မုန်တိုင်းမကျခင် တစ်ပတ်လောက် က စပြီး မုန်တိုင်းကျမယ့် အကြောင်း၊ ဆိုးဝါးပြင်းထန်မယ့် မုန်တိုင်း တစ်ခုဖြစ်ကြောင်း သတိပေးကြေငြာချက်တွေ၊ ကြိုတင်ပြင်ဆင်မှုတွေ နဲ့  အမေရိကန် အရှေ့  ဘက်ခြမ်းမှာ လှုပ်လှုပ်ရှားရှားဖြစ်လို့ နေခဲ့ပါတယ်။ နှင်းမုန်တိုင်းတွေ နဲ့  ယဉ်ပါးနေတဲ့ ကျွန်မတို့  နယူးယောက်က လူတွေ အတွက်တော့ ဟာရီကိန်း ဟာ အထူးအဆန်းတစ်ခု ဖြစ်လို့ နေခဲ့ပါတယ်။ စားစရာတွေ ပဲ ပြေးဝယ်ရတော့မလိုလို၊ မီးပျက်ရင် ရေခဲသေတွာက သုံးမရဖြစ်မှာမို့  မ၀ယ်ပဲ နေဖို့  ပြောသူကပြော၊ ရေကြီးမယ်လို့ ကြေငြာနေတော့ သုံးရေမပျက်အောင် ရေတွေ ကြိုခံထားရမလားနဲ့  ဖြစ်ကုန်ကြတယ်။
(ကြိုတင်ခန့် မှန်းထားတဲ့ အတိုင်း ဟာရီကိန်း စင်ဒီဟာ သမိုင်းဝင်ပျက်စီး ဆုံးရှူံးမှုတွေ ကို ထားခဲ့ပါတယ်။ နယူးယောက်မြို့ လယ်အထိ ရေတွေ တက်လာပြီး၊၂၄ နာရီပြေးဆွဲပေးတဲ့ ရထား၊ဘတ်(စ်)ကားတွေ အားလုံးရပ်ဆိုင်းခဲ့ရသလို၊ နယူးယောက် တမြို့ ထဲမှာ တင် အိမ်ခြေပေါင်း၂.၅ သန်း ကျော် လျှပ်စစ်မီးပျက်တောက်ခဲ့ပါတယ်၊ မီးမလာရင် heater သုံးလို့  မရတဲ့ အတွက် အအေးဒဏ် ကို အလူးအလိမ့် ခံနေကြရပါတယ်၊ အိမ်ပေါင်း ၁၀၀ကျော်မီးလောင်ပျက်စီးခဲ့ ပြီး၊ အိမ်တွေတော်တော်များများပျက်စီးခဲ့ပါတယ်။ အခုဒီစာရေးချိန်မှာ မုန်တိုင်းပြီးလို့ ၆ ရက်မြောက်နေ အထိ မီးပြန်မရသေးတဲ့ အိမ်ခြေပေါင်း ၁.၂ သန်းကျော်ကျန်နေဆဲပါ။ဆေးရုံ ၃ခု မှာ မီးမရတဲ့ အတွက် လူနာတွေ ကို အရေးပေါ် ရွှေ့  ပြောင်းနေရဆဲဖြစ်ပြီး၊ မြို့ ပတ်ရထားများ အနည်းငယ်သာပြန်လည် ပြေးဆွဲနိုင်ပါသေးတယ်။)
အဲဒီနေ့ မနက်မှာ မြို့ ပတ် ရထားတွေ နဲ့  ဘတ်(စ)ကားတွေ ကို နေ့ တပိုင်းပဲပြေးဆွဲမယ့်အကြောင်း၊ အရေးပေါ်အခြေအနေမို့  အိမ်ထဲမှာပဲနေကြဖို့  တီဗီသတင်းတွေ ကနေ အဆက်မပြတ် ကြေငြာချက်တွေ ထုတ်ပြန်နေခဲ့တာမို့ နယူးယောက်မြို့ ရဲ့ လမ်းတွေ ပေါ်မှာ လူမရှိ သလောက်ဖြစ်ခဲ့ပါတယ်။အများစုက ၃-၄ရက်စာ ထားဖို့ အစားအစာတွေ ပြေးဝယ်ကြလို့  စတိုးဆိုင်တွေမှာ ရောင်းစရာ မရှိသလောက်ဖြစ်ကုန်ပါတယ်။ ရံပုံငွေပွဲ လုပ်တဲ့ Queen အရပ် နဲ့  ဝေးတဲ့ နေရာက မြန်မာတွေ၊ နယူးဂျာစီ နဲ အနီးအနား မြို့ က မြန်မာတွေ လဲ မလာနိုင်ခဲ့ကြပါဘူး။ ပွဲလုံခြုံရေးတာဝန်ယူပေးသူတွေ ကလဲ သတ်မှတ်ထားချိန်အတိုင်း လုပ်ခွင့်မပေးတော့ပဲ အခမ်းအနားကို စောစောသိမ်း ခိုင်းတာမို့  ရံပုံငွေပွဲ ကို မုန်တိုင်းမကျခင် နာရီပိုင်းအလို အတွင်းမှာ ကသိုက်ကရိုက် ကျင်းပခဲ့ကြပါတယ်။
အဆိုပါ ရံပုံငွေပွဲ ကို ပရိသတ် ၁၂၀ ခန့် တက်ရောက်ခဲ့ကြပြီး၊ မြန်မာ့အစားအစာ ဈေးရောင်းပွဲ၊ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ ဂီတပညာရှင် ကိုရဲလွင် နဲ့  ဆောင်းဦးလှိုင်တို့ ရဲ့  လူမှုရေးလုပ်ငန်းများဆိုင်ရာ ဟောပြောပွဲ၊ နယူးယောက် က မြန်မာလူငယ်တွေ ရဲ့  Exit တေးဂီတအဖွဲ့ ဖျော်ဖြေပွဲ စတဲ့ အစီအစဉ်တွေ ပါဝင်ခဲ့ပါတယ်။
သတ်မှတ်ထားချိန် ပြည့်အောင် ပွဲကျင်းပခွင့် မရ ခဲ့ပေမယ့်..
