောင်းပွပွဖြစ်ကာ လေးလံသွားပြီ ဖြစ်သည်။
အဲဒီနောက် … ကွန်ပျူတာအိတ်ကို ပုခုံး တဖက်မှာလွယ်၊ (အမေရိကန်စာကို မစားတတ်၊ ထမင်းဟင်း စားရမှ ကျေနပ်သူမို့ ထမင်းဗူးက ပါရသေးသဖြင့်) ကျန်လက်တစ်ဘက်က ထမင်းဗူးထည့်ထားသည့် အိတ်ကို ဆွဲကာ အိမ်ကထွက်ဖို့ ပြင်ရသည်။
ကျွန်မနေသည့် နေရာနှင့် မြို့ ပတ်ရထားဘူတာရုံက ၁၀ မိနစ်ခန့် သာဝေးသော်လည်း၊ တစ်ပေ ကနေ သုံးပေလောက်အထိ ထူထပ်သည့် နှင်းနွံထဲ ဖြတ်လျှောက်ရသည့် အခါမျိုးဆို ခြေလှမ်းတလှမ်းကို မနည်းလှမ်းနေရသည့် အတွက် မိနစ် ၂၀ ခန့် ကြာမှ ဘူတာရုံကို ရောက်တတ်သည်။
အဲ…ဘူတာရုံရောက်ပြီ ဆိုပြီး သက်ပြင်းချလို့ က မရသေး။
တခြားနေရာတွေမှာဆို ရထားလိုင်းတွေက မြေအောက်လမ်းကြောင်း အတိုင်း ပြေးကြသည်မို့  နှင်းထူထူ နေပူပူ ခရီးစဉ်တွေ ကို မဖျက်ပေမယ်၊့ ကျွန်မ စီးသည့် နံပါတ် ၇ ရထားက မြေပေါ်လမ်းကြောင်းမှ ပြေးသည့် ရထားမို့  နှင်းထူသည့် အခါ မပြေးနိုင်ဖြစ်တတ် သဖြင့် ဘူတာရုံထဲ ရောက်လျှင် အင်တာကွန်းမှ ကြေငြာချက်တွေ ကို နားထောင်ရသေးသည်။ ရထားပြေးသည်ဆိုမှ သက်ပြင်းချရသည်။ ဒါတောင် သွားနေရင်း လမ်းမှာ နှင်းတွေ ထပ်ကျလာသဖြင့် လမ်းတ၀က်မှာ ရပ်လိုက်ရသည် ကလည်း အကြိမ်ကြိမ်။
ဒါတွေကြောင့် ဆောင်းတွင်းမှာ မနက်စောစော အချိန်ပို ဆင်းရခြင်းကို ကျွန်မ မုန်းခြင်းဖြစ်သည်။ အလှည့်ကျ စနစ်ဖြင့် ၀န်ထမ်းတိုင်း အချိန်ပိုဆင်းရခြင်း ဖြစ်သဖြင့် မသွားလို့ လဲမရပြန်။
************************************************************************
ဒီတခါ အချိန်ပို ဆင်းဖို့ အလှည့်ကျလာသည့် အခါမတော့ Black Taxi ခေါ် အိမ်တိုင်ရာရောက် ကြိုပို့  လုပ်ပေးသည့် ကားကို ကျွန်မ ကြိုငှားထားလိုက်သည်။ မြို့ ပတ်ရထားထက်စာလျှင် ဈေးကြီးသော်လည်း အနဲဆုံး နှင်းတွေကြားထဲ လမ်းလျှောက်ရသည့် ဒုက က ကင်းမည် ဖြစ်သည်။   
မနက် ၅ နာရီ ထိုးတော့ အိမ်ရှေ့ မှာ ကားရောက်နေကြောင်း ဒရိုင်ဘာက ဖုန်းလှမ်းဆက်သည်။ သူ့  လေယူလေသိမ်းက အိနိယသံ ၀ဲဝဲနှင့် ဖြစ်သည်။ သူ့ အသံကြားတော့ မနေ့ က ကျွန်မတို့ ဌာနကို အလုပ်ရှုပ်သွားစေသည့် လူနာကို သွားသတိရမိသည်။
အဆိုပါ လူနာသည် လေဖြတ်ပြီး အရေးပေါ်ဌာနမှ တဆင့် ကျွန်မတို့ ဌာနကို ပြောင်းလာခြင်းဖြစ်သည်။ တာဝန်ကျ သူနာပြု ဆရာမလေးက ထုံးစံအတိုင်း သွေးတိုင်း၊ အပူချိန်တိုင်းဖို့  လုပ်တော့ လူနာနှင့် အတူပါလာသည့် အကိုဖြစ်သူက ငြင်းသည်။ သူတို့  ယုံကြည်ကိုးကွယ်သော ဘာသာအရ အမေ၊ဇနီး၊သမီးနှင့် မိသားစုဝင် အမျိုးသမီးများမှ လွဲ သူစိမ်း အမျိုးသမီးများနှင့် အသားချင်းထိခြင်း ကို မပြုရဟု ကန့်  သတ်ထားသဖြင့် အမျိုးသား သူနာပြုကို ပြောင်းပေးဖို့ ပြောလာသည်။
“လူနာသာလျှင်ပထမ”၊ “လူနာ ယုံကြည်မှုသည် ပာန”၊ “လူနာက ငြင်းဆန်လျှင် ကုသမှု မပြုရ” စသဖြင့် လေ့ကျင့်သင်ကြားထားခြင်းခံရသည့် ကျွန်မတို့ ဝန်ထမ်းတွေ အတွက် ဒီလို အဖြစ်အပျက်တွေ ကို မကြာခန ကြုံတွေ့ ကြရသည်မို့  အပန်းမကြီးလှသော်လည်း ..မနေ့ ကတော့ နှင်းတွေကျ ပြီး နယူးဂျာစီ မှ လာရောက် အလုပ်ဆင်းသည့် ၀န်ထမ်းများက မလာနိုင်ကြသဖြင့် ကျွန်မတို့ မှာ ၀န်ထမ်းနှင့် လူနာ အင်အား မမျှအောင် အလုပ်များ နေချိန်ဖြစ်သည်။ အမျိုးသားသူနာပြုကလဲ မရှိ ဆိုတော့ တခြားဌာနကို အကူအညီ လှမ်းတောင်းရသည်။ တခြားဌာနက သူနာပြုကလည်း ချက်ခြင်း မလာနိုင်၊ လူနာမိသားစုဝင်တွေ ကလည်း စောင့်ရသည်ကို စိတ်မရှည်သဖြင့် အပြစ်တင်နှင့် ကျွန်မတို့ တွေ စိတ်သောက ရောက်ကြရသည်။
အင်း ဒီဒရိုင်ဘာလည်း ဈေးဦးပေါက်မို့ အမျိုးသမီး မတင်ပါ လို့ ပြောခဲ့ရင် ဟု မဆီမဆိုင် တွေးပြီး ပြုံးမိသေးသည်။     
****************************************************************************
ကားပေါ်ရောက်တော့ “မင်္ဂလာ နံနက်ခင်းပါ” ဟု ကျွန်မ နှုတ်ဆက်လိုက်သည် ကို သူက ပြန်မနှုတ်ဆက်ပဲ ခေါင်းတချက် ညိတ်ပြပြီး ကျွန်မ နားမလည်သည့် ဘာသာစကားဖြင့် နားကြပ်မှ တဆင့် ဖုန်းပြောနေသည်။ မှုတ်ဆိတ်မွှေးတွေ ထူလပစ်နှင့် သူ့ မျက်နှာထားက ခက်ထန်သည်။
 ဘာတွေ ပြောမှန်းမသိပေမယ့် သူ့ လေယူလေသိမ်းကို နားထောင်ကြည့်ရတာ တဘက်က လူကို ဒေါသတကြီး ပြောဆိုနေပုံရသည်။ အခြေအနေ မဟန်သဖြင့် ကျွန်မလဲ ဆေးရုံေ၇ာက်သည့် အထိ ဘာတခွန်းမှ ထပ်မပြောတော့။ 
ခရီးသည်ကို ဂရုတစိုက် မရှိသည့် သူ့ အပြုအမူကြောင့် အမြင်ကတ်သဖြင့် ကားပေါ်မှ ဆင်းခါနီး ငွေရှင်းတော့ သူ့ အတွက် Tip money့  (အမေရိကန်ပြည်ထောင်စုမှာ စားပွဲထိုးများ၊ ဒရိုင်ဘာများကို သူတို့  ၀န်ဆောင်မှု အတွက် သီးသန့် ထပ်ပေးရသည်) ကို ပုံမှန်ထက် လျော့ပြီး ပေးလိုက်သည်။
ဒီလိုနဲ့ အလုပ်ထဲရောက်ပြီး နာရီ အနည်းငယ်ကြာမှ ကျွန်မ Iphone ပါမလာမှန်း သတိထားမိသည်။ မှတ်မှတ်ရရ ကားပေါ်ကဆင်းခါနီး ကုတ်အင်္ကျီထဲ ထည့်လိုက်သည် ကို သတိရမိသည်။ လက်အိတ်တွေ စွပ်ထားတော့ ပစည်းတွေ ကို ကိုင်လျှင် သိပ်မမိချင်။ အိတ်ထောင်ထဲ မ၀င်ပဲ ကားကြမ်းခင်းပေါ် ကျသွားတာ ဖြစ်နိုင်သည်။
ဖုန်းက ၀ယ်ထားတာ ၂ ရက်ပဲရှိသေးသည်။ $600 ကျော်ပေးရသဖြင့် နှမြောလို့ မဆုံး။ မြို့  ပတ်ရထားဆိုရင်တော့ lost & found department ရှိပြီး ခရီးသည်များ ကျန်ခဲ့သည့် ပစည်းတွေ ကို သိမ်းထားပေးတတ်သော်လည်း တက်စီတွေပေါ်မှာတော့ ပြန်ရတာ သိပ်မကြားမိ။  
တခြား ခရီးသည်တွေ တက်ပြီး ယူသွားနိုင်သလို ထို အပေါက်ဆိုးဆိုးနဲ့ ဒရိုင်ဘာက မတွေ့ မိဘူးလို့ ညာပြီး ပြန်မပေးရင်လဲ ဘာမှ မတတ်နိုင်။ ငါ့ဘာသာ နှင်းတွေထဲ လမ်းလျှောက်လာခဲ့ရင် အကောင်းသား။ ခုတော့ ပိုစိတ်ညစ်ရပြီ။
မျှော်လင့်ချက်နည်းလှသော်လည်း မနက်က စီးလာသည့် ကားကုမီကို ကျွန်မဖုန်းလှမ်းဆက်လိုက်သည်။ ဖုန်းကိုင်သည့် အမျိုးသမီးက ဖုန်းကို အဆိုပါ ဒရိုင်ဘာက သိမ်းထားပေးကြောင်း ကျွန်မဆီကို ပြန်လာပေးမည့် အကြောင်း ပြောလာသည့် အခါ၊ ၀မ်းသာလုံးဆို့ ပြီး ကျွန်မ ဘာပြန်ပြောရမှန်း မသိအောင် ဖြစ်ရသည်။
မောင်မင်းကြီးသားက မနက်တုန်းက ဒေါသတကြီးနဲ့  အော်ဟစ်နေပေမယ့် ဒီလိုဆိုတော့ လဲ  သဘောကောင်းလှချည်လား။ ရိုးသားလှချည်လား လို့  တွေးပြီး သူ့ ကို Tip money ပေးဖို ပိုက်ဆံအိတ်ထဲ ကြည့်တော့ $50 တန် နှစ်ရွက်ကျန်သေးတာ တွေ့ သည်။ တစ်ရွက်ကို ကွန်ပျူတာအိတ်ထဲ ပြောင်းထဲလိုက်ပြီး ကျန်တရွက်ကို ဗိုက်ဆံအိတ်ထဲ ထည့်ထားလိုက်သည်။ သူ့ ရှေ့ မှာ ဗိုက်ဆံထုတ်ပေးရင် ကျွန်မ မှာရှိသလောက် ပေးလိုက်သည် လို့ သူမြင်သွားအောင်ဖြစ်သည်။
ကြိုတင် ပြင်ဆင်ထားသည့် အတိုင်း ကျွန်မက ဖုန်းကို သိမ်းထားပေးသည့် အတွက်ရော ပြန်လာပို့ ပေးသည့် အတွက်ပါ  ကျေးဇူးတင်ကြောင်း ပြောပြီး သူ မြင်အောင် ဗိုက်ဆံအိတ်သေးကို ဖွင့် ပြီး ပိုက်ဆံထုတ်လိုက်တော့ “မယူပါဘူး၊ မင်းကို ဘုရားသခင်စောင့်ရှောက်ပါစေ” ဟု ဆိုသည်။
အသာအယာ မောင်းထွက်သွား သည့် ကားပြတင်းမှန်ပေါ်မှာ ထင်လာတဲ့ ကျွန်မရဲ့  ပုံရိပ်က….     