ကောင်းကင်တခုလုံး မဲမှောင်နေ ပြီး မုန်တိုင်းကျဖို့ နာရီပိုင်း
အလို ဖြစ်ခဲ့ ပေမယ့်…
အမေရိကန်ပြည်ထောင်စုရဲ့ သမိုင်းဝင် စင်ဒီ မုန်တိုင်းအတွက်
သတိပေးချက်တွေ အဆက်မပျက် ထုတ်လွှင့်နေတဲ့ မုန်တိုင်းကြို ကာလ မှာ …
ကိုရဲလွင်၊ ကိုဆောင်းဦးလှိုင်တို့ နဲ့ အတူ ပွဲလာ ပရိသတ်တွေ
ရဲ့  “အရှူံးမပေးနဲ့  မီးငယ်ရေ” သီချင်းသံက
ကျယ်ကျယ်လောင်လောင် ပျံ့ လွှင့်လို့ နေခဲ့တယ်။
အမေရိကန် အရှေ့ ဘက်ခြမ်း နယူးယောက်မြို
့ ကနေ ဟိုး…ရခိုင်ပြည်နယ် နဲ့  ကချင်ပြည်နယ် ဒေသတွေ အထိ...ရည်မှန်း..ပျံ့လွှင့်လို…။
ပန်းခရမ်းပြာရဲ့ အိပ်မက်တွေထဲမှာ ဒီအိပ်မက် က အချိုဆုံး အိပ်မက်များဖြစ်နေမလား....
မစုဥာဏ်
ပြည်သူ့ ဂုဏ်ရည်အသင်းက ကြီးမှူးကျင်းပတဲ့ ပန်းခရမ်းပြာ ၏ အိပ်မက်များ(ပုံ-မနန်း) |
ချောအိသိမ်း၊ကိုရဲလွင် နဲ့  ဆောင်းဦးလှိုင် တို့ ရဲ့ အဆို (ပုံ-မနန်း) |
အခုချိန်ထိ ပန်းခရမ်းပြာအဖွဲ့ က လူမှုရေးရံပုံငွေ အတွက် သိန်းပေါင်း တစ်ထောင် ကျော် လှူဒါန်းခဲ့ပြီးဖြစ်ကြောင်းသိရပါတယ်။ (ပုံ-မနန်း) |
ပန်းခရမ်းပြာရဲ့ အိပ်မက်တွေ ကို ခံစားနေတဲ့ ပရိသတ်များ (ပုံ-ကိုဇော်မင်းသိန်း) |
ပုံ-ကိုဇော်မင်းသိန်း |
ရှမ်းခေါက်ဆွဲ နဲ့  ရှမ်းငါးထမင်းချဉ်ရောင်းနေတဲ့ နယူးယောက်က ရှမ်းတိုင်းရင်းသားများ (ပုံ-ကိုဇော်မင်းသိန်း) |
မုန်တိုင်းကို နောက်မှ စိတ်ပူမယ်၊ ခုတော့ ပန်းခရမ်းပြာရဲ့ အိမ်မက်ကို အားပေးဦးမယ် ဆိုတဲ့ ပရိတ်သတ်များ(ပုံ- မနန်း) |
မချောအိသိမ်း၊ကိုရဲလွင်၊ကိုဆောင်းဦးလှိုင် နဲ့  ဆရာမသန်းမြင့်အောင် (ပုံ-မနန်း) |
No comments:
Post a Comment
ဖတ်ပြီးရင် မှတ်ချက်ပေးသွားဖို့  ဖိတ်ခေါ်ပါတယ်။