ရုပ်ဆိုးအကျည်းတန်မှုတွေ နဲ့ အံ့သြ မှင်သက်နေတဲ့ မျက်နှာ…
            ရှက်ရွ့ံသိမ်ငယ်မှုတွေ ပြည့်နေတဲ့ မျက်ဝန်း နဲ့ ….
               နှင်းတွေ ကြားမှာ အရည်ပျော်သွားတဲ့ အတ ပုံရိပ်တစ်ခုပြည့်လို့ နေတာကို  ကျွန်မတွေ့  လိုက်ရသည်။
ချစ်ခင်စွာဖြင့်
မစုဥာ
Thursday, March 6, 2014
နှလုံး ခုန်စေသူများ
မြန်မာပြည်နဲ့ ၁၀နှစ် ဝေးကွာခဲ့ချိန်မှာ၊ မြန်မာဆရာဝန်များ ကို “အသပြာ ဆရာဝန်များ” အဖြစ်နဲ့ အွန်လိုင်း သတင်းတွေ ဂျာနယ်တွေ က တဆင့် ကျွန်မထိတွေ့ ခဲ့ရသည်။
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ရဲ့  ဆေးရုံတွေမှာ “လူနာသာလျှင် အဓိက” ဆိုတဲ့ စနစ်ကို လေ့လာကျင့်သုံးနေရသည့် အတွက် မြန်မာဆရာဝန်များ၏ မှားယွင်း ကုသမှုတွေ၊ ဆေးရုံဝန်ထမ်းများ မောက်မာမှုတွေ စတဲ့ သတင်းဆိုးတွေကို ဖတ်ရတိုင်း ကျွန်မ စိတ်မကောင်း ဖြစ်မိသည်။
မြန်မာပြည်မှာ စေတနာဆရာဝန်တွေ တကယ်ပဲ မရှိတော့ဘူးလား..
ကိုယ်တိုင် နဖူးတွေ့ ဒူးတွေ့  လေ့လာခွင့်ရဖို့  အကြောင်းဖန်လာသည်။ “အမေ့ကို Pacemaker (ခေါ်) နှလုံးနှိုးဆွစက် တပ်ဆင်ဖို့  မန္တလေးဆေးရုံမှာ ခွဲစိပ် ကုသရမယ်” ဆိုတဲ့ သတင်းကြောင့် ပဲဖြစ်သည်။
နယူးယောက်မှာ တော့ ဒီလိုခွဲစိပ်မှုမျိုးကို အသေးစားခွဲစိပ်မှု တစ်ခုအနေနဲ့ သတ်မှတ်သော်လည်း (ကျွန်မ ထွက်လာခဲ့တဲ့ ၂၀၀၃ ခုနှစ် ၀န်းကျင်က) မြန်မာပြည်မှာ ဒီလိုခွဲစိပ်မှုမျိုးလုပ်နိုင်တာ မကြားဖူးခဲ့တော့ စိတ်ပူသည်။ “မန္တလေးပြည်သူ့  ဆေးရုံမှာ ခွဲစိပ်မယ့်စက်တွေ က ပုဂ္ဂလိက ဆေးရုံတွေလောက် ကောင်းပါ့မလား၊ ဆရာဝန်တွေ က ကျွမ်းကျင်မှု ရှိပါ့မလား”..စသဖြင့် ကျွန်မ ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်ခဲ့ရသည်။
အွန်လိုင်းပေါ်တက်ဖတ်ပြန်တော့..မြန်မာဆရာဝန်တွေ ကောင်းကြောင်းရေးထားတဲ့ အကြောင်း တစ်ပုဒ်မှမတွေ့ ။ အမေရိကန်ရောက် မြန်မာနှလုံးရောဂါကုဆရာဝန်တစ်ဦး ရေးထားသည့် ဆောင်းပါးတစ်ခုတွင် “မြန်မာနိုင်ငံသည် နိုင်ငံတကာအဆင့်မီ အဆင့်မြင့် နှလုံးအရေးပေါ် ကုသခန်းနှင့် MRI များကို တည်ထောင်ထားသော်လည်း ထိုကိရိယာများကို ကိုင်တွယ်နိုင်သည့် ကျွမ်းကျင်သူများ မရှိပါ” ဟု ရေးထားသဖြင့် ပိုပြီး စိတ်ပူရ၏။ (The Voice၊၂၀၁၃ ဇူလိုင်လ ထုတ်)
**********************************************************************************************************************************************************
ဒီလို နှင့် မန္တလေးဆေးရုံကြီး၏ နှလုံးရောဂါအထူးကုဌာနကို ကျွန်မ မျက်စိသူငယ်၊ နားသူငယ်နှင့် ရောက်သွားခဲ့သည်။
ဆေးရုံမှာ အသုံး ပြုနေသော နှလုံးနှိုးဆွစက် အမျိုးအစားများ ကို လေ့လာကြည့်တော့ Medtronic လို နာမည်ကြီး ကုမ္မဏီ က ထုတ်ထားသည့် စက်များ (နှလုံးအခန်းတစ်ခု အတွက်၊ အခန်းနှစ်ခုအတွက်၊ MRI အရိုက်ခံနိုင်သည့် စက် စသဖြင့်) အမေရိကန်နိုင်ငံထုတ် နှင့် အိန္ဒိယနိုင်ငံထုတ် စက်များ အသုံးပြုနေသည်ကို တွေ့ ရသည်။ Medtronic စက်တွေ က နိုင်ငံတကာ အဆင့်မီ ဆိုတော့ မဆိုးလှ။
ခွဲစိပ်မည့် ဆရာဝန်များက ပါမောက္ခဒေါက်တာဒေါ်သန်းသန်းကြိုင် နှင့် မကြာသေးမီက UK မှ ပြန်လာသည့် ဒေါက်တာ ကျော်စိုးဝင်း ဟုသိရသည်။ နှစ်ယောက်စလုံး နှလုံးအထူးကုများဖြစ်ကြပြီး ၊ ကျွမ်းကျင်မှုရှိလှသဖြင့် တချို့ လူနာများက အိမ်နီးချင်းနိုင်ငံများတွင် ခွဲစိပ်ဖို့ တတ်နိုင်သော်လည်း သူတို့ ပေါ် ပိုမို ယုံကြည်အားထားသဖြင့် မန္တလေးမှာပင်ခွဲကြသတဲ့။ ၀မ်းသာစရာပေါ့ ။
ဆရာဝန်တွေနဲ့ တွေ့ ဖို့ ထိုင်စောင့်နေတုန်း နံဘေးမှ အမျိုးသမီးတစ်ဦးက “ကြီးကြီးလဲ သမီးအမေလိုပဲ စက်ထည့်ထား တာလေ။ အဲဒါ ခွဲနေတုန်း မီးပျက်သွားလို့ ကြောက်လိုက်ရတာ” တဲ့..အားပေး၏။
သူ့  ကို ခွဲတာ လွန်ခဲ့တဲ့ နှစ်ကဆိုတော့၊ အခုရော မီးပျက်လေ့ရှိသေးလား၊ ဆေးရုံဝန်ထမ်းတွေကို ပြေးမေးရသေး၏။ "မရှိ၊ ပျက်လျှင် မီးစက်ရှိသည်" ဆိုတော့မှ သက်ပြင်းချမိသည်။
*******************************************************************************************************************************************************************************
ဒေါက်တာဒေါ်သန်းသန်းကြိုင်နှင့် တွေ့ သည့်အခါ၊ အဆိုပါဌာနတွင် နှလုံးနှိုးဆွစက် တပ်ဆင်ခြင်းသာမက နှလုံး သွေးကြောချဲ့ခြင်း၊နှလုံးအဆို့ ရှင်ချဲ့ ခြင်း၊ မွေးရာပါနှလုံးအပေါက်များ ပိတ်ခြင်း စသည့် နှလုံးရောဂါနှင့် ဆိုင်သည့် ခွဲစိပ်ကုသမှု အမျိုးမျိုးကို အောင်အောင်မြင်မြင် လုပ်ပေးနေကြောင်း သိရသည်။ အမေရိကန်ပြည်ထောင်စုရှိ ဆေးရုံ အချို့  တွင် မရှိသေးသည့် အရေးပေါ်နှလုံးသွေးကြောချဲ့ ခြင်း Primary PCI (Stent Placement ) ကဲ့သို့  ခွဲစိပ်မှုမျိုးကို ပင် နိုင်ငံခြားသားဆရာဝန်များ မပါပဲ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလမှ စ ပြီး ဆောင်ရွက်နေကြောင်း သိရသဖြင့် ကျွန်မ ချီးကျူး မိ၏။ ဒီလိုနှင့် အမေ့ကို မန္တလေးပြည်သူ့  ဆေးရုံမှာ ပဲခွဲဖို့  ဆုံးဖြတ်လိုက်သည်။
ခွဲစိပ်မှု အတွက် ကုန်ကျမည့် စားရိတ်များကို မေးမြန်းကြည့်သည့် အခါတွင် မတော့ ကျွန်မ အရမ်းကို အံ့သြမိသည်။
                    အမေရိကန်ပြည်ထောင်စု                                                   မန္တလေးဆေးရုံ
စက်ခ                                > ၄၅ သိန်း                                                ၂၅ - ၃၇ သိန်း
ဆရာဝန် ခ                          > ၁၀ သိန်း                                                အခမဲ့
မေ့ဆေးဆရာဝန်ခ                 > ၈ သိန်းခွဲ                                                အခမဲ့
(မိနစ် ၉၀ အတွက်သာ)
ဆေးရုံစားရိတ်                     > ၂၂၀ သိန်း                                             သီးသန့် ခန်းတစ်ရက်
(၅ ရက်စာအတွက်) 1 သောင်း -------------------------------------------------------- -----------------
                                       စုစုပေါင်း ၂၅၀ သိန်းနှင့် အထက်                      ၂၇ သိန်းနှင့် အထက်
-----------------------------------------------------------------------------------------------------------------
(health care bluebook ခေါ် အမေရိကန်ပြည်ထောင်စုရှိ ကျန်းမာရေးစောင့်ရှောက်မှု အတွက် အနိမ့်ဆုံး ကုန်ကျမှု စားရိတ်များ တွက်ပေးသည့် ၀က်ဆိုဒ်မှ စာရင်းအရ တွက်ချက်ထားခြင်းဖြစ်သည်။ ရွေးချယ်သည့် စက်အမျိုးအစား၊ ပြည်နယ်များရှိ ဆေးရုံအလိုက် ပေါ်မူတည်ပြီး ဈေးနှုန်းအပြောင်းလဲရှိသည်။)
အမေရိကန်ပြည်ထောင်စု နှင့် နှိုင်းစာလျှင် ဤခွဲစိပ်မှု အတွက် ကုန်ကျစားရိတ်က ၁၀ ဆ ခန့်  နီးပါး သက်သာ ၏။
အလားတူ ခွဲစိပ်မှု အတွက် အိမ်နီးချင်း နိုင်ငံများဖြစ်သည့် အိန္ဒိယ နိုင်ငံ တွင် သိန်း ၈၀ မှ ၂၀၀ ခန့် ၊ ထိုင်းနိုင်ငံ ဘန်ကောက်တွင် သိန်း ၅၅ မှ ၁၀၀ ထိ ကုန်ကျသဖြင့် ၊ ကျွန်မတို့ ဆီမှာ သက်သာနေသေးသည် ကို တွေ့ ရသည်။
သက်သာသည် ဆိုသော်လည်း၊ မြန်မာပြည်မှာက တခြားနိုင်ငံကြီးများကဲ့သို့  ကျန်းမာရေး အာမခံ ကုမ္မဏီများ (သို့  မဟုတ်) Medicaid,Medicare ခေါ် အစိုးရ က အကုန်ကျခံပြီး ကုသပေးသည့် စနစ်ကို မကျင့်သုံးနိုင်သေးပဲ၊ လူနာများက မိမိဘာသာ ကိုယ်တိုင်ကျခံရသဖြင့် ဤကုန်ကျစားရိတ်သည် လူနာတိုင်း အတွက်တော့ လက်လှမ်းမမီသေး။
ဘာပဲပြောပြော မြန်မာပြည်တွင်းမှာ အလားတူခွဲစိပ်မှုတွေကို ပိုမိုလုပ်လာနိုင်ပါက ပြည်ပနိုင်ငံများသို့  သွားရောက် ခွဲစိပ်မှု အတွက် နိုင်ငံခြားငွေ ဆုံးရှူံးမှုများလျော့ကျသွားနိုင်မည်ဟု မြင်သည်။
အမေ့ကို ခွဲစိပ်သည့်နေ့ မှာ နှလုံးခွဲစိပ်မှု အရေးတကြီးလိုအပ်နေပြီး ငွေကြေးမတတ်နိုင်သည့် လူနာ နှစ်ယောက်ကို ဌာနမှ အခမဲ့ ခွဲစိပ်ကုသပေးသည်ကို လည်း မြင်တွေ့  ခဲ့ရသည်။ ငွေကြေးမတတ်နိုင်သူများအတွက် နှလုံးနှိုးဆွစက် ကို အမေရိ ကန် ပြည်ထောင်စုမှ မြန်မာဆရာဝန်ကြီးတစ်ဦးက တနိုင်ပေးပို့ လှူဒါန်းနေသည်ဟုသိရသည်။
****************************************************************************************************************************
အမေကံကောင်းသည်ဟု ဆိုရမည်ထင်သည်။ နှလုံးရောဂါ ကြပ်မတ်ကုသဆောင် က ဆောက်လုပ်ပြီးခါစမို့ သစ်လွင်သည်။ ကြမ်းပိုးတွေ ဘာတွေ မရှိသေး။ မန္တလေးမှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက အသစ်ဆောက်လှူဒါန်းပေးသတဲ့။
အင်း..မြန်မာပြည်မှာတော့ ဆေးရုံအတွက် အဆောက်အဦးတွေ၊ စက်ပစ္စည်းတွေ ၀ယ်တာကို “အစိုးရ အလုပ်” ဟု မျက်နှာလွှဲ မနေကြ၊ တတ်နိုင်သူတွေ က ၀ိုင်းဝန်း လှူဒါန်းကြသည်။ မဆီမဆိုင်..လိုအပ်မှုတွေ ရှိတိုင်း၊ အဆင်မပြေမှုတွေ နှင့် ကြုံရတိုင်း အုပ်ချုပ်သူ အစိုးရ ကို ၀ိုင်းဝန်းပြစ်တင်ကြ၊ တရားစွဲကြသည့် အမေရိကန်လူမျိုးများကို ပြေးသတိရမိသည်။ သူတို့ ဆီမှာ အစိုးရက တာဝန်ယူလွန်း၊ အခွင့်အရေးတွေ ပေးလွန်းတော့..တာဝန်တွေ မျှယူဝေဖို့  မေ့လျော့နေသူတွေ ကများသည်။
တာဝန်မျှယူတတ်သည့် မြန်မာလူမျိုးတွေ ၏ ချစ်စရာ စိတ်ထားအလှကို ချီးကျူးမိ၏။
စေတနာရှင် တွေ ၀ိုင်းဝန်း လှူဒါန်းနေကြသည့်ကြားက ပြည်သူ့ ဆေးရုံသည် လိုအပ်မှုတွေ များပြားလှ၏။ ဆေးဝါးများ ကအစ ပလာစတာ က အဆုံး လူနာများကိုယ်တိုင် ၀ယ်နေရဆဲပင်ဖြစ်သည်။ နှလုံးခွဲစိပ်ကုသမှု အပြီး ၇ရက်တာ ထိုးရသည့် antibiotics က တစ်လုံးကို ခြောက်ထောင်ကျော် ၏။ နယ်ကနေ ဆေးလာကုဖို့ ခရီးစားရိတ်တောင် ငွေချေး လာရသည့် အတွက်၊ ဆေးဝါးများဝယ်ရမည့် စာရွက်လေးကို ကြည့်ပြီး ညှိုးနွမ်းနေသည့် သီလရှင် ဆရာလေးတစ်ပါး၏ မျက်လုံး မှိုင်းမှိုင်းတွေကို ကျွန်မ မြင်ယောင်နေဆဲ။
လက်လှမ်းမှီသလောက်၊ လှူနိုင်သလောက် ကို ကျွန်မ စိတ်လိုလက်ရ လှူဖြစ်ခဲ့ သည်။ အဲ..အလိုမတူပဲ လှူခဲ့ရသည် က သွေး။ တခြားလူနာကို တော့ မဟုတ် မန္ထလာ ခြင်များကို ဖြစ်သည်။
အမေ့ကို မခွဲမီတစ်ညနှင့်၊ ခွဲစိပ်ပြီး တစ်ညတွင် သီးသန် ခန်းမရသဖြင့်၊ ကျွန်မ အိပ်စရာနေရာမရ။ အမှီမပါသည့် ပထပ်စတစ်ခုံလေးပေါ်မှာ ထိုင်ရင်း၊ ယပ်တောင်တစ်ချောင်းဖြင့် ခြင်တွေကို ယပ်ခပ်ရသည်။ အရှောင် အတိမ်း တော်သော ရွှေမန္ထလာ ခြင်များက လစ်ရင်လစ်သလို ဆစ်ခနဲ၊ ဆစ်ခနဲ သွေးစုပ်သွားသည်။ ညနေစောင်းမှာပင် ကျွန်မ ခြေသလုံးတွေ၊ လက်မောင်းတွေ မှာ အဖုတွေ အပိန့် တွေ နှင့်။ ခြင်ဆေးခွေက အနံ့ ပြင်းသဖြင့် ထွန်းခွင့်မပြု။ “ခြင်ကိုက်ခံရတာများ အဆန်းလုပ်လို“့  ဆိုပြီး ပြောချင်သူတွေ ပြောကြ လိမ့်မည်။ အမေရိက မှာနေသည့် ၁၀ နှစ်တာ အတွင်း ခြင်ကိုက်ခံရသည့် အရသာ ကို ကျွန်မမေ့နေခဲ့တာ အမှန်။ ဆေးရုံထဲမှာ ခြင်ကိုက်ခံရလို့  သွေးလွန်တုပ်ကွေးဖြစ်သွားသူ လူနာရှိမရှိ ကျွန်မ မသိသော်လည်း ကာကွယ်ဆေး မထိုးထားသည့် အတွက် တွေးကြောက်သည်။ ဆေးရုံလို နေရာမျိုးမှာ (အထူးသဖြင့်) ခွဲစိပ်ပြီးခါစ လူနာတွေထားသည့် အခန်းတွေမှာတော့ ခြင်ကိုက် မခံသင့်တာအမှန်။ ဒီတော့ ညည မအိပ်ပဲ..အမေ့ကို သာမက၊ နံဘေးခုတင်မှ သီလရှင် ဆရာလေးကို ပါ လိုက်ပြီး ကျွန်မ ခြင်ခပ်ပေးသည်။
အမေဆေးရုံတက်သည့် ၁၀ ရက်တာ ကာလအတွင်း မန္တလေးပြည်သူ့ ဆေးရုံကြီး အတွင်းရှိ နှလုံးကုသဌာနမှ ဆရာဝန် ကြီးများ၊ ၀န်ထမ်းများကို ကျွန်မ သိကျွမ်းခွင့်ရခဲ့သည်။ ကျွန်မ အမြင်ကို ဘက်မလိုက်စတမ်း ရေးပါမည်။
"စေတနာ့ ၀န်ထမ်းများ "
--------------------------
ဒေါက်တာဒေါ်သန်းသန်းကြိုင်၊ ဒေါက်တာကျော်စိုးဝင်းတို့ ဦးဆောင်သည့် နှလုံးရောဂါကုဌာန မှ ၀န်ထမ်းများသည် စေတနာ့ ၀န်ထမ်းများဖြစ်ကြသည်။ လုပ်သင့်သည်ထက် ပိုအလုပ်လုပ်ကြသည် ဟုမြင်သည်။ အမေရိကန်ပြည်ထောင်စုမှာ ခွဲစိပ်ဆရာဝန်တစ်ဦးက တရက်လျှင် ခွဲစိပ်မှု ၂ခုမှ ၄ခု အထိသာလုပ်ကြသည်။ နှလုံးကဲ့သို့ အကြီးစားခွဲစိပ်မှုရှိပါက၊ တနေ့  တစ်ခုပဲ ခွဲနိုင်သည်။ အချိန်ပိုသွားလျှင် အချိန်ပိုကြေး ရကြသည်။ အမေ့ကို ခွဲသောနေ့ က ခွဲစိပ်လူနာ ရှစ်ဦးရှိသည်။သူတို့  တွေ ခွဲစိပ်ခန်းထဲမှာ မတ်တပ်ရပ်ပြီး၊ လူနာတစ်ယောက်ပြီး တစ်ယောက် ကို တနေကုန်ခွဲကြသည်။ အချိန်ပိုကြေး မရ၊ ခွဲစိပ်ကြေးသီးသန့်  ထပ်မရကြ။ အစိုးရပေးသော လစာကို သာရကြသည်။ တချို့  ရက်မှာ ခွဲစိပ်လူနာ ၁၂ ဦး ထိရှိသည် ဟုသိရသည်။
စနေ၊တနင်္ဂနွေ မှာလည်း ဆရာဝန်ကြီးတွေက အလုပ်ဆင်းသည်။ ခွဲထားသည့် လူနာများ အခြေအနေကို စိတ်ချရအောင် round လှည့်ကြပြီး မှ ကိုယ်ပိုင်ဆေးခန်းတွေဆီသွားကြသည်။
အမေ ဆေးရုံဆင်းခါနီးချိန်တွင် ဆရာဝန်တစ်ဦးချင်း၊ သူနာပြုဆရာမကြီးများတစ်ဦးချင်းဆီ အလှူငွေသွားပေးတော့ လက်မခံကြ။ ဆေးရုံမှာ တက်နေသည့် နွမ်းပါးသူများအတွက် စားရိတ်မျှပေးသည့် ရံပုံငွေထဲကို ပြန်ထည့်ကာ ကျွန်မကို ဖြတ်ပိုင်း ရေးပေးကြသည်။ စာသင်ခန်းမှာ လိုနေသည့် စားပွဲဝိုင်းကြီး အတွက်ဆိုပြီး သူတို့ ကို ပေးသော ငွေကို ပြန်လှူကြသည်။ ပြင်ပဆေးခန်းများတွင် အခကြေးငွေဖြင့် ကုသသော်လည်း ဒေါက်တာသန်းသန်းကြိုင်က “ဒီဆေးရုံကြီး မှာ လာပြီး ကုသမှုခံယူတဲ့ လူနာတွေဆီကနေ အလှူငွေမယူဖို့ အဓိဌာန်ထားတယ်၊ လိုအပ်တဲ့ လူနာတွေ ကို ဖြစ်ဖြစ် ဒါမှမဟုတ် ဌာနအတွက် ဖြစ်ဖြစ်ပဲ လှူသွားပါ” ဆိုသည်။ တခြားလူနာများကို မေးမြန်းကြည့်တော့ သူတို့ ထံမှလည်း မယူ ကြောင်း သိရသည်။
UK မှာ ဘွဲ့ လွန်ပညာသင်ပြီး၊ အလုပ်လုပ်ခွင့် ရသော်လည်း မြန်မာပြည်ကို ပြန်ဖို့ ဆုံးဖြတ်ခဲ့သည့် ဒေါက်တာ ကျော်စိုးဝင်းက “နိုင်ငံခြားမှာက အထူးကုဆရာဝန်ကြီးတွေ ပေါများ ပိုလျံနေပြီ၊ ကျွန်တော်တို့ ဆီမှာက မလုံလောက်သေး ဘူးလေ။ နိုင်ငံခြားမှာလောက် လစာ မရပေမယ့်၊ ဒီမှာက လူနာတွေရဲ့  အားကိုးယုံကြည်မှု၊ လေးစားမှုတွေ က ပိုတယ်၊ ဒါကြောင့် ပြန်လာခဲ့တာပါ”
…“နိုင်ငံခြားမှာ ပညာသင်ပြီး ပြန်လာတော့ စမ်းသပ်ကုသမှုစနစ်တွေ၊ နည်းပညာတွေ က ကွာခြားတဲ့ အတွက် ကျွန်တော် မနေတတ်၊မထိုင်တတ်သလို၊ ဘယ်သူ့ အပြစ်တင်ရမှန်းမသိသလို ဖြစ်ခဲ့ဖူးတယ်။ အခက်ခဲတွေ ရှိပေမယ့်လည်း လူနာတွေကို နေ့ စဉ်ကိုင်တွယ် ကုသနေရတဲ့ ကျွန်တော်တို့ ရင်ထဲက စေတနာက ပိုသွားတော့ ခက်ခဲမှုတွေက ပျောက်သွားတာပေါ့ ဗျာ” ဟုဆို၏။
ဒီလို ဆရာဝန်မျိုး၊ ၀န်ထမ်းမျိုးတွေ အကြောင်း အွန်လိုင်းသတင်းတွေမှာ မဖတ်မိခဲ့သော်လည်း အပြင်မှာ တကယ်ကြုံတွေ့  ခဲ့ရသည်။
"၀န်ထမ်းများထပ်မံခန့် အပ်ရန် လိုအပ် "
----------------------------------------
စေတနာ့ဝန်ထမ်းများ ဖြစ်သော်လည်း၊ ၀န်ထမ်းအရေတွက် မလုံလောက်သဖြင့် သူတို့ တွေ စိတ်ထဲ ရှိသလောက် မလုပ်နိုင်ကြ။ အမေ့ ကို သွင်းထားသည့် ပုလင်းကြီးမှ ဆေးကုန်သဖြင့် သွားခေါ်သော်လည်း ဆရာမများ အချိန်မီ မလာနိုင်သည့်အတွက် ကျွန်မ ဆွဲဖြုတ်လိုက်ရသည့် အခါတွေ ရှိခဲ့သည်။ ခွဲခန်းမှ ထုတ်လာသည့် လူနာကို ခုတင် ပေါ်တင်ခါနီးတွင်၊ ၀န်ထမ်းတစ်ဦးတည်း ရှိသဖြင့် ကျွန်မ အပါအ၀င် လူနာစောင့်များက ၀င်ကူခဲ့ရသည်။ စေတနာဖြင့် ၀င်ကူကြခြင်း ဖြစ်သော်လည်း စနစ်မကျပါက လူနာအတွက် ဘေးဖြစ်စေနိုင်သလို၊ “မ” သူ က ခါးနာသွားနိုင်သည်။ သန့်  ရှင်းရေးလုပ်သည့် ၀န်ထမ်းက အီးစီဂျီဆွဲဖို့ လာပြီး ပြင်ဆင်ရတာတွေရှိခဲ့သည်။
ထမီအနီဝတ် သူနာပြုဆရာမလေးတစ်ဦး၏ ပြောပြချက်အရ.. ညစောင့် ဆရာမ တစ်ဦး လျှင် အထပ် ၂ ထပ် တာဝန်ယူရကြောင်းသိရသည်။ တစ်ထပ်လျှင် လူနာ ၁၀ ဦးမှ ၁၂ ဦးရှိသည်၊ ၂ ထပ်ဆိုတော့ နှစ်ဆယ်ပဲထားဦး။ (နယူးယောက် မှ ဆေးရုံများတွင် သူနာပြုဆရာမ တစ်ဦး က တစ်ရက်လျှင် လူနာ ၆ယောက်မှ ၇ ယောက်သာ ကြည့်ဖို့  ကန့်  သတ်ထားသည်) သာမာန် ဆေးတိုက်၊ သွေးပေါင်ချိန်ပေးရလျှင် မထောင်းသာလှသော်လည်း အရေးပေါ် တစ်ခုခု ဖြစ်လာလျှင် သူတို့ ခမျာ ဒုက္ခ ရောက်ရသည်။ အပေါ်ထပ်မှာ ရှိနေစဉ်၊ အောက်ထပ်က ပုလင်းကြီး ဆေးကုန်လည်း လာမဖြုတ်နိုင် ဖြစ်ရသည်။ ဆရာမ နှင့် လူနာ အင်အားမမျှ သဖြင့် သူတို့ မှာ မနိုင်ဝန်ထမ်းနေကြရသည်။ နှလုံးဌာန မှာ အလုပ် လျှောက်လိုသည့် သူနာပြုများစွာ လျှောက်လွှာတင်ထားသော်လည်း ခန့် ဖို့ အထက်က အမိန့်  မကျဟုသိရသည်။
ဇန်န၀ါရီ ၃၁ ရက်က ကျင်းပသည့် ကျန်းမာရေးကဏ္ဍမြှင့်တင် ဆောင်ရွက်ရေးဆိုင်ရာ နွေးနွေးပွဲတွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက “ကျွန်တော်တို့ နိုင်ငံမှာ ဆရာဝန်ဦးရေ သုံးသောင်းဝန်းကျင် ရှိပေမယ့် သုံးပုံတစ်ပုံပဲ အစိုးရ၀န်ထမ်း အနေနဲ့ တာဝန်ထမ်းဆောင်နေတယ်” ဟု ပြောသွားသည်။ ဘွဲ့ ရပြီး ဆရာဝန်များ ပိုလျံနေသော်လည်း ကျွန်မတို့ ရှမ်းပြည်က ရွာ တော်တော်များများမှာ ဆရာဝန်မရှိသေး။ ရန်ကုန်က သူငယ်ချင်းဆရာဝန်တွေနဲ့ တွေ့  တော့.. အစိုးရဆေးရုံတွေမှာ ၀င်ဖို့ အတွက် ပို့ စတင်ကျဖို့ နှစ်ရှည် စောင့်ရင်း လင်ယူသားမွေးဖြစ်၊ NGO တွေမှာ ..ဆေးကုမ္မဏီ တွေမှာ ၀င်လုပ်သူတွေကလုပ်နေသည်ကို တွေ့ ခဲ့သည်။ ဒီပညာရှင်တွေသည် နှစ်ပေါင်းများစွာရင်းပြီး ဆေးပညာဘွဲ့ ကို ယူခဲ့ကြသည်။ အလုပ်မရသေးတာ သူတို့ အတွက်၊ နိုင်ငံတော် အတွက် ကြီးမားသည့် လူ့ စွမ်းအား အရင်းအမြစ် ဆုံးရှူံးနေသည် ဟု မြင်သည်။ ဒီပညာရှင်တွေ ပြည်ပထွက်သွားမှ ပြန်လာဖို့ လိုက်ခေါ်တာနဲ့ စာရင်၊ ခုကတည်းက ဦးနှောက်ယိုစီးမှု မဖြစ်အောင် တားဆီးသင့်သည်။
နိုင်ငံရေး စပ်ကူး မပ်ကူးကာလ အချိန်မို့ အုပ်ချုပ်သူ အစိုးရမှာ လာမယ့် ရွေးကောက်ပွဲအတွက်၊ ပြည်တွင်းစစ် ရပ်တန့်  ရေးအတွက်၊ လယ်ယာမြေ ပြသာနာများ စသဖြင့် ဦးစားပေးဖြေရှင်းရမည့် အရေးတွေကြောင့် ကျန်းမာရေးဝန်ထမ်းများ အလုပ်မခန့် နိုင်သေး ဆိုပြီး ဇောတက တက် ချင်သူများ ရှိလိမ့်မည်။ ဘယ်အစိုးရတက်တက် လူတွေရှိနေသရွှေ့  ဖျားနာကြမည်မှာ မလွှဲ။ ဖျားနာပြီးမှ ကုသတာထက်၊ မဖျားနာအောင် ကြိုတင်ကာကွယ်ခြင်းဖြင့် ကျန်းမာရေး စောင့်ရှောက်မှု အတွက် ကုန်ကျမှုကို သက်သာစေနိုင်မည်။ ကျန်းမာရေးစောင့်ရှောက်မှု ကို နိုင်ငံရေးနှင့် တန်းတူ အလေးထားပြီး ဆောင်ရွက်သင့်သည် ဟုမြင်သည်။ မန္တလေးပြည်သူ့ ဆေးရုံကြီး နှလုံးရောဂါဌာနလို နေရာမျိုးမှာ ဆရာဝန်များ၊ သူနာပြုများ ထပ်မံခန့်  ထားပေးနိုင်ပါက လူနာများအတွက် ပိုမို ထိထိရောက်ရောက် ကုသပေး နိုင်လိမ့်မည်ဟုမြင်သည်။
အမေရိက ကို ပြန်ရောက်လာတော့ မိတ်ဆွေများက သူတို့ ဖတ်ထားရသည့်သတင်းတွေထဲက အသပြာဆရာဝန်တွေ အကြောင်း၊ မှားယွင်းကုသမှုတွေ အကြောင်း ပြောပြသည့်အခါ ကျွန်မ ကလည်း ကျွန်မတွေ့ ခဲ့သည့် စေတနာ ဆရာဝန်များနှင့် ၀န်ထမ်းများအကြောင်း ပြန်ပြောပြလိုက်သည်။
တချို့ ကလည်း မယုံကြ။
ဘာပဲပြောပြော..လွန်ခဲ့သော သုံးလခန့် က တစ်မိနှစ်ကို အကြိမ် ၃၀ သာ ခုန်ပြီး၊ အလုပ်ကောင်းကောင်း မလုပ်သဖြင့် စိုးရိမ်စရာဖြစ်ခဲ့သည့် အမေ့  နှလုံးသည်..အခုတော့ တစ်မိနှစ်ကို အကြိမ် ၆၀ ခုန်ပြီး အလုပ်ကောင်းကောင်းလုပ်နေပြီဖြစ်သည်။
(မတ်လ ၃၀ ရက်နေ့ တွင် ကျရောက်မည့် National Doctors Day အတွက် အမှတ်တရ)
မစုဥာ
Thursday, October 3, 2013
မအိပ်တဲ့ မြို့ ကလေး
Photo by: Yan Aung
 ဂျူတီကုတ် ကို ချွတ်ပြီး သက်ပြင်းရှည် တစ်ချက် ကို ချ လိုက်ပေမယ့် အမောတွေ က ပြေမသွားဘူး။
ကင်ဆာ ဝေဒနာသည်တွေရဲ့ နာကျင်စွာ ညည်းတွားသံတွေ၊ ပိုက်တန်းလန်းနဲ့  ခလေးငယ်တွေ။ .. ဆေးရုံဝန်ထမ်းတွေ ကို မကျေမနပ် ပြစ်တင်ပြီး၊ မန်နေဂျာနဲ့ စကားပြောမယ် ဆိုနေတဲ့ လူနာပိုင်ရှင် မိသားစု တစ်စု၊ နံဘေးမှာ အဆက်မပြတ် မြည်နေတဲ့ ဖုန်း စတဲ့ လုပ်ငန်းခွင် က အမောတွေ ကြောင့်၊ အလုပ်ပြီး သွားပေမယ့် ကျွန်မစိတ်တွေ ပေါ့ ပါးမနေဘူး။
အိမ်ပြန်ဖို့ စဉ်းစားမိပေမယ့် “ကြွက်တွင်း သာသာလောက် ရှိတဲ့ အခန်းကျဉ်းထဲ … တယောက်တည်း ငေါင်တောင်တောင်နဲ့  နေမယ့် အစား၊ မရောက်တာကြာတဲ့ မြို့ ထဲ ဘက်ကို သွားမယ် လို့  ဆုံးဖြတ်ပြီး ထွက်ခဲ့တယ်။
****************************************************************************************
ကျွန်မ နေတဲ့ မြို့ ကလေး ကို ဘယ်တော့မှ မအိပ်တဲ့မြို့ (the city that never sleeps) လို့ ခေါ်ကြတယ်။ အများပြည်သူသုံး ကားတွေ၊ ရထားလိုင်းတွေ က ၂၄ နာရီ ပြေးဆွဲ ပေးနေပြီး၊ ညမှာဆို လျှပ်စစ်မီးတွေ ထိန်ထိန်ညီးလို့ ၊ လမ်းမတွေ ပေါ်မှာ လူတွေကလဲ မပြတ် သွားလာ နေတာကြောင့် အဲဒီလို တင်စားခေါ်တယ် နဲ့ တူပါရဲ့ ။
မအိပ်တဲ့မြို့ ကလေးမှာ အတည်တကျ နေထိုင်ဖို့ မဆုံးဖြတ်နိုင်ခင်က နယူးဂျာစီ နဲ့ ဝါရှင်တန်ဒီစီ မှာ ကျွန်မ သွား နေကြည့်ပါသေးတယ်။ သွားရေး၊လာရေး အတွက် ကားမ၀ယ်နိုင်ရင် ကြာရှည် မရပ်တည်နိုင်တာ က တကြောင်း၊ အလုပ် အကိုင်ရှာဖွေရတာ ခက်ခဲတာက တကြောင်း ကြောင့် ကြာရှည် မနေနိုင်တော့ပဲ နောက်ဆုံး ဒီမြို့ ကလေးကို ပဲ ကျွန်မ ရွေးချယ်ဖြစ်ခဲ့တယ်။
အစပိုင်းမှာ လူရှုပ်ရှုပ်၊ ကားရှုပ်ရှုပ်နဲ့ မြို့ လေး က ကျွန်မ အတွက် မျက်စိနှောက်စရာ ဖြစ်နေခဲ့ပေမယ့်၊ ကြာတော့လည်း ကျင့်သား ရသွားတယ်။ မိုးလင်းရင် အလုပ်သွား၊ မိုးချုပ်ရင် အိမ်ပြန်နဲ့ တခြား မြို့ သူမြို့  သားတွေ လိုပဲ ကျွန်မ သံပတ်ရုပ်တစ်ခုလို လှုပ်ရှားတတ်လာခဲ့တယ်။
ရုပ်ရှင်ဇာတ်ကားတွေ ထဲမှာ မကြာခန မြင်ရတဲ့ အတိုင်း မြို့ လေး က ခေတ်မီတိုက်တာ ကြီးတွေ နဲ့  ခပ်ဆန်းဆန်း လှပါတယ်။ Manhattan ခေါ် မြို့ လယ်ကောင် ရဲ့ ဘေး ပတ်ပတ်လည် မှာ ရေတွေ ၀န်းရံလို့ ။ ပုံစံ ခပ်ဆန်းဆန်းနဲ့  ဆောက်ထားတဲ့ အဆောက်အဦးတွေ က သူ့ ထက်ငါ မြင့်သထက် မြင့်အောင် နေရာယူလို့ ။ အရပ်ပုတဲ့ ကျွန်မ အတွက် တချို့  မိုးမျှော် အဆောက်ဦးတွေ ရဲ့ ထိပ် ကို မြင်ရဖို့ နောက်ကို လှန်ကျတော့ မတတ် မော့ကြည့်ရတဲ့ အထိပဲ။
အတွေးတွေ နဲ့ လမ်းလျှောက်လာရင်း …လျှပ်စစ်မီးတွေ ထိန်ထိန်ညီးနေတဲ့ Times Square နားကို ရောက်လာတယ်။